စီးပွားရေးဖွံ့ဖြိုးမှုအတွက် အရေးပါသော ခရီးသွားလုပ်ငန်း

စီးပွားရေးဖွံ့ဖြိုးမှုအတွက် အရေးပါသော ခရီးသွားလုပ်ငန်း

၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၇ ရက်သည် ကမ္ဘာ့ ခရီးသွားလုပ်ငန်းနေ့ ဖြစ်သည်။ ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်သည် ကမ္ဘာ့ဒေသအသီးသီးရှိ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများ၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်း အဖွဲ့အစည်း များနှင့်မပြတ် ထိတွေ့ဆက်သွယ်ကာ ခရီးသွားကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန်ရည်ရွယ်လျက် နှစ်စဉ် စက်တင်ဘာ ၂၇ ရက်ကို ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အဖြစ် သတ်မှတ်ပေးခဲ့သည်။ ယင်းနေ့တွင် ကမ္ဘာ့ခရီး သွားလုပ်ငန်းအဖွဲ့ချုပ်က ချမှတ်ပေးသောဆောင်ပုဒ်နှင့်အညီ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် အခမ်းအနားများကို အဖွဲ့ဝင်နိုင်ငံများအလိုက် ကျင်းပလေ့ရှိသည်။

လူသားတို့သည် ရှေးခေတ်ကာလကပင် ရေကြည် ရာမြက်နုရာရှာရင်း တစ်နေရာမှတစ်နေရာသို့ ခြေဆန့်ကာ ခရီးသွားလာကြသည်။ ထိုနည်းတူစွာ နယ်မြေချဲ့ထွင်ရန်၊ သာသနာပြုရန်၊ ကုန်သွယ်ရန်၊ စီးပွားရှာရန်၊ အပန်းဖြေရန်နှင့် ဒေသန္တရဗဟုသုတရှာမှီးရန် ရည်ရွယ်လျက် ခရီးသွားလာကြပြန်သည်။ ခရီးသွားယဉ်ကျေးမှု အရှိန်အဟုန်ဖြင့်  တိုးတက်လာသော ယနေ့ကမ္ဘာတွင် လူဦးရေသန်း  ၁၀၀၀  ကျော်တို့သည် ကမ္ဘာတစ်လွှား နှစ်စဉ်နှစ်တိုင်း ခရီးသွားနေကြသည်။

လူသားတို့ခရီးသွားလာရန်အတွက် စိတ်ဆန္ဒကို ဖြစ်ပေါ်စေသော စေ့ဆော်မှုများရှိသည်။ အအေးပိုင်းနိုင်ငံများရှိ နိုင်ငံသားတို့သည် နေရောင်တောက်ပပူနွေးသာယာသည့်ဒေသများသို့ ခရီးထွက်ကြသည်။ ပညာရပ်ပိုင်းဆိုင်ရာ ကြောင့်ဖြစ်စေ၊  လူမျိုးတစ်မျိုး၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ရိုးရာအားကစား၊ အနုပညာ၊ ဂီတ၊ စာပေ  စသည့် အသွင်လက္ခဏာ ကွဲပြားခြားနားမှုတို့အပေါ်၌ ဖြစ်စေ လေ့လာသင်ယူတတ်မြောက် လိုသောကြောင့် ခရီးသွားကြသည်။ အတွေ့အကြုံသစ်၊ ပတ်ဝန်းကျင်သစ်၊ လုပ်ငန်းဆောင်တာအသစ်၊ ပိုင်ဆိုင်မှုအသစ်နှင့် အတွေးအခေါ်အသစ် စသည်တို့ကို စူးစမ်းရှာဖွေလိုခြင်းကလည်း  ခရီးသွားခြင်း၏ လိုအင်ဆန္ဒတစ်ရပ်ဖြစ်သည်။

ခရီးသွားအခြေခံ ဆွဲဆောင်မှုများသည်လည်း ခရီးသည်လာရောက်စေရန် အခြေခံအကြောင်းတရားများ ဖြစ်သဖြင့် ယနေ့ကာလတွင် ကမ္ဘာ့နိုင်ငံအသီးသီးတို့က နိုင်ငံခြားခရီးသည်များကို ဆွဲဆောင်ရန် အပြိုင်အဆိုင် ကြိုးပမ်းလာကြသည်။ ရှေးအခါက ခရီးသည်ဝင်ရောက်လာမှုအား သာမန်မျှသာ သဘောထားသော်လည်း ယခုအခါခရီးသွားလုပ်ငန်းသည် တိုင်းပြည်စီးပွားဖွံ့ဖြိုးမှုကို ကြီးမားစွာ အထောက်အကူပြုကြောင်း သိရှိလာသည့်အတွက်  ထိုသို့ဆွဲဆောင်မှုများပြုကြခြင်း ဖြစ်သည်။ ထိုသို့ဆွဲဆောင်ရာတွင် သဘာဝနေရာ ဒေသများ၊ သဘာဝဖြစ်ရပ်များ၊ ယဉ်ကျေးမှုနေရာဒေသများနှင့် ယဉ်ကျေးမှုပွဲတော်များဟူ၍  ကဏ္ဍလေးမျိုး ခွဲခြားနိုင်သည်။

အဆိုပါကဏ္ဍလေးရပ်အနက်  အားလုံးဖြစ်စေ၊ အခွင့်သာသည့်ကဏ္ဍ၌ဖြစ်စေ ဖွံ့ဖြိုးတိုးတက်အောင် စီမံဆောင်ရွက် နိုင်သည်နှင့်အမျှ နိုင်ငံခြားသားခရီးသွားများအပေါ် ဆွဲဆောင်နိုင်မည်ဖြစ်သည်။ သတိပြုရန် အချက်မှာ ၂၀ ရာစုနှောင်းပိုင်းတွင် တောတောင်ရေမြေ၊ ရှုခင်းအလှများ၏ သဘာဝပသာဒများအပေါ် စိတ်ဝင်စားမှု ပိုမိုကျယ်ပြန့်လာခြင်းပင် ဖြစ်သည်။  ထို့ကြောင့် ကျေးလက်သဘာ၀ တောတောင်ရေမြေအလှနှင့် ကျေးလက်ဒေသ၏ပကတိရိုးရှင်းသော နေထိုင်ပြုမူဆက်ဆံခြင်းတို့အပေါ် အခြေတည်၍ ဆွဲဆောင်တတ် ရန်လိုအပ်လာသည်။ လူထုအခြေပြုခရီးသွားလုပ်ငန်းတိုးတက်လေ နိုင်ငံခြားခရီးသွားများကို ဆွဲဆောင်နိုင် လေဖြစ်သဖြင့် လိုအပ်သောရင်းနှီးမြှုပ်နှံမှုပြုမှသာလျှင် ကမ္ဘာ့ခရီးသွားလာသူများ တိုးတက်များပြားလာမည် ဖြစ်သည်။

မြန်မာမှုတွင် အိမ်သာမှဧည့်လာ  ဟူသော ဆိုရိုးတစ်ရပ်ရှိသည်။ ထိုဆိုရိုးတွင် ဆက်ဆံရေးကောင်းခြင်း၊ ဧည့်ဝတ်ကျေပွန်ခြင်း၊ စိတ်ချမ်းမြေ့ခြင်းနှင့်စိတ်အနှောင့်အယှက်ကင်းခြင်း၊ ကြည်နူးဖွယ်ရှိခြင်း၊ သာယာလှပခြင်း၊  ဆွဲဆောင်မှုရှိခြင်း၊   တည်ငြိမ်အေးချမ်းခြင်း၊ ယဉ်ကျေးပျူငှာခြင်းနှင့်လှိုက်လှဲဖော်ရွေခြင်း စသည်တို့ ပါဝင်နေသည်။ အထူးသဖြင့် အေးချမ်းသာယာမှုရှိစေရန် ကြိုးစားရမည်ဖြစ်သည်။ အေးချမ်းနေသမျှ နိုင်ငံခြားသားဧည့်သည်များ တိုးတက်လာရောက်လည်ပတ်ကြမည်ဖြစ်၍  ခရီးသွားခြင်းနှင့်တည်ငြိမ်အေးချမ်းမှုတို့သည် တိုက်ရိုက်အချိုးကျကြောင်းတွေ့ရှိရမည်ဖြစ်သည်။

ခရီးသွားလုပ်ငန်း၏ သဘောသဘာဝသည် အခြားသောစီးပွားရေး လုပ်ငန်းများနှင့်မတူဘဲ ထိရှလွယ်၊ အကဲဆတ်လွယ်ပြီး သိမ်မွေ့နက်နဲသော သဘောရှိသည်။ သဘာဝဘေးတို့ကြောင့် လည်းကောင်း၊ လူ့ပယောဂဖြစ်သည့် နိုင်ငံတွင်းအကြမ်းဖက်မှုများ ရှိနေပြီး မတည်မငြိမ်ဖြစ်နေလျှင် သော်လည်းကောင်း၊ နိုင်ငံရေးပဋိပက္ခများ ရှိနေမှုကြောင့် လည်းကောင်း၊ ရောဂါဘယဘေးကျရောက်လျှင် သော်လည်းကောင်း၊ စစ်ပွဲများဖြစ်၍ လုံခြုံရေးစိုးရိမ်ရလျှင် သော်လည်းကောင်း၊ ဒုစရိုက်မှုထူပြောပြီး တရားဥပဒေ မစိုးမိုးလျှင်သော်လည်းကောင်း ခရီးသွားဧည့်သည်လာရောက်မှု ကျဆင်းသွားတတ်သည်။  ထိုသို့မဖြစ်ပေါ်စေရေးမှာ  အစိုးရတစ်ရပ်၊ အဖွဲ့အစည်းတစ်ခု၏ တာဝန်မဟုတ်ဘဲ နိုင်ငံသားတိုင်းက တည်ငြိမ်အေးချမ်းမှုကို လိုလားကာ ပူးပေါင်းဆောင်ရွက်တတ်ရေး များစွာ လိုအပ်သည်။

မြန်မာနိုင်ငံအနေဖြင့် ခရီးသွားတို့ကို ဆွဲဆောင်နိုင်သောစွဲမက်နှစ်သက်ဖွယ်ရာ ခရီးစဉ်ဒေသအများအပြား အမျိုးအစားစုံလင်စွာ တည်ရှိနေပေသည်။ ပင်လယ် ကမ်းခြေအပန်းဖြေနေရာများ၊ ကျွန်းများ၊ အပူပိုင်းဒေသများ၊ နေဝင်နေထွက်ဆည်းဆာအလှများ၊ ရေခဲဖုံးတောင်တန်းကြီးများ၊ သဘာဝကြိုးဝိုင်းနှင့် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောများ စသည်ဖြင့် သဘာဝအလှများ စုံလင်လှသည်။ ထို့အတူ ရှေးနှစ်ပေါင်းထောင်ချီနေပြီဖြစ်သော ဘာသာတရားနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ လူမျိုးစု ၁၀၀ ကျော်တို့၏ တိုင်းရင်းသားရိုးရာဓလေ့၊ ယဉ်ကျေးမှုနှင့် နေထိုင်မှုစရိုက်ထုံးတမ်း အစဉ်အလာများ၊ ဖြစ်ရပ်ဆန်းများ၊ သဘာဝမြစ်ချောင်းအင်းအိုင် ရေကန်ကြီးများ၏ အလှအပများ၊ နှစ်ပေါင်းသန်းနှင့်ချီလာပြီဖြစ်သော လူတူပရိုင်းမိတ်ရုပ်ကြွင်းများစသည်ဖြင့်  ပြည့်စုံလျက်ရှိသည်။  ထိုပြည့်စုံမှုကို ကောင်းစွာအသုံးချနိုင်လေ နိုင်ငံခြားသား ခရီးသွားများ တိုးတက်လာလေဖြစ်ပေမည်။

ခရီးသွားလုပ်ငန်းသည် အရင်းအနှီးနည်းနည်းဖြင့် နိုင်ငံခြားငွေအမြောက်အမြား ရှာဖွေပေးနိုင်သည့် လုပ်ငန်းဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ခရီးသွား လုပ်ငန်းတိုးတက်အောင် အထူးဂရုပြု ဆောင်ရွက်လျက် ရှိသည်။ ခရီးသွားလုပ်ငန်းတိုးတက်ရေးမှာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက အခြေခံဖြစ်သော်လည်း တစ်ဦးကောင်း၊ တစ်ဖွဲ့ကောင်းဖြင့် ဆောင်ရွက်၍ ရနိုင်သည်မဟုတ်ဘဲ  အဖွဲ့အစည်းများအလိုက်၊ ဝန်ကြီးဌာနများအလိုက်၊ တိုင်းရင်းသားပြည်သူများအလိုက်၊ နိုင်ငံများအလိုက် ပေါင်းစည်းညီညာမှုရှိရှိ နှင့်သာ အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။

ပြည်တွင်းသို့လွယ်ကူစွာဝင်ရောက်နိုင်ရန် ဗီဇာထုတ်ပေးခြင်း၊ လူဝင်လူထွက်စစ်ဆေးခြင်း၊ သယ်ယူ ပို့ဆောင်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ လုံခြုံရေး ကောင်းမွန်စေခြင်း၊ အမှတ်တရပစ္စည်း အမျိုးအစား စုံလင်ခြင်း၊ တည်းခိုနေထိုင်ရေး သက်သာချောင်ချိခြင်းနှင့် အဆင်ပြေညီညွတ်ခြင်း၊ အချိန်မရွေးသွားလာနိုင်ခြင်း စသည့်လိုအပ်ချက်များ ပြည့်စုံကောင်းမွန်အောင် ပူးပေါင်းဆောင်ရွက်ကြမှသာ ခရီးသွားလုပ်ငန်း တိုးတက်နိုင်ပေမည်။ ယခုအခါ နိုင်ငံအချို့ကို  ဗီဇာကင်းလွတ်ခွင့်၊  ဆိုက်ရောက်ဗီဇာများ ပေးနေခြင်းက ခရီးသွားလုပ်ငန်းတိုးတက်မှုကို ရရှိစေသလို မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေကို သတ်မှတ်ပြဋ္ဌာန်း လိုက်ခြင်းကလည်း ခရီးသွားလုပ်ငန်းကို အောင်မြင်စေပေသည်။

ခရီးသွားလုပ်ငန်းဟုဆိုရာတွင် နိုင်ငံခြားသား ခရီးသွားများသာမက ပြည်တွင်းနိုင်ငံသားခရီးသွားများလည်း အကျုံးဝင်ပေသည်။ ထိုနည်းတူစွာ ကျွမ်းကျင်သော ဧည့်လမ်းညွှန်များ မွေးထုတ်ပေးနိုင်ခြင်းသည်လည်း အကျိုးသက်ရောက်သည်။ ဟိုတယ်ဆိုင်ရာကောင်းမွန်သည့် ဝန်ဆောင်မှုများကလည်း  ခရီးသွားလုပ်ငန်းကို အောင်မြင်စေသည်။ နိုင်ငံသားများ၏ ပြည်တွင်း ခရီးသွားလာခြင်းသည် ခရီးသွားလုပ်ငန်းကိုများစွာ အထောက်အကူပြုလျက်ရှိသည်။ ပြည်သူများနိုင်ငံအတွင်း လှည့်လည်သွားလာသုံးစွဲသည့် ငွေကြေးများက ဒေသခံလူမှုအသိုက်အဝန်း၏အကျိုးစီးပွားကို ဖြစ်ထွန်းစေသည်။

ကုလသမဂ္ဂကချမှတ်ထားသော စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် (၁၇)ရပ်အနက် ပန်းတိုင်(၈)သည် သင့်တင့်ကောင်းမွန်သော အလုပ်အကိုင်နှင့်စီးပွားရေးဖွံ့ဖြိုးမှုတိုးတက်စေရေး ဖြစ်သည်။ အားလုံး ပါဝင်ပတ်သက်သော စဉ်ဆက်မပြတ်စီးပွားရေးဖွံ့ဖြိုးမှုနှင့် အလုပ်အကိုင်အခွင့်အရေး အပြည့်အဝရရှိရေး တို့အတွက် ခရီးသွားလုပ်ငန်းက အထူးပင်အထောက်အကူပြုလျက်ရှိသည်။ ခရီးသွားလုပ်ငန်းကို မီးခိုးမထွက်သောစက်ရုံ ဟု သတ်မှတ်ထားကြသည်ဖြစ်ရာ တစ်ပိုင်းတစ်ကဏ္ဍအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိသောလုပ်ငန်းဖြစ်သဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင်  ကြိုးပမ်းအကောင်အထည်ဖော်ရန် လိုအပ်သည်။

လွန်ခဲ့သောနှစ်များက ကြုံတွေ့ခဲ့ရသော ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဆိုးကြောင့် တိုင်းပြည်စီးပွားရေးများစွာ ထိခိုက်နစ်နာခဲ့ရသည်။ ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါအလွန်ကာလ စီးပွားရေးပြန်လည် ဦးမော့အောင် အလေးထားကြိုးပမ်း ဆောင်ရွက်နေချိန်တွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးသည်လည်း အရေးပါ လျက်ရှိသည်။ အထူးသဖြင့် ခရီးသွားလုပ်ငန်းအတွက်အခြေခံကျသော အရင်းအမြစ်များကို ဖော်ထုတ်လျက် ဒေသခံ တိုင်းရင်းသားတို့၏ မတူကွဲပြားသော ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ နွေးထွေးလှိုက်လှဲစွာ ဧည့်ဝတ်ပျူငှာမှုများ၊ ကူညီစောင့်ရှောက်မှုများဖြင့် ဝိုင်းဝန်းအားပေးကူညီ ဆောင်ရွက်ကြမည်ဆိုလျှင် လူမှုစီးပွား ဘဝများ မြင့်မားလာမည်ဖြစ်ကြောင်း စက်တင်ဘာ  ၂၇  ရက်တွင်ကျရောက်သည့်  ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ ကို ဂုဏ်ပြုကြိုဆို ရေးသားလိုက်ရပါသည်။   ။

လင်းအရုဏ်ဉီး(ပဲခူး)