ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်
အမှတ်စဉ်(၁၈)
စစ်ဖိနပ်များစီးသားမကျသေး၍လည်းကောင်း၊ ခြေအိတ်မပါ၍လည်းကောင်း ၅ မိုင်ခန့်လျှောက်မိသောအခါ ဖိနပ်ပေါက်စပြုလာပါသည်။ ဖိနပ်မရသေးသောရဲဘော်များမှာ ညှပ်ဖိနပ်ဖြင့်လည်းကောင်း၊ ဖိနပ်မပါဘဲ ခြေထောက်ချည်းသက်သက်လည်းကောင်း လျှောက်ကြရသည်။
ရဲဘော်များ ခရီးစထွက်စက တက်ကြွလျက်ရှိကြသော်လည်း တစ်နာရီခန့် လျှောက်မိသောအခါတွင် သွက်သွက်လက်လက် မရှိကြတော့ဘဲ ခြေထောက်များလေးတွဲ့လာကြသည်။ ရဲဘော်များ၏ ခြေလှမ်းများ လေးလာသောအခါ စစ်ခရာများက စစ်ချီသံများကို မှုတ်ပေးသဖြင့် ခြေလှမ်းများ တစ်ဖန်သွက် လာကြပြန်ပါသည်။ ခဏမျှကြာသောအခါ မလိုက်နိုင်တော့သောရဲဘော်များ လမ်းဘေးတွင် ထိုင်ကျန်ရစ်ခဲ့ကြပါလေသည်။
လမ်းတွင် ၃ ကြိမ်ခန့်အနားပေးပြီး ချီတက်ခဲ့ရာ ပေါင်းလောင်းချောင်းသို့ မွန်းလွဲပိုင်းတွင်ရောက်ရှိကြသည်။ ချောင်း၏ အရှေ့ဘက်ကမ်းတွင် ဆင်ဖြူတောင်ရှိသည်။ ရှေ့ပြေးတပ်စုက ချောင်းကို ဦးစွာကူးသွားပြီး နေရာယူပြီးမှ တပ်ခွဲများဖြတ်ကူးကြသည်။ ရေမနက်ပါ။ ရင်ခေါင်းခန့်သာရှိသည်။ ရေထဲဆင်းရ၍ ကျွန်တော်တို့ရဲဘော်များပျော်ကြသည်။ သယ်လာသောအဝတ်ထုပ်များကို ခေါင်းပေါ်မြှောက်ပြီး ရေငုပ်သူငုပ်၊ ရေကူးသူကူး ပျော်ရွှင်မြူးထူးကြသည်။ ဗိုလ်လေးများ၊ ဆရာများကလည်းမတားကြပါ။ ကျွန်တော်တို့ပျော်၍ သူတို့လည်း ပျော်နေပုံရပါသည်။ ရေမကူးတတ်တဲ့ရဲဘော်တွေကို ရေကူးတတ်တဲ့ရဲဘော်တွေက တွဲခေါ်သွားကြ ဟုသာ ညွှန်ကြားကြသည်။
တစ်ဖက်ကမ်းသို့ရောက်ပြီးနောက် ဆင်ဖြူတောင်တောင်ခြေတွင် တပ်ခွဲအလိုက်နေရာချထားပေးပြီး အနားပေးထားပါသည်။ နံနက်စာ ဆန်ပြုတ်တစ်ခွက်သာ သောက်ခဲ့ရသော ကျွန်တော်တို့ ဆာလွန်း၍ ဗိုက်များတကြုတ်ကြုတ်မြည်လျက်ရှိပါသည်။ နေ့လယ်စာစားရမည့်ထမင်းထုပ်တွင် စိတ်ရောက်ကာ မျှော်နေကြသည်။ နေ့လယ်စာအတွက် ရွာများမှ ထမင်းထုပ်များပေးပို့ထားသဖြင့် တပ်ခွဲလိုက် သွား ရောက်ထုတ်ယူကြရပါသည်။ ထမင်းထုပ်တွင် ပါလာသောဟင်းများ မကောင်းလှသော်လည်း မြိန်ရှက်လှပါသည်။ တစ်ထုပ်နှင့်မဝသော ရဲဘော်များက ထမင်းထုပ်အပိုများကို ဝေမျှစားရပါသည်။
ထမင်းစားပြီးသောအချိန်တွင် ဆင်ဖြူတောင်ဘုရားတောင်ပေါ်သို့တက်ခွင့်ရ သဖြင့် ကျွန်တော် ဘုရားတက်ဖူးပါသည်။
လမ်းခုလတ်တွင်ရှိသော ဇရပ်ကလေး၌ ခေတ္တနားသည်။ ယင်းဇရပ်လေးမှ တောင်ဘက်၊ အနောက်ဘက်နှင့် မြောက်ဘက်များသို့ ရှုမျှော်ခင်းကောင်းသည်။ လေ တဖြူးဖြူးတိုက်ခတ်လျက်ရှိသည်။ ရဲဘော်တစ်ယောက်က တယောထိုးလျက်ရှိရာနားထောင်၍မငြီးအောင် ခံစားရပါသည်။
ရဲဘော်များ သီချင်းဝိုင်းဆိုကြပါသည်။ သီဆိုသောသီချင်းများထဲမှ ပန်းဟေဝန်ယိုးဒယားသီချင်းအလိုက် ပန်းဟေဝန်၊ခုနစ်ခွေ မျှော်လေယောင်၊ ညိုပြာရီမှောင်၊တိမ်တောင်နီလာသွေးကို မန်းရတနာပုံ နေပြည်တော် အစချီ၍ မန်းရတနာပုံ နေပြည်တော်ကြီး နယ်ချဲ့အင်္ဂလိပ်လက် ချက်ဖြင့် ပြာပုံအတိရောက်သွားရပုံ စပ်ဆိုထားသောသီချင်းကို ယနေ့တိုင်အလွတ်ရနေသေး၍ သီဆိုနေမိပါသည်။
ညနေ ၄ နာရီခန့်တွင် တပ်ခွဲလိုက် ကျန်းမာရေးလေ့ကျင့်ကြရသည်။ လေ့ကျင့်ခန်းပြီးသောအခါ ရဲဘော်များကို ပေါင်းလောင်းချောင်းအတွင်း ရေချိုးခွင့်ပေးပါသည်။ ကျွန်တော်အပါအဝင် ရေကူးတတ်သောရဲဘော်များ ရေကူးပြိုင်ကြပါသည်။
ချောင်းကမ်းပါးပေါ်မှ ဒိုင်ဗင်ထိုးခဲ့ကြသည်ကို ယနေ့တိုင် သတိရလျက်ရှိနေပါသေးသည်။ ထိုညက ဆင်ဖြူတောင်တောင်ခြေရင်းတွင် ခေါင်းအုံးမပါ၊ မြေခင်းဗလာဖြင့် မြေကြီးပေါ်၌အိပ်ကြရပါသည်။ နောက်တစ်နေ့ သင်္ကြန်အကြတ်နေ့တွင် နံနက်စောစောထ၊ ကျန်းမာရေးလေ့ကျင့်ပြီးနောက် ရွာနီးချုပ်စပ်မှ ဘုရားသို့လာကြသည့် ဘုရားဖူးများနှင့်ရော၍ ဘုရားပေါ်တက်ကြပါသည်။ အနီးအနားရွာများကိုလည်း သွားလည်ကြပါသည်။ သင်္ကြန်တွင်းဖြစ်၍ ရွာတွင်းရှိ အပျိုများကို ရေပက်နိုင်ကြပါသည်။ ရွာတွင်းရှိ ရွာသူရွာသား၊ ကလေးသူငယ်များနှင့် ပျော်ရွှင်စွာရေကစားကြသည်။ လွတ်လပ်၍ ကျွန်တော်တို့ ပျော်မြူးလွန်ကြပြီး စခန်းသို့အချိန်လွန်မှ သတင်းပို့နိုင်ကြပါသည်။ အချိန်လွန်သော ရဲဘော်အများအပြား ဒဏ်ပေးခြင်း ခံကြရပါသည်။
နောက်တစ်နေ့ နံနက်စောစော ဆင်ဖြူတောင်မှ ပြန်လည်ထွက်ခွာခဲ့ကြရာ မွန်းလွဲပိုင်းတွင် တပ်ရင်းသို့ ပြန်ရောက်ကြပါသည်။
သင်္ကြန်တွင်းဖြစ်၍သာ ဤမျှလွတ်လပ်စွာ ပျော်ရွှင်ခွင့်ရကြခြင်းဖြစ်ပါသည်။ နောင်တွင် မြို့တွင်းဝင်ထွက်ခွင့် မရကြပါ။
တပ်ကြပ်သင်တန်းအတွက် လူရွေးချယ်ခြင်း
တပ်ရင်း(၄)တွင် အခြေခံစစ်ပညာသင်ပြီး ကင်းစောင့်ခြင်း၊ အလုပ်ကြမ်းများလုပ်ကိုင်ခြင်းဖြင့် အချိန်ကုန် မှန်းမသိကုန်လာခဲ့ပါသည်။ ကျွန်တော်သည် စစ်ပညာသင်ကြားရာတွင် လည်းကောင်း၊ အခြားတာဝန်များ ထမ်းဆောင်ရာတွင်လည်းကောင်း မခိုမကတ် တက်ကြွစွာ ကြိုးစားလုပ်ကိုင်ခဲ့ပါသည်။ မမာမကျန်းအနာတရ ဖြစ်နေချိန်တွင်ပင် အနားမယူဘဲ သင်တန်းကို မပျက်မကွက်ဆင်းခဲ့ပါသည်။ ကင်းစောင့်တာဝန်၊ အိပ်ဖန်စောင့်တာဝန်၊ ထမင်းချက်တာဝန်နှင့် အလုပ်ကြမ်းတာဝန်များ အခြားရဲဘော်များ မလုပ်လိုလျှင် သူတို့ကိုယ်စား ဝင်ရောက်တာဝန်ယူပေးခဲ့ပါသည်။
ထိုအချိန်က မင်္ဂလာဒုံဗိုလ်သင်တန်းကျောင်း ပထမပတ်သင်တန်းဆင်းသွားပြီဖြစ်၍ ဒုတိယပတ်သင်တန်း အတွက် လူရွေးမည်ဟုသတင်းထွက်နေပါသည်။ မင်္ဂလာဒုံဗိုလ်သင်တန်းကျောင်းတွင် သင်တန်း တက်သူများအနက်မှ အကြပ်ဖြင့်သင်တန်းဆင်းရသူများနှင့် ဆက်လက်သင်တန်းတက်ရသူများသည် မီနာရိုက်ခန်း (ဗိုလ်လောင်း)အဖြစ် သင်တန်းဆင်းကြရပါသည်။
ဆက်လက်ဖော်ပြပါမည်။