(၇၅)နှစ်မြောက် စိန်ရတုဆေးဝန်ထမ်း တပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် တပ်မတော်တွင် ပထမဆုံးအကြိမ် အသည်းအစားထိုး ခွဲစိတ်ကုသမှု ဒုတိယနေ့ ဆက်လက် ခွဲစိတ်ကုသ

(၇၅)နှစ်မြောက် စိန်ရတုဆေးဝန်ထမ်း တပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် တပ်မတော်တွင် ပထမဆုံးအကြိမ် အသည်းအစားထိုး ခွဲစိတ်ကုသမှု ဒုတိယနေ့ ဆက်လက် ခွဲစိတ်ကုသ

နေပြည်တော်၊ စက်တင်ဘာ-၂၈

    ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုဆေးဝန်ထမ်း တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တပ်မတော်တွင် ပထမဆုံး အကြိမ်အဖြစ် အသည်းအစားထိုး ခွဲစိတ်ကုသမှု ဒုတိယနေ့ကို ယနေ့တွင် ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)ရှိ အထူးကုသမှု စင်တာ၌  ဆက်လက်ပြုလုပ်သည်။

    အဆိုပါအသည်းအစားထိုး ကုသမှုတွင် ဒေါ်ခင်သူဇာမျိုးနှင့် အသည်းအလှူရှင် ဖြစ်သည့် ဒေါ်ကေသီမြင့်တို့ကို ခွဲစိတ်ကုသမှုဆောင်ရွက်ခဲ့ ခြင်းဖြစ်သည်။

   အသည်းအစားထိုး ခွဲစိတ်ကုသမှု ဆောင်ရွက်ရာတွင် အသည်းအလှူရှင် လူနာထံမှ အသည်းထုတ်ယူခြင်းကို ယနေ့နံနက် ၈ နာရီတွင် စတင်ခဲ့ပြီး စုစုပေါင်းခွဲစိတ်ချိန် ၁၂ နာရီခန့် ကြာမြင့်ခဲ့သည်။ အသည်းအလှူရှင်လူနာနှင့် အသည်းလက်ခံလူနာများ၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး ယခုအချိန်တွင် အထူးကြပ်မတ် ကုသခန်း၌ လိုအပ်သော ပြုစုကုသမှုများကို သက်ဆိုင်ရာပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု/ ကျွမ်းကျင်သူများက ဆက်လက် ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ အသည်းအစားထိုး ခွဲစိတ်ကုသမှုကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ဆေးဝန်ထမ်း ညွှန်ကြား‌ရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ကိုကိုလွင်နှင့် အစာအိမ်အူလမ်းကြောင်းနှင့် အသည်းရောဂါ ဖောင်ဒေးရှင်း(မြန်မာ)မှ တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။

    ယခင်ပထမနေ့က ခွဲစိတ်ထားသော အသည်းအလှူရှင်လူနာနှင့် အသည်းအစားထိုး ခွဲစိတ်ကုသမှု ခံယူသည့် လူနာ ၂ ဦး၏ ကျန်းမာရေး အခြေအနေမှာ တိုးတက်ကောင်းမွန်လျက်ရှိပြီး ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများက လိုအပ်သည့် ကြပ်မတ်ကုသမှုများကို ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။