ပြည်သူလူထုလုံခြုံရေးအတွက် ဖုန်း SIM Card များ မှတ်ပုံတင်ခြင်းကို ပြန်လည်စစ်ဆေးမည်
၁။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ စိစစ်ချက်များအရ SIM Card အသုံးပြုသူ အချို့သည် အမည်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် စသည့် အချက်အလက်များကို မှန်ကန်စွာ ဖြည့်စွက်ခြင်းမရှိဘဲ အသုံးပြုလျက် ရှိနေကြသည်ကို တွေ့ရှိနေရပါသည်။
၂။ ယခုအခါ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ e-ID Biographic Registration Software နည်းပညာဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် အခြား အသိအမှတ်ပြု ကတ်တစ်မျိုးမျိုး ကိုင်ဆောင်သူ (၅၂) သန်းကျော်အား National Database တည်ဆောက်၍ စာရင်းသွင်းပြီးဖြစ်ပါသည်။ထို့ကြောင့် SIM Card မှတ်ပုံတင်ပြုလုပ်ရာတွင် ဖြည့်စွက်ထားသည့် အမည်၊နိုင်ငံသား စိစစ်ရေးကတ်ပြား အမှတ်တို့အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ National Database အချက်အလက်များဖြင့် တိုက်ဆိုင် စစ်ဆေးသွားမည် ဖြစ်သည့်အတွက် သုံးစွဲသူအများပြည်သူများ အနေဖြင့် SIM Cardများ ဝယ်ယူ အသုံးပြုရာတွင် မိမိတို့၏မှတ်ပုံတင် (မူရင်း)ဖြင့် အမည်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား အမှတ်တို့ကို မှန်ကန်စွာဖြည့်စွက်၍ စနစ်တကျ မှတ်ပုံတင်နိုင်ပြီးမှသာ အသုံးပြုကြရန် လိုအပ်ပါသည်။ လက်ရှိ အသုံးပြုနေသည့် SIM Card များတွင် အချက်အလက်များအား မှန်ကန်စွာ ဖြည့်စွက်ထားခြင်း မရှိကြောင်း စိစစ်တွေ့ရှိရပါက အဆိုပါ SIM Card များကို အပြီးပိတ်သိမ်း သွားမည်ဖြစ်ပါကြောင်းနှင့် ပိတ်သိမ်း SIM Card များရှိ လက်ကျန်ငွေများအား ပြည့်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းသွားမည် ဖြစ်ကြောင်း အသိပေး ဖော်ပြပါသည်။
၃။ ဆက်သွယ်ရေး အော်ပရေတာများနှင့် SIM Card ရောင်းချသူများ အနေဖြင့်လည်း SIM Card များ ရောင်းချရာတွင် လည်းကောင်း၊ အချက်အလက်များ မှန်ကန်စွာ ပြန်လည် ပြင်ဆင် မှတ်ပုံတင်ရာတွင် လည်းကောင်း ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်သွားရန် နှင့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း မရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ဆက်သွယ်ရေး အော်ပရေတာများအနေဖြင့် မိမိတို့၏ SIM Card အသုံးပြုသူများထံသို့ SMS ပေးပို့၍ သတိပေး ဆောင်ရွက်ရမည်ဖြစ်ပါသည်။
၄။ သို့ဖြစ်ပါ၍ သုံးစွဲသူ အများပြည်သူများ အနေဖြင့် SIM Card များ ဝယ်ယူအသုံးပြုရာတွင် မိမိတို့၏ အချက်အလက်များကို မှန်ကန်စွာဖြည့်စွက်၍ မှတ်ပုံတင်ဝယ်ယူ သုံးစွဲကြပါရန်နှင့် လက်ရှိ အသုံးပြုလျက်ရှိသော SIM Card များ ကိုလည်း အချက်အလက် မှန်ကန်စွာ မှတ်ပုံတင်ထားခြင်း ရှိ/မရှိ ပြန်လည်စစ်ဆေး၍၊ မမှန်ကန်ပါက မိမိတို့ အမှန်တကယ် သုံးစွဲနေသော SIM Card များကို ပိတ်သိမ်းခံရမှု မရှိစေရေးအတွက် သက်ဆိုင်ရာ မိုဘိုင်း အော်ပရေတာများ၏ Online ဝန်ဆောင်မှုဖြင့် လည်းကောင်း၊ အရောင်းဆိုင်များ၊ Mobile Shop များတွင်လည်းကောင်း အချက်အလက်မှန်ကန်စွာဖြင့် ဆက်လက်ထုတ်ပြန်မည့် သတ်မှတ်ရက် မတိုင်မီ ပြန်လည်ပြင်ဆင် မှတ်ပုံတင်၍ သုံးစွဲကြပါရန် အသိပေး ကြေညာအပ်ပါသည်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန