အဆုတ်ပွရောဂါအကြောင်းသိကောင်းစရာ
အဆုတ်ပွရောဂါသည် မိုးဥတုတွင်အဖြစ် များသော ရောဂါဖြစ်သည်။ အဆုတ်လေပြွန်များအတွင်း ရေငွေ့များဝင်ရာမှ ပြန်မထွက်နိုင်သောအခါ အအေးပတ်ပြီး အဆုတ်အအေးပတ်ရောဂါဖြစ်သည်။ ထို့နောက် အဆုတ်ပွရောဂါ၊ အဆုတ်ရောင်ရောဂါများ ဆက်၍ဖြစ်လာနိုင်သည်။
မိုးရေထဲသွားနေသူများသည် ရှူသွင်းသောလေတွင် ရေငွေ့များပါသဖြင့် ကြာလာသောအခါ အဆုတ်အတွင်းတွင် ပြန်မထွက်နိုင်သောရေငွေ့အမှုန်လေးများ စုမိလာသည်။ နှာချေခြင်းသည် ဖုန်နှင့်အမှုန်များ ဝင်မှမဟုတ် ရေငွေ့များပြန်ထွက်စေရန်အတွက်လည်း အဆုတ်အတွင်းမှ အမျှင်များက ခါထုတ်သဖြင့်လည်း ဖြစ်နိုင်သည်။ အဆက်မပြတ် နှာချေနေခြင်းသည် အဆုတ်အတွင်း ရေငွေ့များရှိနေခြင်း လက္ခဏာဖြစ်သည်။
မိုးရွာထဲမှ ပြန်လာသောအခါ ပရုတ်ဆီအနည်းငယ်ကို ရေနွေးမတ်ခွက်တွင်ထည့်ဖျော်၍ အုပ်ထားပြီး ဖွင့်လိုက်သောအခါ ထွက်လာသည့် ပရုတ်ငွေ့ကို ရှူပေးခြင်းဖြင့် အဆုတ်အအေးပတ်ခြင်းကို ကာကွယ် နိုင်သည်။
အဆုတ်ရေဝိုင်းသည့်ရောဂါ၊ အဆုတ်ရေဝပ်သည့် ရောဂါကြောင့်၊ အဆုတ်အတွင်းတွင် ပိုးများပေါက်ပွားပြီး အဆုတ်ရောင်ရောဂါ နာတာရှည်ဖြစ်လာနိုင်သည်။ တငွေ့ငွေ့ကိုယ်ပူ၍ဖျားသောရောဂါသည် အဆုတ်ရောင်ခြင်းကြောင့် ဖြစ်နိုင်သည်။ ပိုးကြောင့်ဖြစ်သော အဆုတ်ရောဂါ တော်တော်များများသည် အဆုတ်တွင် ရေဝပ်ရာမှ စတင်ဖြစ်လေ့ရှိသည်ကိုတွေ့ရသည်။
အဆုတ်အတွင်း ရေငွေ့များနေသဖြင့် နှာချေခြင်း၊ ချောင်းဆိုးခြင်း အကြိမ်ရေများလာသောအခါ၊ ရက်ရှည်လာသောအခါ အဆုတ်နှင့်လေပြွန်အတွင်းမှ သွေးကြောငယ်လေးများပေါက်ပြီး သွေးပါလာသည်။ ချောင်းဆိုးသွေးပါရောဂါဟု ခေါ်သည်။ အခန်းအောင်းနေသူများ၊ နေရောင်ခြည်မရသည့် အခန်းတွင် အလုပ်ကို ထိုင်ပြီးကြာရှည်လုပ်ရသူများတွင် ဤရောဂါဖြစ်လေ့ရှိသည်။
နေရောင်ခြည်၏တန်ဖိုး
နေရောင်ခြည်၏တန်ဖိုးကို မိုးဥတုတွင် သိရသည်။ ရက်ရှည်မိုးရွာ၍ စိုထိုင်းနေသောအဝတ်များသည် နေရောင်ခြည်ဖြင့် ထိတွေ့သောအခါ အခြောက်မြန်သည်။ အိမ်တွင်းအရိပ်တွင် အခြောက်ခံသော အဝတ်များ၊ ပန်ကာလေဖြင့် အခြောက်ခံသော အဝတ်များကဲ့သို့ အနံ့အသက်မကောင်းမဖြစ်ပေ။ နေရောင်ခြည်မှ ပေးသော ဥဏှတေဇောအပူဓာတ်သည် ရောဂါပိုးတော်တော်များများကို သေစေနိုင်သော သတ္တိရှိသည်။ ဖြစ်နိုင်လျှင် ခြောက်သွေ့ပြီးအဝတ်ပင်ဖြစ်စေ နေရောင်ခြည်ထွက်လာသောအခါ ခေတ္တနေရောင်ပြပေးသင့်သည်။
အဝတ်အထည်များတွင် မှိုကပ်သောကြောင့်၊ မှိုစွဲခြင်းကြောင့် လူ၏အရေပြားတွင်လည်း ယားယံခြင်း၊ ညှင်းပေါက်ခြင်း၊ သနပွေး ခေါ် ပွေးကွက်ငယ်များပေါက်ခြင်း ဖြစ်လေ့ရှိသည်။ ရေချိုးသောအခါ ဆပ်ပြာရည်ကို ကုန်စင်အောင်မချိုးဘဲ အဝတ်အစားများတွင်လည်း ရေငွေ့များရှိနေခြင်းကြောင့် တစ်ကိုယ်လုံး အဖုအပိမ့်များထွက်ပြီး ယားယံလာသည်။
ကုတ်ဖဲ့ရာမှ ဝဲနှင်းခူအနာများဖြစ်သည်ကို တွေ့ရဖူးသည်။
မိုးများသောအရပ်တွင် နေရောင်ခြည်ထွက်သောအခါ အဝတ်အထည်များသာမက စောင်၊ အိပ်ရာ ခင်းများကိုပါ နေရောင်ခြည်ပြပေးသင့်သည်။ အိမ်ခန်းအတွင်းသို့ နေရောင်ခြည်ဝင်အောင် ပြတင်းပေါက်များဖွင့်ပေးခြင်းဖြင့် ရေငွေ့ဖြင့် ပေါက်ပွားမည့်ရောဂါများ အန္တရာယ်မှလည်း ကာကွယ်နိုင်ပေသည်။ နေရောင်ခြည်မဝင်သော အခန်းများ၊ အဲကွန်းအလုံခန်းများတွင် နေထိုင်သူများသည် မိုးဥတုတွင် အဆုတ်ပွရောဂါဖြစ်နိုင်သဖြင့် သတိပြုကြစေချင်သည်။
မိုးဥတုမှာ စားသုံးသင့်သောဓာတ်စာများ
မိုးဥတုတွင် ကျန်းမာရေးမကောင်းသဖြင့် အခန်းတွင်းအောင်းနေရသည့် လူကြီးများ၊ သက်ကြီးရွယ်အိုများကို မိုးတိတ်ပြီး လေကောင်းလေသန့်ရသည့်နေရာ၌ တစ်နာရီခန့်နေပူဆာ လှုံပေးသင့်သည်။ လမ်းမလျှောက် နိုင်သူကို တွဲ၍သော်လည်းကောင်း၊ ဝှီးချဲဖြင့်သော်လည်းကောင်း နေရောင်ခြည်ပြ ပေးသင့်သည်။
လူကြီးများ အသက်အရွယ်ကြောင့် အဆုတ်ပွလွယ်သည်။ ရေငွေ့များအောင်းပြီး နေရောင်ခြည်မဝင်သည့်အခန်းတွင်အနေကြာလျှင် အဆုတ်ပွ၊ အဆုတ်ရောင်၊ ချောင်းဆိုး၊ ရင်ကျပ်၊ တငွေ့ငွေ့ကိုယ်ပူသော အဖျားရောဂါများဝင်လာနိုင်သည်။ နေရောင်မဝင်သော အခန်းတွင် ရောဂါပိုးမွှားပေါက်ပွားလွယ်သည်ဟု ဆိုသည်။
အဆုတ်ရေငွေ့ဝင်၍ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ အဆုတ်အအေးပတ်ခြင်းမှ ကာကွယ်နိုင်သော မီးဖိုချောင်သုံး အစားအစာမှာ ကြက်သွန်ဖြူဖြစ်သည်။ ကြက်သွန်ဖြူဥတစ်လုံးကို မီးဖုတ်၍ဖြစ်စေ၊ ဥအမြွှာများကို သီတံဖြင့်တံစို့ထိုး မီးကင်၍ဖြစ်စေ နေ့စဉ်တစ်ဥ သို့မဟုတ် ခုနစ်မြွှာခန့်စားပေးလျှင် အဆုတ်အအေးပတ်ခြင်းမှ ကာကွယ်နိုင်သည်။ ငွေကုန်ကြေးကျမများ၊ ပိုးသတ်ဆေးများလည်း မသောက်ရသည့် သဘာဝ ကိုယ်ခံအားဓာတ်စာ ဖြစ်သည်။
အဆုတ်ပွ၍ဖျားလျှင် တငွေ့ငွေ့နှင့် ရက်ရှည်ပြီး အစားအသောက်မစားချင် ခံတွင်းပျက်သည့်ရောဂါ ပါဝင်လာတတ်သည်။ အဆုတ်သည် နှလုံးမှပေးပို့သော သွေးညစ်များကို ပြင်ပမှ ရှူသွင်းသည့်လေနှင့် ထိတွေ့ပေးပြီး သွေးသစ်ဖြစ်အောင် သန့်စင်ပေးရာဌာနဖြစ်သဖြင့် ကျန်းမာရေးအတွက် အလွန်ပင် အရေးကြီးသည်။ အဆုတ်မကောင်းလျှင် သွေးလည်းမသန့်စင်နိုင်ပေ။ အလွန်အရေးကြီးသည့် ကိုယ်တွင်းအင်္ဂါ ဖြစ်သည်။
ကြက်သွန်နီ၏အာနိသင်
ကြက်သွန်နီသည်လည်း အအေးပတ်ခြင်းမှ ကာကွယ်ပေးသည့် အာနိသင်ရှိသည်။ ဟင်းချက်ရာ တွင် ကြက်သွန်နီပါသော်လည်း အပူပေးသဖြင့် ဥမှထွက်သောအခိုးအငွေ့အာနိသင်ပျက်သွားသည်။ အစိမ်းစားခြင်းဖြင့် စူးရှသော အခိုးအငွေ့ကို ရနိုင်သည်။
ကြက်သွန်နီတစ်ဥကို ပါးပါးလှီးပြီး ရှောက်ရည်သို့မဟုတ် သံပရာရည်ဆမ်းပြီး ထမင်းစားသည့် အခါတိုင်း စားသုံးပေးခြင်းဖြင့် ရောဂါပိုးများစွာကို ကာကွယ်နိုင်သည်။ ကြက်သွန်နီဥကိုလှီးပြီးလျှင် ရေအကြိမ်ကြိမ် မဆေးဘဲ တစ်ကြိမ်ခန့်သာဆေးပြီး မွှန်သည့်အနံ့ကိုထိန်းထားသင့်သည်။
ကြက်သွန်နီသည် ဆီးကောင်းစေသဖြင့် မိုးရာသီတွင် ခြေထောက်ရေစို၍ ခြေအေးခြင်း၊ အပူငုပ်၍ ဆီးပူခြင်း၊ ဆီးအောင့်ခြင်းများအတွက်ပါ ကာကွယ်ပေးနိုင်သည်။ ဆီးလမ်းကြောင်းနှင့် ကျောက်ကပ်အတွက်ပါ ကောင်းသော မီးဖိုချောင်မှ ဆေးစွမ်းကောင်းဖြစ်သည်။
မိုးရာသီတွင် အဓိကစားသင့်သည့်အရသာမှာ အခါးဟု ရှေးဓာတ်စာ ဆရာကြီးများက ဆိုသည်။
အပြင်တွင်အေးပြီး အအေးပတ်သဖြင့် ကိုယ်တွင်းငုပ်နေသော အပူဓာတ်( ဥဏှတေဇော)နှင့်တွဲလျက် ဖြစ်ပေါ်လာသော (ဥဏှဝါယော) လေပူအထက်သို့ ကန်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းပူခြင်း၊ အဆုတ် အပူအောင်းခြင်းတို့ကို အခါးအရသာစားပေးခြင်းဖြင့် သက်သာစေနိုင်သည်ဟု ဆိုသည်။ ခွေးတောက်ရွက်၊ ကြောင်လျှာသီး၊ ကြက်ဟင်းခါးသီးတို့ကို သင့်တင့်ရုံစားပေးခြင်းဖြင့် ကျန်းမာရေးအတွက် ကောင်းမွန်စေနိုင်ကြောင်း မိုးရာသီဓာတ်စာအဖြစ် တင်ပြလိုက်ရပေသည်။
မိုးစိုခြေအေးဝမ်းရောင် သွေးတိုးသတိပြု
မိုးဥတုတွင် နေအိမ်ပြင်ပထွက်ပြီး နေ့စဉ်သွားလာအလုပ်လုပ်ရသူများသည် ခြေထောက်ရေစိုရာမှ နောက်ဆက်တွဲအဖြစ် ခြေအေးဝမ်းရောင်ခေါ် အစာမကြေဝမ်းဗိုက်လေပွရောဂါနှင့် အသက် ၄၀ ကျော်သူများမှာ သွေးတိုးရောဂါဝင်လာတတ်သည်ကို သတိပြုကြရန်တင်ပြလိုသည်။
သွေးတိုးရောဂါသည် အစားမှားမှ၊ အငန်စားမှမဟုတ် ပြင်ပ အအေးပတ်ဖွဲ့ခြင်း၊ မိုးမိခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ သွေးစီးဆင်းမှုကြောင့် ပုံမှန်ပူနွေးနေသော သွေးကြောသည် အအေးဓာတ်ကြောင့် ကျုံ့သွားပြီး ဖိအားတစ်ခုဖြစ်လာကာ သွေးမသွားနိုင်ဖြစ်ရသည်။ ထိုအခါ သွေးပုံမှန်သွားစေရန် နှလုံးမှပို၍ ညှစ်အားပေးရသည်။ ထိုအားကို သွေးပေါင်ချိန်တိုင်းကိရိယာဖြင့် တိုင်းသောအခါ BP 140/90 mm Hg. (အပေါ် သွေးဖိအား ၁၄၀ နှင့် အောက်သွေး ၉၀ မီလီမီတာ / ပြဒါး) ထိ ခံနိုင်ရည်ရှိသောအနေအထားဖြစ်သည်။ အပေါ်ရောအောက်ပါတို့ထက် ဖိအားပိုလာလျှင် သွေးတိုးရောဂါဟု သတ်မှတ်သည်။
မိုးဥတုတွင် နေအိမ်မှထွက်သွားချိန်နှင့် ပြန်လာချိန်များကို သွေးပေါင်ချိန် (သွေးဖိအား) မှတ်တမ်းထားရှိ လေ့လာကြည့်သောအခါ အိမ်မှမထွက်ခွာမီ ပုံမှန်ဖြစ်သော်လည်း ပြန်ရောက်လာချိန်တွင် မိုးရေစိုခဲ့ခြင်း သို့မဟုတ် ခြေထောက်ရေစိုခဲ့လျှင် သွေးပေါင်ချိန်တက်နေသည်ကို တွေ့ရှိရသည်။ အချိန်ကြာကြာ မိုးမိသည်နှင့်အမျှ ပို၍တက်သည်ကိုလည်း လေ့လာတွေ့ရှိရသည်။
နံနက်စောစော အစာကိုစားပြီး နေအိမ်မှထွက်သွားသူများသည် မိုးမိပြီးနောက် အစာမကြေဖြစ်လာတတ်သည်။ ခန္ဓာကိုယ်အအေးပတ်ခြင်း၊ ခြေနှစ်ဖက်ရေစိုခြင်းကြောင့် ဝမ်းမီးနုံ့ပြီး အစာမကြေဖြစ်သည်ဟု ယူဆရသည်။ အစာခြေခြင်းကို ဝမ်းမီးခေါ် ပါစက တေဇောဓာတ်က ဆောင်ရွက်သည်။
ငရုတ်ကောင်း၊ ပိတ်ချင်းနှင့်ချင်းကို တြိကဋုက်သုံးပါးဟု အာယုဗေဒဆေးကျမ်းများက ဆိုသည်။
အစာကြေစေသော (အစပ်သုံးပါး) ဆေးသုံးပါးဟု ဆိုသည်။ မိုးဥတုတွင် အပြင်မထွက်မီ အစားအသောက် စားသုံးလျှင် ဟင်းနှင့်ဟင်းချိုတွင် ငရုတ်ကောင်းခတ်ခြင်း၊ ချင်းထည့်ချက်ခြင်းဖြင့် အစာကြေအောင် အထောက်အကူပြုနိုင်သည်။ အထူးသဖြင့် အသားဟင်းချက်လျှင် ချင်းကိုနိုင်နိုင်ထည့်ချက်လျှင် မိုးဥတုနှင့် သင့်သည်။
ရှေးလူကြီးများက ခြေအေးလျှင် ဝမ်းရောင်သည်ဟု ဆိုကြသည်။ မိုးရေစိုကြသဖြင့် ခြေထောက်အေး လာသောအခါ အအေးဓာတ်သည် တဖြည်းဖြည်းအပေါ်သို့ တက်လာပြီး ချက်တိုင်နှင့် ဝမ်းဗိုက်ထိ ရောက်လာသည်။ အစာမကြေဖြစ်လာသည်။ အစာမကြေလျှင် လေပွလာပြီး ဝမ်းဗိုက်သည် တင်းပြီး ဖောင်းလာသည်ကို ဝမ်းရောင်ခြင်းဖြစ်သည်ဟု ခေါ်ခြင်းဖြစ်သည်။ အစာမကြေခြင်း၏ နောက်ဆက်တွဲရောဂါမှာ ခေါင်းကိုက်၊ ခေါင်းအုံခြင်းနှင့် သွေးတိုးရောဂါဖြစ်သည်။
မိုးရွာထဲမှပြန်လာပြီးနောက် ကိုယ်တစ်ခြမ်းလေဖြတ်သွားသူကိုတွေ့ဖူးသည်။ အသက် ၅၀ ခန့် အရွယ်ကောင်းဖြစ်သည်။ ယခင်က သွေးတိုးဖူးသည်။ သို့သော် အမြဲမတိုးသဖြင့် သွေးကျဆေးကို ပုံမှန်မသောက်ဟုဆိုသည်။ နေအိမ်တွင် လဲကျသဖြင့် ဆေးရုံပို့သောအခါ သွေးပေါင်အလွန်တက်ပြီး ဦးနှောက် အတွင်း သွေးခဲရောက်သဖြင့် ပိတ်ဆို့ပြီး လေဖြတ်ရခြင်းဖြစ်သည်ဟုဆိုသည်။ ခြေအေးခြင်းမှ စခဲ့သည့် သွေးတိုးရောဂါဖြစ်သည်။ သတိပြုကြစေရန် တင်ပြရခြင်းဖြစ်သည်။
အဆုတ်သည် လူ့သွေးသန့်စင်ပေးသည့်စက်ရုံဖြစ်သည်။ ခန္ဓာကိုယ်အတွင်းလှည့်ပတ်ပြီးနောက် ညစ်ညမ်းသွားသော သွေးများသည် အဆုတ်သို့ ရောက်ရှိပြီးနောက် ပြင်ပမှရှူသွင်းသည့် လေသန့်တွင် ပါဝင်သည့် အောက်ဆီဂျင်နှင့်ပူးပေါင်းပြီး သွေးအသစ်တစ်ဖန်ပြန်ဖြစ်ရသည်။ နှလုံးသည် အဆုတ်မှ ပြန်ဝင်လာသော သွေးအသစ်ကိုလက်ခံပြီး ခန္ဓာကိုယ်သို့ ဖြန့်ဖြူးပေးခြင်းသာ ဖြစ်သည်။ ထို့ကြောင့် အဆုတ်နေကောင်းနေဖို့ လိုအပ်သည်။ အဆုတ်အအေးမိခြင်းသည် အဆုတ်ဖျားနာခြင်း၊ အဆုတ်ပွခြင်း၊ အဆုတ်ရောင်ခြင်းကို့ ဖြစ်စေသဖြင့် သတိပြုရမည့်ရောဂါတစ်ခုဖြစ်ကြောင်း တင်ပြလိုက်ရသည်။
ကြည်လွင်မြင့်(မုဒြာ)