(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို လှိုက်လှဲစွာကြိုဆိုအပ်ပါသည်

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို လှိုက်လှဲစွာကြိုဆိုအပ်ပါသည်

ယခုနှစ်အတွင်း စာရေးသူအပါအဝင် ပြည်သူများနှင့်ကာလတစ်ခုကြာ ကင်းကွာနေခဲ့သည့် ပြည်တွင်း အားကစားပြိုင်ပွဲများ၊ သက်တမ်းအလိုက် ပြိုင်ပွဲများနှင့် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲများကို ရုပ်မြင်သံကြား အစီအစဉ်များမှတစ်ဆင့် ကြည့်ရှုခွင့်ရခဲ့ပါသည်။ တစ်ခေတ်တစ်ခါက စာရေးသူတို့နှင့်ရင်းနှီးခဲ့ဖူးသော ရုပ်သံအစီအစဉ်များကို  ပြန်လည်ကြည့်ရှုခွင့် ရရှိသည့်အတွက် ဟီရိသြတ္တပ္ပတရားများ လွှမ်းခြုံနေသည့် ကာလတစ်ခုကိုပင်   သတိရမိပါသေးသည်။

အမျိုးသားရေးနှင့်နိုင်ငံရေးကို ရှုထောင့်ကွဲဆင်ခြင်တုံတရား အားနည်းသူများက ကိုယ့်နိုင်ငံတွင် အိမ်ရှင်အဖြစ် ခမ်းနား ထည်ဝါစွာကျင်းပခဲ့သော (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ   အားကစားပြိုင်ပွဲပုံရိပ်များကို  ပြည်ဖုံးကားချခဲ့ကြသည်။ သို့သော်လည်း အမျိုးသားရေးစိတ်ဓာတ်အပြည့်ဖြင့် တိုင်းပြည်ကို အမှန်တကယ်ချစ်သည့် အစိုးရများက  အမှတ်ရဖွယ် မြန်မာ့အားကစားအောင်မြင်မှုများနှင့် ကိုယ့်နိုင်ငံ၏ အားကစားအဆင့်အတန်းများကို ပြည်သူတို့သိရှိအောင် ရုပ်သံအစီအစဉ်များမှတစ်ဆင့် ပြန်လည်တင်ဆက် ပေးလျက်ရှိသည့်အပြင် ရိုးရာယဉ်ကျေးမှုများကို မပျောက်ပျက်စေရေးအတွက်လည်း ဘက်စုံထောင့်စုံမှ ကြံဆလျက်ရှိရာ ယခုဆိုလျှင် စာရေးသူတို့နှင့်ကာလတစ်ခုကြာ ကင်းကွာခဲ့သည့်အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို မကြာမီအချိန်အတွင်း ကျင်းပတော့မည်ဖြစ်ပေသည်။

တိုင်းရင်းသားပြည်သူအပေါင်းအတွက် အမျိုးသားရေးကိုယ်ခံစွမ်းအားကြံ့ခိုင်စေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည့်အတွက် အမျိုးသားရေးအားဆေးတိုက်ကျွေးသော ပွဲကြီးဟုပင် ဆိုနိုင်ပါသည်။ မကြာမီ ကျင်းပတော့မည့် (၂၃)ကြိမ်မြောက်  မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၏ ဦးတည်ချက်များအား-(က)အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ (ခ)တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအနုပညာ အမွေအနှစ်များ၊ အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်စေရန်ဖော်ထုတ်၊ ထိန်းသိမ်း၊ မြှင့်တင်

ရေး၊ (ဂ)အမိနိုင်ငံတော်ကို ချစ်မြတ်နိုးသည့်စိတ်ဓာတ်   ပိုမိုထွန်းကားစေရန် ရိုးရာယဉ်ကျေးမှု   အနုပညာများကို ဖော်ထုတ်ထိန်းသိမ်းပြီး မျိုးဆက်သစ်လူငယ်များသို့ လက်ဆင့်ကမ်းပေးနိုင်ရေး၊ (ဃ)ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် ယဉ်ကျေးမှုကဏ္ဍမှ  အထောက်အကူပြုနိုင်ရေးဟူသည့် အချက်(၄)ချက်ဖြင့်   ချမှတ်ထားသည်ကို  တွေ့ရှိရပါသည်။

(က)အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးယဉ်ကျေးမှုသည် တိုင်းပြည်တစ်ခုတွင်ရှိသည့် တိုင်းရင်းသားလူမျိုး အပေါင်း၏ နှလုံးသားဟု  တင်စားတတ်ကြသည်။

ထိုသို့တင်စားရန်အတွက်လည်း လုံလောက်သော  သမိုင်းအထောက်အထားများက မှတ်တမ်းအဖြစ်  သမိုင်းစာမျက်နှာအသီးသီးတွင် ကျန်ရစ်ခဲ့ပြီးဖြစ်ပါသည်။ စာရေးသူတို့ မှီတင်းနေထိုင်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးသည် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များစွာ ပိုင်ဆိုင်ခဲ့သည့်အထောက်အထားများစွာ ရှိနေပါသည်။ အိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ်ထိစပ်မှုကြောင့် လူမှုရေး၊ စီးပွားရေး၊   ဘာသာရေးကဏ္ဍများ အနည်းငယ် ရောထွေးယှက်တင်ရှိခဲ့သည့်တိုင် မြန်မာ့ဟန်မြန်မာ့သဏ္ဌာန်ဖြင့်သာ ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့် ရှောက်ခဲ့သည်ကို   တွေ့ရှိရပေသည်။

ဗိဿနိုး၊ သရေခေတ္တရာ၊ ဟန်လင်းစသော ပျူမြို့ပြနိုင်ငံများ၏  သမိုင်းအထောက်အထားအပြင် ရခိုင်ဝေသာလီနှင့် မွန်တို့၏ သုဝဏ္ဏဘူမိမြို့ပြနိုင်ငံများကို လေ့လာ ကြည့်ရာတွင်လည်း ထိုခေတ်အခါကယဉ်ကျေးမှုအဆင့်အတန်းများကို တွေ့ရှိခဲ့ရပါသည်။

ထိုဒေသများမှ   တူးဖော်ရရှိသော အရာဝတ္ထုများကို သုတေသနပြုကြရာတွင် ပုတီးနားတောင်း၊   လက်စွပ်အဆင်တန်ဆာများမှတစ်ဆင့် ပျူတို့၏လယ်ယာလုပ်ငန်းအကြောင်း၊ ပန်းပဲ၊ ရက်ကန်းနှင့် အိုးလုပ်ငန်းများအကြောင်းကို ဖော်ထုတ်နိုင်ခဲ့ပါသည်။ စေတီပုထိုးဘုရားကျောင်း ကန်များမှတစ်ဆင့် ခဲပြား၊ သံဖြူ၊ ကြေးပြားနှင့် ကြေးခတ်လုပ်ငန်းလည်းရှိခဲ့ကြောင်း   ဖော်ထုတ်နိုင်ခဲ့ကြပါသည်။ ရုပ်တုရုပ်ပွားများကြောင့် ကျောက်ဆစ်အတတ်ပညာ ထွန်းကားခဲ့သည်ဟု မှတ်သားနိုင်သည့်အပြင်  ဗိသုကာအတတ်ပညာများကိုပါ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ခဲ့သည် ကို တွေ့ရှိရမည်ဖြစ်ပါသည်။ မြှုပ်နှံထားသော ပျူငွေဒင်္ဂါးများ၊ ရေသွင်းရေထုတ်တူးမြောင်းများ၊ နံရံဆေးရေးပန်းချီအတတ်ပညာနှင့်အိုးခွက်ပေါ်မှ ဆေးရေးပညာရပ်များအပြင် အခြားသော တူရိယာ ဂီတအဆိုသုခုမပညာရပ်များ၏ အဆင့်အတန်းမြင့်မားခဲ့ပုံများကို လေ့လာသိရှိခဲ့ရပါသည်။

ယဉ်ကျေးမှုဟုဆိုရာတွင် ခေတ်၏အခြေအနေ၊ လူသားတို့ဝတ်စားဆင်ယင်မှု၊ ပန်းချီ၊ ပန်းပုလက်မှုအနုပညာလက်ရာများ၊ အဆို၊ အတီး၊ အက စသောသုခုမပညာရှင်များ၊ အရေးအသား အတွေးအခေါ်အမြော်အမြင် စသည့် စာပေရေးသားခြင်းဆိုင်ရာများနှင့် ရိုးရာဓလေ့ထုံးစံ ဘာသာအယူဝါဒ၊ ယုံကြည်မှုအပြင် လူနေမှုစနစ်များလည်း ပါဝင်လျက်ရှိနေပေသည်။  စာပေနှင့်ဆင်ယင်ထုံးဖွဲ့မှု၊ ပန်းချီ၊ ပန်းပုလက်မှုအတတ်ပညာများသည်လည်း အနုပညာဖြစ်၍ အဆို၊ အက၊ အရေး၊ အတီးပညာမှာ   သုခုမပညာရပ်ပင်ဖြစ်ပေသည်။ တစ်နည်းအားဖြင့် ထိုသုခုမပညာရပ်များသည်  တိုင်းရင်းသားလူမျိုးများ၏ဂုဏ်

သိက္ခာအဆင့်အတန်းကို  ဖော်ညွှန်းနေသောအရာများပင်ဖြစ်ချေသည်။ ကျွန်ုပ်တို့မှီတင်းနေထိုင်သော အမိနိုင်ငံတော်ကြီးတွင် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်မှစ၍ ပိုင်ဆိုင်ထားပြီးဖြစ်သည့် ယဉ်ကျေးမှု အမွေအနှစ်များနှင့်  အမျိုးသားရေး လက္ခဏာများကို ပျောက်ပျက်ဆုံးရှုံးမှုမရှိအောင် ထိန်းသိမ်း ကာကွယ်သွားကြရမည် ဖြစ်ပေသည်။

 (ခ)တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအနုပညာအမွေအနှစ်များ၊  အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်၊ ထိန်းသိမ်း၊ မြှင့်တင်ရေး          တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုးမှီတင်း နေထိုင်သည့်    စာရေးသူတို့ အမိနိုင်ငံတော်ကြီးတွင် လူမျိုးတစ်မျိုးနှင့်တစ်မျိုးအကြား ရှိကြသည့်မတူညီသည့် ရိုးရာယဉ်ကျေးမှုများကလည်း  စိတ်ဝင်စားဖွယ်ကောင်းလှပေသည်။ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလိုပင် သူ့အရပ် သူ့ဒေသအလိုက် အဆို၊ အက အရေး၊ အတီးပညာရပ်များနှင့်အခြားသော ဆိုရိုးစကားများ၊ ရာသီပွဲသဘင်များလည်း ရှိကြပေသည်။ မြန်မာတို့သည် ရန်အပေါင်းအောင်မြင်ရန်  အထိမ်းအမှတ်အဖြစ် သပြေပန်းကို ဆင်ယင်တတ်ကြသကဲ့သို့ ကချင်တွင် မနောတိုင်၊ ကယားတွင်ကိန္နရာ ကိန္နရီ၊ ကရင်တွင် ဖားစည်၊ ချင်းတို့က အောက်ချင်းငှက်နှင့်တောင်ဇလပ်၊ မွန်တွင် ဟင်္သာငှက်၊ ရခိုင်တို့သည်  သီရိဝစ္ဆပန်းဒင်္ဂါး၊ ရှမ်းတို့က ကျားခေါင်းနှင့်အိုးစည် စသည်တို့သည် တိုင်းရင်းသားလူမျိုးအသီးသီး၏ ကိုယ်ပိုင်ပြယုဂ်များပင်ဖြစ်ပါသည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းတို့၏အထက်ပါ အမျိုးသားရေးအထိမ်းအမှတ်သင်္ကေတများတွင် သက်ဆိုင်ရာ ရာဇဝင်အသီးသီးရှိကြပေသည်။ ထိုရာဇဝင်များမှတစ်ဆင့် တိုင်းရင်းသား အသီးသီးတို့၏ ရိုးရာယဉ်ကျေးမှုများကို စာရေးသူတို့သိရှိခွင့်ရခဲ့ပါသည်။ မည်သည့်တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များပင်ဖြစ်စေ အမိနိုင်ငံတော်အတွင်း မှီတင်းနေထိုင်သူများဖြစ်ကြသည့်အလျောက် We Are Myanmar တည်းဟူသော ခံယူချက်ဖြင့် အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများကို  ဖော်ထုတ်ထိန်းသိမ်းပြီး  မြှင့်တင်သွားကြရန်လိုအပ်ပေသည်။     

(ဂ) အမိနိုင်ငံတော်ကို ချစ်မြတ်နိုးသည့်စိတ်ဓာတ်  ပိုမိုထွန်းကားစေရန်  ရိုးရာယဉ်ကျေးမှုအနုပညာများကို ဖော်ထုတ်ထိန်းသိမ်းပြီး မျိုးဆက်သစ်လူငယ်များကို လက်ဆင့်ကမ်းပေးနိုင်ရေး စာရေးသူ ရုရှားနိုင်ငံတွင် ပညာတော်သင်ကျောင်းသားအဖြစ်  ရောက်ရှိစဉ်အခါက အာဖရိကကျောင်းသားတချို့သူတို့နိုင်ငံဝတ်စုံဖြင့် ကျောင်းတက်သည်ကိုတွေ့မြင်ခဲ့ရဖူးပါသည်။ စာရေးသူတို့ မြန်မာကျောင်းသားများကတော့ လွယ်အိတ်လွယ်၍ ကျောင်းတက်သည်မှအပ ပုဆိုးနှင့်တိုက်ပုံမဝတ်ခဲ့ကြပါပေ။ သူတို့ရိုးရာဝတ်စုံကို အမြတ်တနိုးဝတ်ဆင်ပြီး ကျောင်းတက်ခြင်းအတွက်  ကျေနပ်ဂုဏ်ယူနေသည့် အာဖရိကကျောင်းသားများကို စာရေးသူ တွေ့ခဲ့ရသည့်အတွက် လေးစားစိတ်များ ဖြစ်ပေါ်ခဲ့မိပါသည်။ ဂျာမနီတွင် ဟစ်တလာလက်ထက် ကမ္ဘာ့အိုလံပစ်ပွဲတော် ကျင်းပစဉ်ကာလတွင် မြန်မာနိုင်ငံမှ ကာယဗလသွားရောက်ယှဉ်ပြိုင်ခဲ့ရပါသည်။ ထိုသို့သွားရောက်စဉ် အားလပ်ချိန်အတွင်း မြို့ထဲလျှောက်လည်ကြရာ တောင်ရှည်ပုဆိုးနှင့် ခေါင်းပေါင်းဝတ်ဆင်ထားသော မြန်မာ့အားကစားအဖွဲ့ဝင်များကို တွေ့ရသဖြင့် အနောက်နိုင်ငံသားများ လည်တစောင်းစောင်းဖြင့်ကြည့်ခဲ့ရကြောင်း  စာရေးသူ မှတ်သားခဲ့ရဖူးပါသည်။ ရိုးရာယဉ်ကျေးမှုဟုဆိုရာတွင် ဝတ်စားဆင်ယင်မှု၊ စားသောက်နေထိုင်မှု၊ အနုပညာစာပေ ဖန်တီးမှုလက်ရာ စသဖြင့် အလွှာစုံပါဝင်လျက်ရှိပါသည်။ ပြောင်းလဲလာသောခေတ်ရေစီးကြောင်း အကွေ့အကောက်များနှင့်အတူ မိမိတို့၏ပင်မရေသောက်မြစ် လူနေမှုစနစ်ကြီးတစ်ခုလုံး လိုက်ပါပြောင်းလဲသွားမည်ဆိုပါလျှင် ကမ္ဘာတွင် ကွယ်ပျောက်ခဲ့သည့်နိုင်ငံကြီးများကဲ့သို့ တစ်နေ့နေ့ ယဉ်ကျေးမှုလှိုင်း၏ဝါးမျိုခြင်းကို ခံသွားကြရမည် ဖြစ်ပေသည်။ တိုင်းပြည်ရှေ့ရေးကိုရေရှည်မျှော်တွေးသည့် နိုင်ငံ့အစိုးရတိုင်းသည် လူငယ်များ၏ စာရိတ္တမဏ္ဍိုင် ခိုင်ခံ့မှုရှိစေရေးအတွက်   ရိုးရာယဉ်ကျေးမှု အစဉ်အလာများမှပေးသော နိုင်ငံ့စွမ်းအားများကို တစ်နည်းတစ်ဖုံဖြင့် ဖော်ထုတ်ပေးခဲ့ကြသည်ကို  တွေ့ရှိရပါသည်။ အကျိုးဆက်အားဖြင့် အမျိုးဂုဏ် ဇာတိဂုဏ်ကိုစောင့်ထိန်းလိုသော မျိုးဆက်သစ်များတိုးပွားခဲ့ကြသည်။ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည့် စားသောက် နေထိုင်မှု၊ ဝတ်စားဆင်ယင်မှု၊ စာပေဂီတများကို တန်ဖိုးထားခြင်းအပေါ် ရှေးရိုးဆန်သည်ဟု မှတ်ယူ၍မရပေ။ ရိုးရာအပေါ်

ခေတ်သစ်နှင့်   ပေါင်းစပ်ဖန်တီးရာတွင် ရှေးရိုးရာမပျက်တင်ဆက်နိုင်ရန် အရေးကြီးပေသည်။ သို့မှသာ မျိုးဆက်သစ်လူငယ်များ၏ နှလုံးအိမ်အတွင်း  မှန်ကန်သော အမျိုးသားရေး  စိတ်ဓာတ်ကောင်းများ ရောက်ရှိမည်ဖြစ်ပါသည်။ ထိုအမျိုးသားရေး စိတ်ဓာတ်များဖြင့်သာ တိုင်းပြည်အပေါ် ကျေးဇူးဆပ်နိုင်မည့် လူသားများ ဖြစ်လာကြလိမ့်မည်ဖြစ်ပေသည်။         

(ဃ)ထာဝရငြိမ်းချမ်းရေးကိုဖော်ဆောင်ရာတွင် ယဉ်ကျေးမှုကဏ္ဍမှ အထောက်အကူပြုနိုင်ရေး တစ်ဦးအကြောင်းတစ်ဦးသိရှိနားလည်မှုမှသည်    လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ တစ်ပြည်နယ်နှင့်တစ်ပြည်နယ် ချစ်ကြည်ရင်းနှီးရေးသို့ ဟူသည့်အတိုင်း လူတစ်ဦးနှင့်တစ်ဦးမှအစပြုလျက် လူမျိုးတစ်မျိုးနှင့်တစ်မျိုး အပြန်အလှန်နားလည်မှု ရှိခြင်းများသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အတွက် အထောက်အကူကောင်းတစ်ခုပင် ဖြစ်ပါသည်။  နိုင်ငံများကြားတွင်လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ ယဉ်ကျေးမှု အဖွဲ့များစေလွှတ်၍ အပြန်အလှန်ချစ်ခင်ရင်းနှီးမှုကို ဆောင်ရွက်ခြင်းသည်   ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးအတွက်ပင်   ဖြစ်ပေသည်။

စာရေးသူတို့နိုင်ငံတော်တွင်    ကချင် တောင်တန်းနှင့်ရှမ်းရိုးမပေါ်မှ တေးသီချင်းများကိုမြေပြန့်မှလူများက  နှစ်သက်မြတ်နိုးစွာသီဆိုကြသကဲ့သို့  ကရင်ဒုံးယိမ်းသီချင်းများကိုလည်း သဘောကျကြပါသည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းတို့၏တေးသီချင်းများနှင့် အဝတ်အထည်အစားအသောက်များကို တိုင်းရင်းသားအားလုံးက နှစ်သက်မြတ်နိုးစွာသုံးစွဲကြခြင်းသည် သူ့ယဉ်ကျေးမှုကိုယ့်ယဉ်ကျေးမှုကို  အပြန်အလှန်လေးစား အသိအမှတ်ပြုခြင်းပင်ဖြစ်ပါသည်။ ထိုသို့အပြန်အလှန် အသိအမှတ်ပြုမှုများသည် တိုင်းပြည်တည်ငြိမ် အေးချမ်းမှု၏ မြစ်ဖျားခံရာပင်ဖြစ်သည့်အတွက် ယဉ်ကျေးမှုဟူသည် စကားလုံးအားဖြင့် တိုတောင်းသော်ငြား လေးနက်မှုနှင့်အနှစ်သာရများစွာ ပါဝင်နေသည်ကို  တွေ့ရှိရမည်ဖြစ်ပေသည်။

အနှစ်ချုပ်ဆိုရပါလျှင် ယဉ်ကျေးမှုသည် လူသားတိုင်း၏    နှလုံးသည်းပွတ်ပမာဖြစ်သကဲ့သို့ လူသားများဖြင့်  ဖွဲ့စည်းတည်ထောင်ထားသော နိုင်ငံတိုင်းအတွက်လည်း  အဖိုးထိုက်သည့်အင်္ဂါတစ်ရပ်ပင်ဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံ အသီးသီးတွင် မြေပေါ်မြေအောက်သယံဇာတများ မည်သို့ပင် ကုံလုံကြွယ်ဝသည့်တိုင် တိုင်းပြည်၏ အမျိုးသားရေး လက္ခဏာများနှင့် ယဉ်ကျေးမှု အမွေအနှစ်များကို မထိန်းသိမ်းနိုင်ပါက တိုင်းပြည်သည် တစ်စတစ်စဖြင့်လျှောကျပျက်စီးရစမြဲဖြစ်ပါသည်။ အတိတ်ကမ္ဘာ့သမိုင်းတွင်ပေါ်ထွန်းခဲ့သော ယဉ်ကျေးမှု ထွန်းကားခဲ့သည့် နိုင်ငံအချို့ ယနေ့ကမ္ဘာကြီးပေါ်တွင် ပျောက်ကွယ်ခဲ့သည်ကိုကြည့်ပြီး သင်ခန်းစာယူတတ်ကြဖို့လိုအပ်ပါသည်။

တစ်ချိန် တစ်ခါက နှစ်စဉ်တိုင်းကျင်းပဖြစ်ခဲ့သော မြန်မာတို့၏ယဉ်ကျေးမှုကို ဖော်ညွှန်းသည့်  အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးသည် အမျိုးသားရေးကို လွဲမှားစွာပုံဖော်သော လူတစ်စုကြောင့် ကာလတစ်ခုတွင်း   မှေးမှိန်ခဲ့ရသည်။

ယခုမှာမူ   စစ်မှန်သောအမျိုးသားရေးစိတ်ဓာတ်များဖြင့်  အမျိုးဂုဏ် ဇာတိဂုဏ်ကိုဖော်ဆောင်မည့် အစိုးရ၏ ဦးဆောင်မှုနှင့်အတူ အမျိုးသားရေးလက္ခဏာများကို ပြန်လည်ဖော်ထုတ်တော့မည် ဖြစ်ပေသည်။ စာရေးသူအနေဖြင့် မျိုးဆက်သစ်လူငယ်များအတွက်သာမက တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက် လိုအပ်နေသော အမျိုးသားရေးအားဆေး တိုက်ကျွေးမည့် (၂၃)ကြိမ်မြောက်  မြန်မာ့ရိုးရာအဆို၊ အက၊  အရေး၊  အတီးပြိုင်ပွဲကြီးအား  တိုင်းပြည်ကို စစ်မှန်စွာချစ်သော ပြည်သူတစ်ဦး၏ ခံစားချက်ဖြင့် လှိုက်လှိုက်လှဲလှဲ ဝမ်းပန်းတသာ ဂုဏ်ပြုကြိုဆို လိုက်ရပါသည်။   ။

 

နွေကံကော်(မြို့လှ)