သွေးလွန်တုပ်ကွေးအန္တရာယ် (Dengue)

၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာ ၁၇ ရက်အတွင်း   တစ်နိုင်ငံလုံးသွေးလွန်တုပ်ကွေးဖြစ်သူ ၇၈၃၅ ကျော်၊ သေဆုံးသူ ၃၁ ဦးရှိလာရာ ဇူလိုင်လဆန်းကစလို့ လာမယ့်ရက်သတ္တပတ်အတွင်း ရောဂါဖြစ်နှုန်းမြင့်လာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတိပေးနှိုးဆော်ခဲ့တယ်။ သွေးလွန်တုပ်ကွေးဖြစ်နှုန်းမှာ  မွန်ပြည်နယ်က ဒီနှစ် မြင့်မားကာ ပထမခုနစ်လမှာ ဖြစ်ပွားမှု ၂၂၆၄ ကျော်ရှိရာ သေဆုံးသူ သုံးဦးရှိခဲ့တယ်။ မွန်ပြည်နယ်ဟာ၂၀၁၅ ခုနှစ်မှာဖြစ်ပွားသူ ၅၀၀၀ ဦးထိစံချိန်တင်မြင့်ခဲ့တယ်။ သွေးလွန်တုပ်ကွေး က  တစ်နှစ်ခြား  သို့မဟုတ်  နှစ်နှစ်ခြားတစ်ကြိမ်ကပ်အသွင်ဖြစ်လေ့ရှိတယ်။ ဒီနှစ်မှာ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ တနင်္သာရီ၊ မွန်တို့မှာ အများဆုံးဖြစ်ပွားခဲ့တယ်။

သွေးလွန်တုပ်ကွေး (Dengue) က အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပြီး  အသက် ၁၅ နှစ်အောက်ကလေးတွေမှာ အဖြစ်များတယ်။  ယခုနှစ်မှာ အသက် ၁၅နှစ်အထက်လူငယ်များနှင့်  အသက်၄၀မှ ၈၀ကြား လူကြီးတွေမှာပါ ဖြစ်ပွားမှုများလာပြီး လူကြီးတွေမှာ ဖြစ်ပွားရင်  နောက်ဆက်တွဲဆိုးကျိုးပိုမိုများပြားကြောင်းနဲ့ ယခင်မြို့ပြဆန်တဲ့ နေရာတွေမှာ အဓိကဖြစ်ပွားပေမယ့် ယခုကျေးလက်ဒေသတွေမှာပါ ပျံ့နှံ့ဖြစ်ပွားလာကြောင်း သိရပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဟာ သွေးလွန်တုပ်ကွေးရောဂါပိုးသယ်ဆောင်ထားတဲ့ ခြင်ပုန်း (ခေါ်)ခြင်ကျား ကိုက်ခြင်း ကတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါဖြစ်တယ်။

ခြင်ပုန်း(ခေါ်) ခြင်ကျားဟာ ရေကြည်ရေသန့်မှာ ပေါက်ပွားတတ်ပြီး  နေ့အခါကိုက်လေ့ရှိလို့ကလေးငယ်တွေ နေ့၊ ညအိပ်တဲ့အခါတိုင်း ခြင်ထောင် ထောင်ပြီးအိပ်သင့်တယ်။

သွေးလွန်တုပ်ကွေးရောဂါလက္ခဏာတွေက ရုတ်တရက်ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ မျက်စိအောင့်ခြင်း၊ အန်ခြင်း၊ အနီစက်များထွက်ခြင်းတို့ ဖြစ်တတ်ပြီး နှစ်ရက်မှ လေးရက်အတွင်း အဖျားကြီးကာ အလွန်အမင်းဆက်တိုက်အန်ခြင်း၊ ဂနာမငြိမ်ခြင်း၊ မှိန်းနေခြင်း၊ ခြေဖျားလက်ဖျားအေးစက်နေခြင်း စတဲ့လက္ခဏာတွေဖြစ်လာရင် မိသားစုဆရာဝန်၊ ဆေးရုံမှ ဆရာဝန်၊ ဆေးရုံ ၊  ဆေးခန်းတွေမှာ သွားရောက်ကုသမှု ခံယူသင့်တယ်။

သွေးလွန်တုပ်ကွေးအတွက် ကာကွယ်ဆေး၊ ကုသဆေးမပေါ်သေးဘဲ  ရောဂါလက္ခဏာသက်သာစေဖို့သာ ကုသပေးနိုင်တယ်။ သွေးလွန်တုပ်ကွေးဖြစ်သူကို ဂရုစိုက်ပြီး   ရေများများတိုက်ဖို့လိုတယ်။ ဓာတ်ဆားရည်က ပိုမိုသင့်တော်တယ်။ နို့၊ ဟောလစ်၊ စွပ်ပြုတ်ရည်တိုက်နိုင်တယ်။ ကော်ဖီစတဲ့အညိုရောင် အရည်မတိုက် သင့်ပါဘူး။ အကိုက်အခဲပျောက်ဆေး၊ ကိုယ်ပူကျဆေးတွေ မတိုက်သင့်ဘဲ အဖျားကြီးရင် ရေဖတ်တိုက်ခြင်း၊ အဲကွန်းခန်းမှာ နေစေခြင်း၊ စအိုမှ ပါရာစီတမော့တောင့် ထည့်ပေးနိုင်တယ်။ အဖျားကြီးလွန်းရင် ရေချိုးပေးကာ တဘက်အပွကြီးနဲ့ သုတ်ပေးပြီး အင်္ကျီဘောင်းဘီဝတ်ပေးသင့်တယ်။  ရေဖတ်တိုက်ရမယ်။ အဝတ်ထူထူ၊ စောင်ထူထူအုပ်မပေးသင့်ဘူး။

ကလေးငယ်မှာ အဖျားကြီးလွန်းရင်၊ မှိန်းလွန်းရင်၊ အစားအသောက်၊ အရည်၊ ဓာတ်ဆားရည်မဝင်ရင်မိသားစု ဆရာဝန်နဲ့ ပြသင့်တယ်။  အစားအသောက်သို့မဟုတ် အရည်လုံးဝလက်မခံဘဲ ဆက်တိုက်အန်နေရင် ကော်ဖီအရောင် သို့မဟုတ် အမည်းရောင်ပါနေရင် ဆေးရုံတက်ဖို့ လိုအပ်တယ်။

အဖျားကျပြီး  လက်မောင်းနဲ့ခြေသလုံး  အလွန်အမင်း အေးစက်နေရင် ဆေးရုံအမြန်တက်ရမယ်။ ကလေးငယ်ဟာ ရေဓာတ်၊ သတ္တုဓာတ်လျော့ကျနေပြီး ရှော့ဖြစ်စေနိုင်တယ်။  ကျောင်းနေအရွယ်တွေဖြစ်ရင်၊ အတန်းဖော်တွေ သွေးလွန်တုပ်ကွေးကြောင့် ဆေးရုံဆေးခန်း တက်ရောက်ကုသခြင်းမျိုးရှိနေရင် မပေါ့သင့်ဘူး။  ဆရာဝန်နဲ့ပြရမယ်။

ဆေးရုံ၊ ဆေးခန်းရောက်ရင် ပထမအဆင့်ကုသမှုမှာ အရည်များများတိုက်ရမယ်။ ဓာတ်ဆားရည်၊ အညိုရောင်မပါတဲ့ ဓာတ်ဆားရည်၊ ဖျော်ရည်၊ နို့၊ ဟောလစ်၊ ဆန်ပြုတ်၊ စွပ်ပြုတ်၊ ထမင်းရည်များများ တိုက်သင့်တယ်။ အန်ရင်နားနားပြီးတိုက်သင့်တယ်။ လည်ပင်း၊ ချိုင်း၊ ပေါင်ခြံတို့မှာ  ရေအေးဖတ်ရေခဲဖတ်တင်သင့်တယ်။ ပါရာစီတမော့ဆေးပြား၊ ပါရာစီတမော့ဆေးရည်တိုက်နိုင်တယ်။

 မက်ကလောင်  မဖောက်သင့်ပါ။ လက်မောင်းမှာ သွေးပေါင်ချိန်ပြီး  အလယ်မှတ်မှာ ၅ မိနစ်ခန့်ချည်ကာ အနီကွက်ပေါ်မပေါ် စောင့်ကြည့်ရမယ်။ ကြိုတင်ကာကွယ်ခြင်းမှာ နေ့၊ ည ခြင်မကိုက်အောင်လုပ်ဆောင်ခြင်း ဖြစ်တယ်။ ရေသိုလှောင်တဲ့ ရေကြည်အိုးတွေ၊ ရေလှောင်ကန်တွေ လုံခြုံအောင် ဖုံးအုပ်ထားရမယ်။ ဘုရားစင်၊ ပန်းအိုးနဲ့အလှပန်းအိုး၊ ကြောင်အိမ်အောက်ရေခွက်တွေ နေ့စဉ်ရေလဲလှယ်ပေးသင့်တယ်။မိုးရေတင်နိုင်တဲ့ဘူးခွံ၊  ပုံးခွံ၊ တာယာစုတ်၊ အိုးခြမ်းပဲ့၊ ပလတ်စတစ်အိတ်၊ အုန်းမှုတ်ခွက်တို့ကို မီးရှို့ခြင်း၊ မြေမြှုပ်ခြင်းတို့ ပြုလုပ်ရှင်းလင်းသင့်တယ်။  အိမ်တွင်းအိမ်ပြင်သန့်ရှင်းထားရမယ်။    လေဝင်လေထွက် လေကောင်း လေသန့်ရဖို့နဲ့  အလင်းရောင်ရယူဖို့ ပြတင်းပေါက်ဖွင့်ထားရမယ်။   ကလေးငယ်တွေခြင်မကိုက်အောင်  အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ဆင်စေပြီး ခြင်ဆေးခွေထွန်းခြင်း၊ ခြင်ဆေးလိမ်းခြင်းတို့ လုပ်နိုင်တယ်။

ကျန်းမာရေးဝန်ကြီးဌာနက  ဆောင်ရွက်နေတဲ့ ကျန်းမာရေး အသိပညာပေးခြင်း၊  ခြင်လောက်လမ်း နှိမ်နင်းခြင်း၊ လိုအပ်ပါက ခြင်ဆေးမှုတ်ခြင်း၊ ပိုးလောက်လမ်းသေတဲ့အဘိတ်ဆေးခတ်ခြင်း၊  ဖုံးသွန်လဲစစ်ပေးခြင်း၊  ဒေါင်းငါးမွေးခြင်း၊ ခြင်ဆေးဖျန်းခြင်း၊  ခြင်ဆေးမှုတ်ခြင်းတို့ကို  ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့နဲ့  နေအိမ်သာမက စာသင်ကျောင်းတွေမှာပါ ခြင်နှိမ်နင်းရေးလုပ်ငန်း၊ သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေး အစီအစဉ်တွေ ပညာပေးခြင်း၊  လက်တွေ့လုပ်ဆောင်ခြင်းတို့   ပြုလုပ်ပေးသင့်တယ်။

သွေးလွန်တုပ်ကွေးအတွက်   ကာကွယ်ဆေး၊ ကုသဆေးမရှိသေးဘဲ ဆေးရုံတက်ရင် ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းကုသခြင်း၊ ဥပမာ ဓာတ်ဆားရည်တိုက်ခြင်း၊  ဒရစ်ချိတ်ခြင်း၊  သွေး  သို့မဟုတ် သွေးရည်ကြည်ချိတ်ခြင်းတို့လုပ်ဆောင်ကာ ဒုတိယကူးစက်ရောဂါ မဝင်နိုင်စေဖို့ ပဋိဇီဝဆေး (Antibiotics) တိုက်ကျွေးခြင်း၊ ထိုးနှံခြင်းတို့ ဆောင်ရွက်နိုင်တယ်။  ။

ဒေါက်တာလွင်သန့်