ဥရောပအနေနဲ့ စွမ်းအင်အကျပ်အတည်းဆိုတဲ့ တောင်ကို ကျော်နိုင်ဖို့ဆိုရင်
ဥရောပသမဂ္ဂ တစ်ခုတည်းသာမက ဥရောပဒေသကြီး တစ်ခုလုံး လက်ရှိရင်ဆိုင် ခံစားနေရတဲ့ ဒုက္ခကတော့ စွမ်းအင်ဈေးနှုန်းများ အဆမတန်မြင့်မားလာခြင်း ပါပဲ။ အထူးသဖြင့် လျှပ်စစ်ဓာတ်အားခနဲ့ သဘာဝဓာတ်ငွေ့ဈေးနှုန်းတွေ လွန်စွာ မြင့်တက်မှုနဲ့ရင်ဆိုင်နေရတာပါ။
တစ်ချိန်တည်းမှာပဲ စွမ်းအင်အတွက် သူတို့အဓိကမှီခို အားထားနေရတဲ့ ရုရှားဆီကနေ လိုအပ်တဲ့ စွမ်းအင်တွေ မရတော့ဖို့ သေချာသလောက်ရှိနေတဲ့ အခြေအနေကိုလည်း ကြုံတွေ့နေရပါတယ်။
အလားတူ ဥရောပဒေသ တစ်ခုလုံး အနေနဲ့ စီးပွားရေးကျဆင်းမှုဆီ ဦးတည်နေချိန် ဖြစ်တဲ့အတွက်လည်း ပြည်သူများနဲ့ စီးပွားရေး လုပ်ငန်းများက အလွန်ကြီးမားတဲ့ တုန်လှုပ်ချောက်ချားမှုကို လက်တွေ့ကြုံဆုံ ရဦးမှာပါ။
ဒါကြောင့် ဥရောပဒေသအတွက် အလွန်အခက်အခဲဆုံးသော အခြေအနေက လက်ရှိအခြေအနေ ဖြစ်တယ်ဆိုတာကို ဥရောပရှိ နိုင်ငံ့ခေါင်းဆောင်များ အားလုံးက သိရှိနားလည်ထားကြပါတယ်။
ဥရောပက ရင်ဆိုင်နေရတဲ့ စီးပွားရေး ပြဿနာတချို့အနက် ငွေကြေးဖောင်းပွမှုဆိုရင် ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ နာတာရှည် အကျိုးသက်ရောက်မှုကြောင့် ဖြစ်ပြီး ကပ်ရောဂါကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲစီးပွားရေး ဆိုးကျိုးတွေကို ဖြေရှင်းဖို့ ငွေပမာဏမြောက်မြားစွာ အသုံးပြုလိုက်ခြင်းကလည်း ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်လာစေတာ ဖြစ်တယ်လို့ အောက်စဖို့စီးပွားရေး အဖွဲ့က ထောက်ပြထားပါတယ်။
ဒါပေမဲ့လည်း တကယ်တမ်း ဥရောပ အတွက်စီးပွားရေး အခြေအနေ ပေါက်ကွဲမှု အစစ်အမှန်က ရုရှား-ယူကရိန်းပဋိပက္ခ ကနေ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ငွေကြေးဖောင်းပွမှု အခြေအနေကို ထိန်းသိမ်းနိုင်ဖို့အတွက် သင့်လျော်တဲ့ လမ်းကြောင်းပေါ် တွန်းတင်နေတဲ့ ဥရောပဒေသကို ရုရှား-ယူကရိန်းပဋိပက္ခက လမ်းကြောင်း ပြောင်းလဲလိုက်စေလို့ပါပဲ။
“နောက်လာမယ့် ၅ နှစ်ကနေ ၁၀နှစ်အတွင်း ဥရောပဒေသက ရင်ဆိုင်ရမယ့် ဆောင်းတွင်းဒုက္ခက ခက်ခဲပါလိမ့်မယ်” လို့ ဘယ်ဂျီယံဝန်ကြီးချုပ် အလက်ဇန်းဒါးဒီးခရူးက မကြာသေးခင်ကပဲ သတိပေးထားပါတယ်။
သူ့အနေနဲ့သတိပေးရတဲ့ အကြောင်းရင်းကတော့ စက်သုံးဆီဈေးနှုန်းများနဲ့ လျှပ်စစ်ဓာတ်အားခများ မြင့်တက်လာခြင်းကြောင့် ဖြစ်ပါတယ်။
ဒါ့အပြင် စွမ်းအင်အကျပ်အတည်းက ဖန်တီးလိုက်တဲ့ အဆိုးဆုံးအခြေအနေကတော့ ကုမ္ပဏီတချို့ ဒေဝါလီ ခံလိုက်ရတဲ့အထိ ကိုဖြစ်လာတာပါပဲ။
၂၀၂၁ ခုနှစ် အောက်တိုဘာလတုန်းက ဘာလင်မြို့အနီး အခြေစိုက်တဲ့ အလတ်စား ကုမ္ပဏီတစ်ခုဟာ ဒေဝါလီခံမှုအတွက် တရားစွဲဆိုခံရတဲ့ ပထမဆုံး ဂျာမနီစွမ်းအင်နှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီဖြစ်လာပါတယ်။
သြစတြီးယားနိုင်ငံမှာဆိုရင် နိုင်ငံရဲ့အကြီးဆုံးစွမ်းအင် ကုမ္ပဏီက သူတို့ကုမ္ပဏီ ဆက်လက် အသက်ဆက်နိုင်ရေးအတွက် အစိုးရဆီကနေ ယူရို ၆ ဘီလီယံတောင်းခံလိုက်ပါတယ်။ အလားတူ ဂျာမနီစွမ်းအင် ကုမ္ပဏီတစ်ခုကလည်း အစိုးရဆီကနေ ယူရို ၁၅ ဘီလီယံတောင်းခံပြီး အသက်ဆက်နေရပါတယ်။
ဥရောပဒေသမှာ စွမ်းအင်အကျပ်အတည်း ဖြစ်နေချိန် ထိခိုက်မှု အရှိဆုံးနိုင်ငံကတော့ ဂျာမနီနိုင်ငံပါပဲ။ ဂျာမနီနိုင်ငံဟာ ရုရှားဆီက စွမ်းအင်ကိုသာ ပင်မအရင်းအမြစ်တစ်ခုအနေနဲ့ မှီခိုအားထားနေရတာပါ။
ဒီအတွက်ကြောင့်လည်း ဂျာမနီနိုင်ငံမှာရှိတဲ့ ဓာတ်သတ္တုလုပ်ငန်းတွေ၊ ဓာတ်မြေသြဇာ လုပ်ငန်းတွေနဲ့ တခြားစက်မှုလုပ်ငန်းများဟာ သူတို့ရဲ့ကုန်ထုတ်လုပ်မှုကို ရပ်တန့်ရတော့မယ့် အခြေအနေ ဆိုက်နေပါတယ်။
တကယ်လို့သာ ဒီအတိုင်းဖြစ်လာပြီဆိုရင် ဥရောပရဲ့စီးပွားရေး အင်အားကြီးနိုင်ငံဖြစ်တဲ့ ဂျာမနီနိုင်ငံရဲ့ စီးပွားရေးဟာ ကျဆင်းမှုဆီ ဦးတည်သွားမှာဖြစ်တဲ့အတွက် GDPသည်လည်း ၇ ရာခိုင်နှုန်းလောက် ကျဆင်းသွားနိုင်ပါတယ်။ ဒီပမာဏဟာ ဒုတိယ ကမ္ဘာစစ်ပြီးနောက်ပိုင်း ဂျာမနီနိုင်ငံအတွက် ပထမဆုံးသော စီးပွားရေး ကျဆင်းမှု အခြေအနေဖြစ်လာမှာပါ။
ဒါဟာ ဂျာမနီတစ်နိုင်ငံတည်းအတွက်သာ ဖြစ်လာနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ တကယ်လို့များ ဥရောပနိုင်ငံများ အားလုံးက ဒီလိုအခြေအနေနဲ့ ရင်ဆိုင်ရပြီဆိုရင် ဥရောပသမဂ္ဂရဲ့ စည်းလုံးညီညွတ်မှုကိုပါ ခြိမ်းခြောက်လာနိုင်ပါတယ်။
အခုတောင်မှ ဥရောပနိုင်ငံ တချို့ဟာ ဥရောပသမဂ္ဂမပါတဲ့ ပထဝီနိုင်ငံရေး ကစားကွက်ကို စတင်ခြေလှမ်း လာနေတာ တွေတွေ့ရပါတယ်။
ဥပမာအားဖြင့် ပိုလန်နိုင်ငံဆိုရင် ဒုတိယကမ္ဘာစစ်အတွက် လျော်ကြေးအဖြစ် ယူရိုဘီလီယံပေါင်း များစွာကို ဂျာမနီဆီကနေ တောင်းခံလာတာကိုလည်း တွေ့နေရပါတယ်။
အလားတူ ဥရောပဒေသရဲ့ဝင်ရိုးက ဂျာမနီကနေ ပြင်သစ်ဆီကို ပြောင်းလဲလာနိုင်ပါတယ်။ အကြောင်းရင်းကတော့ ပြင်သစ်နိုင်ငံက အလွန်ကြီးမားတဲ့ နျူကလီးယား စွမ်းအင်လုပ်ငန်းကို ပိုင်ဆိုင်ထားလို့ပါ။
ဒီလိုပိုင်ဆိုင်ထားတဲ့ အတွက်လည်း ပြင်သစ်က ဂျာမနီအတွက် လျှပ်စစ်ဓာတ်အားကို ထောက်ပံ့နိုင်မှာပါ။
သို့သော်လည်း ပြင်သစ်နိုင်ငံအနေနဲ့ သူ့ရဲ့နျူကလီးယား စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံတွေလည်ပတ်ဖို့ လိုအပ်တဲ့ ယူရေနီယံတွေအတွက် ရုရှား၊ ကာဇက်စတန်အပြင် တရုတ်နိုင်ငံတို့ အပေါ်တောင်မှ မှီခိုလာရနိုင်ပါတယ်။
ဥရောပဒေသမှာ ငွေကြေးဖောင်းပွမှု အင်မတန်မြင့်တက်ခြင်းကြောင့် ဥရောပ တိုက်သား ၇၀ ရာခိုင်နှုန်းကျော်က စီးပွားရေး ကျဆင်းမှုရဲ့ သက်ရောက်မှုကို ခံစားနေရပါတယ်။ တချို့ပြည်သူတွေဆိုရင် အစားအသောက်အတွက်တောင်မှ သုံးစရာငွေမရှိတော့ဘူးလို့ ဆိုပါတယ်။
ဒီကနေဆက်ဖြစ်လာမယ့် အကျိုးဆက်က ပြည်သူတွေဟာ လမ်းမတွေပေါ်ထွက်ပြီး အစိုးရအဖွဲ့တွေ နုတ်ထွက်ဖို့ကို တောင်းဆိုလာနိုင်ခြင်း ဖြစ်ပါတယ်။
အဲဒီလိုသာဖြစ်လာပြီဆိုရင် ၂၀၂၄ ခုနှစ်မှာကျင်းပမယ့် ဥရောပပါလီမန် ရွေးကောက်ပွဲအပေါ် နိုင်ငံရေးအရ သက်ရောက်မှုတွေ ကြီးမားလာနိုင်ပါတယ်။
တစ်နည်းပြောရရင် ကြောက်ရွံ့ထိတ်လန့်ရမှုတွေ ကြီးထွားလာနိုင်ပါတယ်။
ဒီလိုကြောက်ရွံ့ထိတ်လန့်ရမှုတွေ အနက် အထင်ရှားဆုံး တချို့ကိုပြောရရင် အစွန်းရောက်ဝါဒ၊ အကြမ်းဖက်ဝါဒနဲ့ အမျိုးသားရေးဝါဒတို့ ပိုမိုကြီးထွားလာနိုင်ခြင်းဖြစ်ပါတယ်။
ဥရောပဒေသအနေနဲ့ ဒီလိုမျိုး အခက်အခဲတွေကနေ ကျော်လွှားနိုင်ဖို့အတွက်၊ အကျပ်အတည်းတွေကနေ လွတ်မြောက် နိုင်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းကတော့ ဥရောပနိုင်ငံများ အတွက် လိုအပ်ချက်များနဲ့ အကျိုးစီးပွားများကို ပေါင်းစည်းဖို့သာ ဖြစ်ပါတယ်။
ကံကောင်းတဲ့ တစ်ချက်ကတော့ ဥရောပ တိုက်သားအများအပြားနဲ့ အစိုးရအဖွဲ့တချို့က ဥရောပဒေသ မူဝါဒအပေါ် အမေရိကန်ရဲ့ မူဝါဒလွှမ်းမိုးမှုကို သိပ်မလိုလားကြတော့ခြင်း ပါပဲ။
ဒါမှသာ ဥရောပဒေသအနေနဲ့ ကိုယ့်ရဲ့ နိုင်ငံရေးဦးစားပေး မူဝါဒတွေကို ချမှတ်ပြီး ဥရောပနိုင်ငံရေး သမဂ္ဂနဲ့ ပြင်သစ်သမ္မတ အဆိုပြုသလိုမျိုး ဥရောပတပ်မတော်ကြီး တစ်ရပ်ကို ထူထောင်ဖို့အတွက် ငွေကြေးအင်အားနဲ့ အချိန်တွေကို ပိုမိုစိုက်ထုတ်ခြင်းတွေ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ ကိုယ်ပိုင် လူ့အခွင့်အရေးများကို ဖန်တီးပြီး ဒီမိုကရေစီစံနှုန်းများကို သတ်မှတ်ကာ ဥရောပနိုင်ငံများအပေါ် အမေရိကန်ရဲ့လွှမ်းမိုးမှုကို ရပ်တန့်သင့်ပါ တယ်။
အထူးသဖြင့် အမေရိကန်ကအရေးယူ ပိတ်ဆို့မှုတွေ ချမှတ်ချိန်မှာ ဥရောပနိုင်ငံတွေကပါ လိုက်ပါအကောင်အထည် ဖော် ပေးရတဲ့အခြေအနေမျိုးတွေကို ရပ်တန့်ရမှာပါ။
ဒါကြောင့် ဥရောပအနေနဲ့ အမေရိကန်ရဲ့ ဖိအားများအတိုင်း လိုက်ပါနာခံနေရမယ့် အစား စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် တရုတ်၊ အိန္ဒိယအပြင် တခြားအာရှ နိုင်ငံများနဲ့ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သင့်ပါတယ်။
အဓိကကတော့ ဥရောပရဲ့ စီမံကိန်းတွေ၊ ဥရောပရဲ့ စံတန်ဖိုးတွေ ပျက်စီးရမယ့် အရေးကနေ ကာကွယ်နိုင်ဖို့အတွက် ဥရောပရဲ့ မူဝါဒတွေအပေါ် အမေရိကန်ရဲ့ လွှမ်းမိုးချုပ်ကိုင် ခွင့်ပြုထားခြင်းကို ရပ်တန့်ရမှာဖြစ်ပြီး တခြားသော စီးပွားရေးအင်အားကြီးနိုင်ငံများနဲ့ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်မှုကို အကောင်အထည် ဖော်ရမှာဖြစ်ပါတယ်။
ဥရောပသမဂ္ဂအနေနဲ့ နောက်ဆုံးတစ်ချက် သတိထားရမှာက ဥရောပဒေသမှာ ထာဝရငြိမ်းချမ်းရေး ထူထောင်ဖို့ သတ်မှတ်ထားတဲ့ သမိုင်းပေး ရည်မှန်းချက်ဖြစ်ပြီး ပဋိပက္ခဖြစ်စေမယ့် သဘောတရားရေးရာများကို တားဆီးရမှာဖြစ်ပါပေတယ်။
Ref: China Daily
ထက်မြတ်