ရန်ကုန်၊ စီးပွားရေး
ပြည်တွင်း၌ အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေလဲလှယ်နှုန်း အနိမ့်ဆုံးအထိ ကျဆင်းနေသည့်အတွက် ပို့ကုန်လုပ်ငန်းများ ထိခိုက်နေကြောင်း ပို့ကုန်လုပ်ငန်းရှင်များ၏ ပြောဆိုချက်အရ သိရသည်။
ထိုသို့ ငွေလဲလှယ်နှုန်းကျဆင်းနေခြင်းကြောင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နေ့စဉ် အမေရိကန်ဒေါ်လာများ ဝယ်ယူကာ ဈေးကွက်အတွင်း ကြားဝင်ထိန်းပေးရန် ကြိုးပမ်းနေသော်လည်း ပြင်ပပေါက်ဈေးအနေဖြင့် အောက်တိုဘာ ၈ ရက်က အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၁၃၀၀ အောက်ရောက်ခဲ့ပြီး အောက်တိုဘာ ၁၆ ရက်က အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၁၂၉၆ ဒသမ ၇ ကျပ်ဖြစ်ခဲ့ကြောင်း သိရသည်။
အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းကျဆင်းမှုမှာ ပြည်တွင်း ကုန်ထုတ်လုပ်ငန်းများကို ထိခိုက်နိုင်သည့်အပြင် လယ်ယာထွက်ကုန်နှင့် သားငါးတင်ပို့မှုကိုလည်း ထိခိုက်လာနိုင်ကြောင်း၊ ထို့ကြောင့် ပို့ကုန်လုပ်ငန်းရှင်များ စိုးရိမ်နေပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများက သင့်လျော်သည့်မူဝါဒများ ထပ်မံချမှတ် ဆောင်ရွက်ပေးရန် မျှော်လင့်နေကြကြောင်း သိရသည်။
“ငွေလဲလှယ်နှုန်း အလွန်အမင်း ကျဆင်းသွားတော့ ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ ထိခိုက်နိုင်တယ်။ အခု တောင် ပို့ကုန်လုပ်ငန်းရှင်တွေ စပြီးထိခိုက်နေပြီ။ ငွေလဲလှယ်နှုန်းက အမေရိကန်တစ်ဒေါ်လာကို ငွေကျပ် ၁၃၀၀ ဝန်းကျင်မှာပဲ တည်ငြိမ်မယ်ဆိုရင် နိုင်ငံခြားဈေးကွက်ရှာတဲ့အခါ လွယ်ကူတာပေါ့။ ငွေကျပ် ၁၃၀၀ နဲ့တွက်ပြီး တင်ပို့လိုက်တဲ့ပစ္စည်းက ဟိုရောက်တော့ ငွေကျပ် ၁၂၈၀ ဖြစ်သွားရင် အမေရိကန်တစ်ဒေါ်လာကို ငွေကျပ် ၂၀ လောက် လျော့သွားတဲ့အခါ အမေရိကန်ဒေါ်လာ ငါးသိန်းဖိုးပို့ရင် အများကြီးထိခိုက်သွားမယ်”ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။
အမေရိကန်ဒေါ်လာဈေးမှာ COVID-19 ရောဂါမဖြစ်မီကာလက အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၁၅၀၀ အထက်ရှိခဲ့သော်လည်း နောက်ပိုင်း တဖြည်းဖြည်း ကျဆင်းလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အက္ခရာ(AMIA)