ရုရှား-မြန်မာနှစ်နိုင်ငံ ရေထွက်ကုန်လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုမှ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှု၏ လင်းရောင်ခြည်များ ယှက်သန်းစေလျက်ရှိ
“မြန်မာနိုင်ငံအတွက်ကတော့ နည်းပညာရော ခေတ်မီပစ္စည်းကိရိယာတွေရော ရဖို့အတွက် အခွင့်အလမ်းတွေရှိလာပြီ၊ ရေလုပ်ငန်းနဲ့ရေထွက်ကုန်ပစ္စည်းတွေကို အဆင့်မြှင့်တင်ပြီး ပို့ဆောင်နိုင်ဖို့အတွက် အများကြီးဆွေးနွေးနိုင်ခဲ့ပါတယ်”
ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင် စက်တင်ဘာ ၂၁ ရက်မှ ၂၃ ရက်နေ့အထိ ကျင်းပခဲ့သည့် Global Fisheries Forum and Expo Russia ဖိုရမ်သို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံအတွက် အရည်အသွေးမြင့်သည့် ရေထွက်ကုန်များ ထုတ်လုပ်နိုင်ရေးနှင့်ပြည်ပဈေးကွက်ဝင် ရေထွက်ကုန်များ တင်ပို့နိုင်ရေး၊ ကမ္ဘာ့ဈေးကွက်ဝင် ပနားမီးပုစွန်တင်ပို့နိုင်ရေး၊ ခေတ်မီငါးဖမ်းဆီးရေးနည်းပညာများကို ရရှိအောင် ဆောင်ရွက်ခဲ့ကြသူများ၏ စကားသံများကို ဖော်ပြလိုက်ပါသည်-
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး
အခုသွားခဲ့တဲ့ ခရီးစဉ်ဟာ ရုရှားနိုင်ငံမှာကျင်းပတဲ့ Global Fisheries Forum and Expo Russia ဖြစ်ပါတယ်။
ရုရှားနိုင်ငံရဲ့ ဖိတ်ကြားချက်အရ သွားခြင်း ဖြစ်ပါတယ်။ ဖိုရမ်မှာဆိုရင် ရုရှားနိုင်ငံရဲ့ငါးလုပ်ငန်းနဲ့ပတ်သက်တဲ့ ဆွေးနွေးတဲ့ အချက်အလက်တွေကို တက်ရောက်လေ့လာခဲ့ကြတယ်။ ပြပွဲရဲ့ ဒုတိယနေ့မှာ မြန်မာနိုင်ငံနဲ့ရုရှားနဲ့ ပူးတွဲပြီးတော့ ဆောင်ရွက်မယ့်လုပ်ငန်းတွေကို လက်မှတ်ရေးထိုးနိုင်ခဲ့တယ်။ အထူးသဖြင့်တော့ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းရပ်တွေက ငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ပါ။ ရုရှားနိုင်ငံဟာ ကျွန်တော်တို့ နိုင်ငံထက်စာရင် ငါးလုပ်ငန်းနဲ့ပတ်သက်ပြီး အများကြီးဖွံ့ဖြိုးတိုးတက်တယ်။ ဒီအတွက်ကြောင့် မြန်မာနိုင်ငံမှာ ငါးလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်မယ့် နည်းပညာပိုင်း၊ ပစ္စည်းပစ္စယအကူအညီပိုင်းစတာတွေကို သူတို့ကူညီဆောင်ရွက်ပေးမယ့် အကြောင်းကို လက်မှတ်ရေးထိုးနိုင်ခဲ့တယ်။
ဒါ့အပြင် ရေထွက်ပစ္စည်း ငါး၊ ပုစွန်နဲ့ပတ်သက်ပြီးတော့ ထုတ်လုပ်မှုလုပ်ငန်းတွေမှာ သူတို့ရဲ့ ကုန်ချော ထုတ်လုပ်တဲ့ နည်းပညာတွေကို သူတို့က ကူညီပံ့ပိုးပေးမယ်။ မြန်မာနိုင်ငံက ရေထွက်ကုန်ပစ္စည်းများတယ်။ ရုရှားမှာက အေးလွန်းအားကြီးတဲ့အတွက် မွေးလို့မရဘူး။ ဒါကြောင့်မြန်မာနိုင်ငံက ပုစွန်အပါအဝင် ရေထွက်ပစ္စည်းတွေကို တန်ဖိုးမြင့်ထုတ်ကုန်တွေ ပြုလုပ်မယ်။ လုပ်ပြီးတော့ သူတို့နိုင်ငံကို ပြန်လည် တင်ပို့ရောင်းချနိုင်ဖို့ စတဲ့ကိစ္စရပ်တွေကို လက်မှတ်ရေးထိုးခဲ့တယ်။ ကျန်တဲ့အစိတ်အပိုင်းကတော့ အထူးသဖြင့် ရုရှားနိုင်ငံမှာရှိတဲ့ ရေလုပ်ငန်းနဲ့ပတ်သက်တဲ့ ထုတ်လုပ်မှု စက်ရုံတွေကို လေ့လာတယ်။
နောက်တစ်ခါ တန်ဖိုးမြင့်ထုတ်ကုန်ကို တင်ပို့နိုင်ဖို့အတွက် စိန့်ပီတာစဘတ်က မြို့တော်ဝန်နဲ့ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ဖို့အတွက် ဆွေးနွေးနိုင်ခဲ့တယ်။
အထူးသဖြင့် ပြီးခဲ့တဲ့လကတည်းက နိုင်ငံတော်ဝန်ကြီးချုပ်သွားခဲ့တဲ့ ခရီးစဉ်ရဲ့ အကျိုးဆက်ပါပဲ။ ခရီးစဉ်မှာ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးကဆွေးနွေးခဲ့တယ်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကူညီပေးဖို့ဆွေးနွေးခဲ့တဲ့အတွက် အခုလိုဖိတ်ကြားခြင်း ဖြစ်တယ်။
အခုခရီးစဉ် သွားရောက်ခြင်းအားဖြင့် မြန်မာနိုင်ငံအတွက် မကြာမီကာလအတွင်းမှာ မြန်မာ့ပင်လယ်ပြင်မှာ ငါးသယံဇာတတည်ရှိမှုကို သုတေသနပြုလုပ်ဖို့လာမယ်။
ကမ်းဝေးငါးဖမ်းသင်္ဘောတွေနဲ့ ပတ်သက်ရင် သင်္ဘောတွေ ရောက်ရှိနေတဲ့နေရာကို စောင့်ကြည့်တယ်။ စုံစမ်းစစ်ဆေးတာရှိတယ်။ အဲ့ဒါတွေနဲ့ပတ်သက်ပြီး သူတို့ဆီက နည်းပညာ အကူအညီရယူဖို့ ဆွေးနွေးခဲ့တာလည်း ရှိတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းကို ဆောင်ရွက်တာဆိုရင် ကမ္ဘာ့အဆင့် နံပါတ် ၁၀ မှာရှိပါတယ်။ ငါးဖမ်းဆီးတဲ့နေရာမှာ ပိုမိုကောင်းမွန်တဲ့ ကိရိယာတွေလိုပါတယ်။
တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ကလည်း ငါးဖမ်းဆီးမှုမှာ အကောင်းဆုံးနိုင်ငံတွေ ဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံအနေနဲ့ ငါးဖမ်းဆီးတဲ့နေရာမှာ မီတာ ၁၀၀ အောက်မှာရှိတဲ့ ငါးတွေဆိုရင် ဖမ်းဆီးလို့မရခဲ့ဘူး။ အခုအခါမှာတော့ ရေနက်ပိုင်းအောက်ထိရှိတဲ့ ငါးတွေကိုတောင် ဖမ်းဆီးနိုင်တဲ့ နည်းပညာတွေနဲ့ပတ်သက်ပြီး ဆွေးနွေးနိုင်ခဲ့တယ်။ မကြာမီကာလအတွင်းမှာ ရုရှားနိုင်ငံက သုတေသနလုပ်ဖို့ သင်္ဘော ၁၆ စင်းလောက် မြန်မာနိုင်ငံကိုလွှတ်ဖို့ရှိတယ်။ ဒီကိစ္စကတော့ နှစ်နိုင်ငံလူကြီးတွေကို တင်ပြပြီးတော့မှ ခွင့်ပြုချက်ရယူပြီး ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက်ကတော့ နည်းပညာရော ခေတ်မီပစ္စည်းကိရိယာတွေ ရောရဖို့အတွက် အခွင့်အလမ်းတွေရှိလာပြီ၊ ရေလုပ်ငန်းနဲ့ ရေထွက်ကုန်ပစ္စည်းတွေကို အဆင့်မြှင့်တင်ပြီး ပို့ဆောင်နိုင်ဖို့အတွက် အများကြီးဆွေးနွေးနိုင်ခဲ့ပါတယ်။
အထူးသဖြင့် ငါးလုပ်ငန်းဖိုရမ်သွားခဲ့တဲ့အတွက် ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထား ဆောင်ရွက် ခဲ့သော်လည်း တစ်ဖက်ကလည်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေကိုပါ အစိတ်အပိုင်းတစ်ခု အနေနဲ့ ဆွေးနွေးခဲ့တာတွေ ရှိတယ်။ ရေရှည်မှာ ရုရှားနိုင်ငံဟာ မြန်မာနိုင်ငံအတွက် ချစ်ကြည်ရင်းနှီးစွာ နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်သွားဖို့ အစီအစဉ်တွေ ရှိပါတယ်။ လက်ရှိစိုက်ပျိုးမွေးမြူရေးမှာ ဖွံ့ဖြိုးနေတာတွေရှိတယ်။ အထူးသဖြင့် စိုက်ပျိုးရေးကဏ္ဍ၊ အသားကဏ္ဍ ဆက်လက်ဆောင်ရွက်သွားဖို့ အစီအမံတွေရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ရုရှားနိုင်ငံမှာ အခုလို သွားရောက်ပြီးတော့ ပူးပေါင်းဆောင်ရွက်တာ ပထမဦးဆုံးအကြိမ် ဖြစ်ပါတယ်။ တစ်ကြိမ်ဆိုတစ်ကြိမ်ဆို သလောက် အကျိုးရှိပါတယ်။ ရုရှားနိုင်ငံမှာ ရှိတဲ့ တာဝန်ရှိသူတွေကလည်း လာရောက်ပြီး ပူးပေါင်းဆွေးနွေး ကြတဲ့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေထွက်ကုန်ထုတ်လုပ်ရေးတွေအပြင် စိုက်ပျိုးရေး တောင်သူတွေအတွက်ပါ အကျိုးရှိတဲ့ခရီးစဉ်တစ်ခုဖြစ်ပါတယ်လို့ ပြောကြားလိုပါတယ်။
မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်အကြီးတန်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်
ဆရာမတို့နိုင်ငံအနေနဲ့ အခုရုရှားနိုင်ငံမှာ ကျင်းပတဲ့ ငါးလုပ်ငန်းဖိုရမ်မှာ MoU ရေးထိုးနိုင်ခဲ့တယ်။ MoU ထိုးခဲ့ပေမယ့်လည်း Protocol လို့ခေါ်တဲ့ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေ ရှိပါသေးတယ်။ ရုရှားဘက်က ဆိပ်ခံဗောတံတားတွေ၊ စက်ရုံတွေကို လာရောက်စစ်ဆေးပြီးရင်တော့ Export သွားလို့ရမယ်။ ဒါတွေကို တော့ငါးလုပ်ငန်းဦးစီးဌာနက ဆောင်ရွက်ရမှာပါ။ ဒါတွေဆောင်ရွက်ပြီးရင်တော့ Export မြန်မြန်လုပ်လို့ရမယ်။ အဓိကကတော့ ပုစွန်ပါ။ ရုရှားနိုင်ငံမှာက ငါး၊ကဏန်းစတဲ့ ရေထွက်ကုန်တွေက ပေါပေါများများရှိတဲ့အတွက် သူတို့သိပ်မဝယ်လောက်ဘူး။ ပုစွန်ကတော့ ရုရှားနိုင်ငံအနေနဲ့ အကြီးအကျယ်လိုပါတယ်။ပုစွန်ဆိုရင်တော့ တနင်္သာရီတိုင်းဒေသကြီးမှာမွေးနိုင်တယ်။ အခုခရီးစဉ်မှာ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ကလည်း ပါလာတယ်။ ပုစွန်ကိုမွေးနိုင်တယ်။ ရောင်းနိုင်တယ်။ တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံကို ပုစွန်တင်ပို့ဖို့ဆောင်ရွက်နေတယ်။ တရုတ်ကတော့ Protocol လို့ခေါ်တဲ့ လုပ်ငန်းစဉ်တွေပြီးသွားပြီ MoU ရုရှားနဲ့မထိုးရသေးဘူး။
Protocol အပိုင်းကို သွားပြီးမှ Export အပိုင်းကိုသွားလို့ရမယ်၊ Protocol လုပ်နေတဲ့အချိန်မှာ မွေးတဲ့သူတွေကမွေးမယ်။ သူတို့ဘယ်လောက် ပြည်ပကိုပို့နိုင်မယ်ဆိုတာ ထွက်လာမှာပါ။ ထွက်လာတဲ့ အခါမှရောင်းတဲ့၊ ဝယ်တဲ့ဟာတွေကိုလုပ်နိုင်မယ်။ ဒီနှစ်ခုလုံးမပြီးသေးရင်တော့ ဘာမှလုပ်နိုင်မှာမဟုတ်ပါဘူး။
ပို့ဆောင်ရေးအပိုင်းကတော့ ရေကြောင်းကနေအများဆုံးဖြစ်မယ်လို့ ထင်ပါတယ်။ ပုစွန်ကို တနင်္သာရီ တိုင်းဘက်မှာ မွေးနိုင်တဲ့အတွက် သူတို့ဘယ်လိုတွေဆောင်ရွက်မယ်။ Protocol ကို ဝန်ကြီးဌာနဘက်က အမြန်ဆုံးဆောင်ရွက်ရင် အမြန်ဆုံးတင်ပို့နိုင်မယ်။ တနင်္သာရီတိုင်းဘက်က ပုစွန်အကောင်ရေ ဘယ်လောက်ထုတ်နိုင်မလဲ။
နောက်တစ်ခုကတော့ ရေနက်ပိုင်းမှာ ငါးဘယ်လိုဖမ်းမလဲဆိုတာပေါ့။ ကျွန်မတို့ နိုင်ငံအနေနဲ့ ရေအောက်မီတာ ၂၀၀ လောက်ဆို အနိုင်နိုင်ငါးဖမ်းနေရတာ။ သူတို့က မီတာ ၁၅၀၀ လောက်ဖမ်းနိုင်မယ့် စနစ်မျိုးလည်းလာရောက်ပြီး အကျိုးတူပူးပေါင်းဖို့ရှိပါတယ်။ လာရောက်ဆောင်ရွက်တယ်ဆိုရင် ကျွန်မတို့လည်း နည်းပညာရပြီး တိုးတက်သွားမှာပါ။ လူအယောက် ၃၀ လိုတယ်ဆိုရင် သူတို့ဘက်က ၁၅ ယောက်၊ ကျွန်မတို့ဘက်က ၁၅ ယောက်ပူးပေါင်းဆောင်ရွက်ဖို့ ရှိပါတယ်။
ဒါတွေက ကျွန်မတို့နိုင်ငံအတွက် ရေနက်ပိုင်းမှာငါးဖမ်းဆီးရေးဆိုတဲ့ နည်းပညာကို ရရှိပါမယ်။ ကျွန်မတို့ဆီက ပုစွန်ကို ဘယ်လောက်ထုတ်နိုင်မလဲ။ သူတို့ကလည်း ဘယ်လောက်ဝယ်အားရှိမလဲ။ ဒါတွေကျွန်မတို့က လေ့လာပြီးတော့မှ သူတို့လိုချင်တဲ့ဟာကိုကျွန်မတို့က ထုတ်ပေးမယ်။ နောက်နည်းပညာပေါ့။ ငါးသယံဇာတကို လေ့လာရေးလုပ်ဖို့ရှိတယ်ဆိုတော့ သူတို့ဘက်ကလည်း လာရောက်ဆောင်ရွက်ပေးမယ်။ ဒီတော့ကျွန်မတို့အနေနဲ့ ကျွန်မတို့နိုင်ငံမှာ ငါးသယံဇာတဘယ်လောက် ရှိတယ်ဆိုတာကိုလည်း သိရှိရမှာဖြစ်ပါတယ်။
တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်အတွင်းရေးမှူး ဦးသက်စိုးကျွန်တော်တို့အနေနဲ့ ရုရှားနိုင်ငံမှာ ကျင်းပတဲ့ Global Fisheries Forum and Expo Russia ဖိုရမ်မှာ မြန်မာနိုင်ငံက ထွက်ရှိတဲ့ရေထွက်ကုန်တွေကို ဆွေးနွေးနိုင်ခဲ့ပါတယ်။
တနင်္သာရီတိုင်းမှာ ပနားမီးပုစွန်ကိုမွေးနေတယ်။ အောင်လည်းအောင်မြင်နေပါတယ်။ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌကတော့ သူတို့နဲ့အဆက်အသွယ်တွေလုပ်နိုင်ခဲ့တယ်။ ကျွန်တော်တို့ ဆီက ထွက်ကုန်တွေ သူတို့ဆီတင်ပို့နိုင်အောင်ပါ။ ကျွန်တော်တို့ဆီကထွက်ရှိတဲ့ ပနားမီးပုစွန်ကို ထိုင်း၊ တရုတ်စတဲ့ နိုင်ငံတွေကိုလည်း တင်ပို့နိုင်အောင်ဆောင်ရွက်နေပါတယ်။ ပြီးတော့ ရုရှားနိုင်ငံက ကျွန်တော်တို့ဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ငါးဖမ်းဆီးရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ကမ်းလှမ်းတာတွေလည်း ရှိပါတယ်။
သုတေသနလုပ်ငန်းတွေ လုပ်ဖို့လည်း ဆွေးနွေးဖြစ်ပါတယ်။ အဓိကကတော့ ပနားမီးပုစွန်မွေးမြူမှု အောင်မြင်တဲ့အတွက် ရုရှားနိုင်ငံကို တင်ပို့ဖို့အတွက် သူတို့ကအဓိက ကမ်းလှမ်းလာခြင်း ဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော်တို့ အနေနဲ့တန်ဖိုးမြင့်ရေထွက်ကုန်တွေကိုတင်ပို့နိုင်မယ့် အခွင့်အလမ်းတွေအများကြီး ရရှိလာပါတယ်။ ။
လင်းခန့်