ကိုရီးယားကျွန်းဆွယ်၏ လုံခြုံရေး ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးတို့ အတွက် အဟန့်အတား ဖြစ်ပေါ်စေနိုင်သည့် ပူးတွဲ စစ်ရေးလေ့ကျင့်မှု
တောင်ကိုရီးယားနှင့် အမေရိကန်တို့ကြား ပူးတွဲစစ်ရေး လေ့ကျင့်မှု မစတင်မီ မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်တစ်စင်းကို ပစ်လွှတ်၍ သတိပေးလိုက်သည်။
မြောက်ကိုရီးယားသည် အဆိုပါတာတိုပစ် ဒုံးကျည်ကို စက်တင်ဘာ ၂၄ ရက် နံနက် ၇ နာရီမတိုင်မီ တေချုန်ဒေအနီးတွင် ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။ ယင်းဒုံးကျည် ပစ်လွှတ်မှုသည် ဒေသတွင်းသို့ အမေရိကန် ဒုတိယသမ္မတ ကမ်မလာဟဲရစ် မလာရောက်မီ ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။
တောင်ကိုရီးယားနှင့် အမေရိကန်တို့ကြား ပြုလုပ်ရန်စီစဉ်ထားသည့် ပူးတွဲစစ်ရေး လေ့ကျင့်မှုတွင် လေယာဉ်တင်သင်္ဘော တစ်စင်း ပါဝင်မည်ဖြစ်ပြီး ယင်းစစ်ရေး လေ့ကျင့်မှုသည် ဒေသတွင်းတင်းမာမှုကို မြင့်တက်စေနိုင်သည်ဟု ဒေသတွင်း အင်အားကြီးနိုင်ငံများက ဝေဖန်ထားသည်။
အထူးသဖြင့် တောင်ကိုရီးယားနှင့် အမေရိကန်တို့ကြား လုပ်ဆောင်သည့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို မြောက်ကိုရီးယားက ထပ်တလဲလဲ ဝေဖန်ထားပြီး အဆိုပါ လုပ်ဆောင်ချက်များသည် မြောက်ကိုရီးယားအား ကျူးကျော်တိုက်ခိုက်ရန် လေ့ကျင့်နေခြင်းသာ ဖြစ်သည်ဟု မြောက်ကိုရီးယား အစိုးရကရှုမြင်နေသည်။ ထို့ကြောင့်ပူးတွဲစစ်ရေး လေ့ကျင့်မှုများသည် ကိုရီးယား ကျွန်းဆွယ်အပေါ် တင်းမာမှုများကိုသာ ပိုမိုဖြစ်ပေါ်စေလျက်ရှိသည်ဟု ဆိုနိုင်သည်။
တစ်ချိန်တည်းမှာပင် မြောက်ကိုရီးယား က လုပ်ဆောင်သည့် ဒုံးကျည်ပစ်လွှတ်မှုသည် ဒေသတွင်းနိုင်ငံများ၏ လုံခြုံရေးကို ခြိမ်းခြောက်နေခြင်းဖြစ်သည်ဟု ဒေသတွင်း နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဂျပန်ကဆိုသည်။ ပစ်လွှတ်လိုက်သည့် မြောက်ကိုရီးယား ဒုံးကျည်သည် ဂျပန်နိုင်ငံ၏ အထူးသီးသန့်စီးပွားရေးဇုန် အတွင်းသို့ ကျရောက်ခဲ့ပြီး ထိခိုက်မှုမရှိကြောင်း ဂျပန်အစိုးရက ထုတ်ပြန်ထားသည်။
မြောက်ကိုရီးယားနိုင်ငံသည် မကြာသေးမီ ကာလအတွင်း ဒုံးကျည်ပစ်လွှတ်မှုများကို အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ ပစ်လွှတ်လိုက်သည့် ဒုံးကျည်များအနက် တာလတ်ပစ် Hwasong-12ဒုံးကျည်လည်း ပါဝင်သည်။ ယင်းဒုံးကျည်သည် အမေရိကန်တွင် ဂျိုးဘိုင်ဒင်သမ္မတဖြစ်လာပြီးနောက် စမ်းသပ်ပစ်ခတ်ခဲ့သည့် ဒုံးကျည်များအနက် စွမ်းဆောင်ရည် အမြင့်ဆုံးသော ဒုံးကျည်တစ်စင်းဖြစ်သည်ဟု ဆိုနိုင်သည်။ အဆိုပါ ဒုံးကျည်ပစ်လွှတ်မှုသည် မြောက်ကိုရီးယားက ဝေးကွာသည့် အကွာအဝေးများသို့ ပစ်ခတ်နိုင်သည့် ဒုံးကျည်များကို ပစ်ခတ်မည်မဟုတ် ဟူသောအချက်ကိုလည်း ငြင်းဆိုပြလိုက်ခြင်း ဖြစ်သည်။
မြောက်ကိုရီးယားက အဆိုပါ ဒုံးကျည်အား ပစ်လွှတ်ပြီးနောက်ပိုင်းတွင် တောင်ကိုရီးယားအစိုးရက အရေးပေါ်လုံခြုံရေး ကောင်စီအစည်းအဝေးပွဲ တစ်ရပ်ကို ကျင်းပခဲ့ရသည်။ အလားတူပင် မြောက်ကိုရီးယားအနေဖြင့် တည်ငြိမ်ရေးကို ပျက်ပြားစေမည့် လုပ်ဆောင်ချက်များကို ဆက်လက် မလုပ်ဆောင်ရန် အမေရိကန်စစ်ဘက်က သတိပေးခဲ့သည်။
မြောက်ကိုရီးယားအစိုးရသည် ယခုနှစ်အတွင်း တိုက်ချင်းပစ် ဒုံးကျည်တစ်စင်းကို ပထမအကြိမ်အဖြစ် စမ်းသပ်ပစ်ခတ်ခြင်း အပါအဝင် လက်နက်စမ်းသပ် ပစ်ခတ်မှုများကို စံချိန်တင် လုပ်ဆောင်ခဲ့ခြင်းကြောင့် အိမ်နီးချင်းဂျပန်နိုင်ငံ အပါအဝင် ဒေသတွင်းနိုင်ငံများကပင် စောင့်ကြည့်နေခဲ့ရသည်။ မြောက်ကိုရီးယားနိုင်ငံသည် ယခုနှစ်အတွင်းမှာပင် ဒုံးကျည်အစင်းပေါင်း ၃၀ ကျော်ကို စမ်းသပ် ပစ်ခတ်ထားပြီးဖြစ်သည်။ ပိုဆိုးသည့်အချက်မှာ ကိုရီးယားနှစ်နိုင်ငံသည် ၁၉၅၀-၁၉၅၃ ကိုရီးယားစစ်ပွဲကို အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ဖြင့်သာ ရပ်ဆိုင်းထားခြင်းဖြစ်ပြီး နှစ်နိုင်ငံကြား ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးခြင်းပင်ဖြစ်သည်။
သို့ရာတွင် ဒေသတွင်းရှိ တောင်ကိုရီးယားနှင့် ဂျပန်တို့အား အကာအကွယ်ပေးမည်ဟု အမေရိကန်အစိုးရက ထပ်လောင်း ကတိပြုထားသည်။ တစ်နည်းအားဖြင့် ဆိုရပါမူ အမေရိကန်၏ မဟာမိတ်နိုင်ငံ များ အဖြစ် ရပ်တည်နေသည့် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့အနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် အန္တရာယ် တစ်စုံတစ်ရာ ကျရောက်လာမည်ဆိုပါက အမေရိကန်အစိုးရက အကာအကွယ်ပေးမည်ဟု ကတိကဝတ်ပြုထားခြင်း ဖြစ်သည်။
မြောက်ကိုရီးယားက ယခုလုပ်ဆောင်ခဲ့သည့် ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုသည် ဒေသတွင်းသို့ ဂယက်ရိုက်ခတ် သွားစေခဲ့သည်ဟု ဆိုနိုင်သည်။ အကြောင်းမှာ ယင်းနိုင်ငံ၏ လုပ်ဆောင်ချက်ကြောင့် ဒေသတွင်းရှိ နိုင်ငံတချို့မှာ စိုးရိမ်မှုမြင့်တက် လာခဲ့ခြင်းကြောင့်ဖြစ်သည်။ အထူးသဖြင့် မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှု လုပ်ဆောင်သည့်အချိန်တိုင်း တောင်ကိုရီးယားနှင့် ဂျပန်တို့က သတိထားစောင့်ကြည့်နေကြပြီး ယင်းလုပ်ဆောင်ချက်များသည် မိမိတို့၏နိုင်ငံ၊ ဒေသတွင်းနှင့် နိုင်ငံတကာ အသိုက်အဝန်းကို ခြိမ်းခြောက်နေခြင်းဖြစ်သည်ဟု ဒေသတွင်း နိုင်ငံများကဆိုသည်။
အမေရိကန်အစိုးရသည် မြောက်ကိုရီးယား၏ ဒုံးကျည်နှင့် နျူကလီးယား အစီအစဉ်ကို ရပ်တန့်နိုင်ရေးအတွက် ဖိအားအမျိုးမျိုးပေး၍ လုပ်ဆောင်လျက်ရှိသည်။
မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုများချမှတ်၍ လုပ်ဆောင်နေသည့် အပြင် တွေ့ဆုံပွဲများ ကျင်းပ၍လည်း လုပ်ဆောင်ခဲ့သည်။ အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် မြောက်ကိုရီးယား၏ နျူကလီးယား အစီအစဉ်ကို ဖျက်သိမ်းရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပနိုင်ခဲ့သော်လည်း သဘောတူညီချက် တစ်စုံတစ်ရာ ချမှတ်နိုင်ခြင်း မရှိသောကြောင့် ဆွေးနွေးပွဲများတွင် သောင်မတင်၊ ရေမကျအခြေအနေ၌ပင် ရှိနေခဲ့ရသည်။ ယခုဂျိုးဘိုင်ဒင် အစိုးရလက်ထက်တွင်လည်း အမေရိကန်၏ မူဝါဒမှာ များစွာပြောင်းလဲခြင်း မရှိသည့် အပြင် ဒေသတွင်းရှိ မဟာမိတ်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လာသည့်အပြင် အထူးသဖြင့် တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် အခြေအနေမှာ ပိုမိုတိုးတက်လာခြင်းမရှိပေ။
တောင်ကိုရီးယားနိုင်ငံ အနေဖြင့်လည်း မြောက်ကိုရီးယားနှင့် ဆက်ဆံရေး တိုးတက်လာစေရန် လုပ်ဆောင်လျက်ရှိသည်။ တောင်ကိုရီးယားတွင် သမ္မတယွန်ဆွတ်ယိုအစိုးရ တက်ရောက်လာပြီးနောက် မြောက် ကိုရီးယား၏ နျူကလီးယား အစီအစဉ်များကို ဖျက်သိမ်းရေးအတွက် တောင်ကိုရီးယား အစိုးရက စားနပ်ရိက္ခာများ၊ စွမ်းအင်နှင့် တခြားအရေးတကြီး လိုအပ်နေသည့် အကူအညီများ ပေးအပ်ရန် ကမ်းလှမ်းခဲ့သည်။
တောင်ကိုရီးယား၏ အဆိုပါ ကမ်းလှမ်းချက်သည် ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်လာစေရန် အထောက်အကူပြုခဲ့သော်လည်း အမေရိကန်နှင့် ပူးတွဲပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုများသည် မြောက်ကိုရီးယားအား ဆက်လက်သံသယ ဖြစ်စေနိုင်သောကြောင့် အဆိုပါ ပူးတွဲစစ်ရေး လေ့ကျင့်မှုသည် ကိုရီးယားကျွန်းဆွယ်၏ လုံခြုံရေး၊ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးတို့အတွက် အဟန့်အတား ဖြစ်ပေါ်စေနိုင်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။
ဇေယျဘုန်း
Ref: The Guardian, ST,Aljazeera