(၇၅)နှစ်မြောက် စိန်ရတုဆေးဝန်ထမ်းတပ်ဖွဲ့နေ့မှသည် နောင်နှစ်ပေါင်းများစွာအထိ ဂုဏ်ပြုလျက်ရှိ
မြန်မာတို့ ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းနှင့် ဂုဏ်သိက္ခာကြီးမားစွာ နေခဲ့ကြစဉ် ကတည်းက ဆေးဝါးပညာ ကျွမ်းကျင်သူတို့သည် နိုင်ငံတော်၏ အမှုတော်ကို ထမ်းရွက်ခဲ့ကြကြောင်း အစဉ်အလာများ ရှိခဲ့ကြပါတယ်။ သမိုင်းအစဉ်အလာကြီးမားသော မြန်မာ့တပ်မတော်ဟာ နိုင်ငံလွတ်လပ်ရေးအတွက် အသက်၊ သွေး၊ ချွေးများစွာ စတေးကာ အချုပ်အခြာအာဏာ ပြန်လည်ရရှိဖို့ကြိုးပမ်းရာမှာလည်း ဆေးဝန်ထမ်းများဟာ ဆေးဘက်ဆိုင်ရာ တာဝန်များကို ရွပ်ရွပ်ချွံချွံထမ်းဆောင်ခဲ့ကြပါတယ်။ လိုအပ်လာလျှင် ရန်သူကိုပင် ရဲရဲဝံ့ဝံ့ ရင်ဆိုင်ခဲ့ကြတယ်။
ရရှိခဲ့သောလွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှုကို စောင့်ရှောက်ကာကွယ်ရန် တပ်မတော်ကပင် အသက်နှင့် ကိုယ်အင်္ဂါအစိတ်အပိုင်းများ စွန့်လွှတ်ကာ စွန့်စားထမ်းဆောင်ခဲ့ကြသည်ကို သမိုင်းစဉ်တစ်လျှောက် အထင်အရှား တွေ့မြင်ရပါတယ်။
နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေကို နေပူမိုးရွာမရှောင် တောတောင်အထပ်ထပ်ဖြတ်ကျော်၍ စစ်ဆင်ရေး တာဝန်ထမ်းဆောင်နေကြတဲ့ စစ်သည်များအတွက် ဆေးတပ်ဖွဲ့ဝင်တွေဟာ ရှေ့တန်းစစ်မြေပြင်ဆေး အကာအကွယ်များ ပေးခဲ့ကြပါတယ်။ ထိုနည်းတူစွာ နောက်တန်းစစ်ဆေးရုံတွေမှာ တပ်မတော်သားတွေသာမက တပ်မတော်သား အိမ်ထောင်စုဝင် မိသားစုများ၊ အရေးပေါ်ထိခိုက်ဒဏ်ရာရလာသော ပြည်သူများ၊ ဆေးပညာရပ်ဆိုင်ရာအတွက် သုတေသနအထောက်အကူပြု လိုအပ်သော လူနာများ၊ သာသနာတော် တည်တံ့ပြန့်ပွားရေး ဆောင်ရွက်တော်မူနေကြသော သံဃာတော် အရှင်သူမြတ်များ၊ သီလရှင်များ အတွက်ပါ ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးခဲ့တယ်။ နိုင်ငံတစ်ဝန်းမမျှော်လင့်ဘဲ ကြုံလာသော သဘာဝဘေး အန္တရာယ်များ၊ မသမာသူတို့ ဖန်တီးသော ဘေးအန္တရာယ်များ ကြုံတွေ့စဉ်မှာလည်း ဆေးဝန်ထမ်းတပ်ဖွဲ့တွေဟာ တတ်စွမ်းသည့်ပညာဖြင့် ပြုစုကုသမှုပေးခဲ့ကြပါတယ်။
ရဲဘော်သုံးကျိပ်ဦးဆောင်သည့် ဗမာ့လွတ်လပ်ရေးတပ်မတော်(BIA)ကို ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၇ရက်တွင် ဘန်ကောက်မြို့၌ စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံအတွင်းသို့ စစ်ကြောင်းသုံးကြောင်းခွဲကာ ပြန်လည် ဝင်ရောက်ခဲ့ကြတယ်။ ဗမာ့လွတ်လပ်ရေးတပ်မတော် ချီတက်ရာလမ်းတစ်လျှောက်၌ မျိုးချစ်လူငယ် အများအပြား ဝင်ရောက်အမှုထမ်းခဲ့ကြရာ ထားဝယ်မြို့တွင် စစ်ကြီးမဖြစ်မီကပင် ရှိခဲ့သောသူနာပြုတပ်ဖွဲ့ဟာ ထားဝယ်စစ်ကြောင်းမှ ပထမဆုံးဝင်ရောက်ခဲ့တယ်။ လမ်းခရီးတစ်လျှောက် ခြေကျင်၊ မော်တော်ကား၊ လှေ စသည်တို့ဖြင့် ဖြစ်သလိုချီတက်၊ ရောက်ရာအရပ်မှာ ဖြစ်သလိုစခန်းချကာ ၁၄ ရက်တိတိကြာမြင့်ခဲ့ပြီးမှ ရန်ကုန်သို့ရောက်ရှိ သတင်းပို့နိုင်ခဲ့ကြတယ်။ ဗမာ့လွတ်လပ်ရေးတပ်မတော်သို့ စွန့်လွှတ်စွန့်စားစိတ်ဓာတ်ဖြင့် ပထမဆုံး ဝင်ရောက်ခဲ့ကြပြီး မိုင်ပေါင်းများစွာကို အပင်ပန်းအဆင်းရဲခံဖြတ်သန်းလျက် မိမိတို့တတ်ကျွမ်းသော ပြုစုကုသမှုဖြင့် နိုင်ငံတာဝန် ကျေပွန်ခဲ့သည့် တပ်မတော်သူနာပြုတပ်ဖွဲ့ဖြစ်ကြောင်း သိရှိမှတ်သားခဲ့ရတယ်။ BDA အဖြစ် ပြင်ဆင်ဖွဲ့စည်းသော အခါမှာလည်း သူနာပြုတပ်သားများအဖြစ် ဆက်လက်ပါဝင် အမှုထမ်းခဲ့ကြတယ်။ မျိုးချစ်စိတ်ထက်သန်သော ဆရာဝန်၊ဆေးကျောင်းသားများသည်လည်း မိမိတို့နှင့်နီးစပ်ရာ တပ်ဖွဲ့များသို့ ဝင်ရောက်ပြီး တတ်သည့်ပညာဖြင့် ပြုစုကုသမှုပေးခဲ့ကြတယ်။
ဒုတိယကမ္ဘာစစ်အတွင်းနှင့် ဖက်ဆစ်တော်လှန်ရေး ကာလအတွင်း စွမ်းစွမ်းတမံတာဝန် ထမ်းဆောင်ခဲ့ကြသော သူနာပြုများ၏ အခန်းကဏ္ဍ တစ်စိတ်တစ်ပိုင်းကိုလည်း ဖော်ပြချင်ပါတယ်။ အထူးသဖြင့် ဗိုလ်မှူး ဒေါ်ခင်အုန်းမြ၏စွမ်းဆောင်ချက်ကို မှတ်တမ်းတင်လိုပါသည်။ မခင်အုန်းမြသည် ၁၉၃၈ ခုနှစ် အသက် ၁၇ နှစ်အရွယ်ကတည်းက မိုးကောင်းမြို့တွင် ကြက်ခြေနီအမျိုးသမီးတပ်ဖွဲ့ကို ဦးဆောင်ခဲ့တယ်။ ဒုတိယကမ္ဘာ စစ်ကြီးအတွင်း စစ်ဘေးဒုက္ခသည်များအား ဗုံး၊ စက်သေနတ်သံကြားမှ စွန့်စွန့်စားစား ကူညီခဲ့ပါတယ်။ မိုးကောင်းဆေးရုံမှာ ဆရာဝန်၊ ဆရာမဝန်ထမ်းအားလုံး စစ်ပြေးဖြစ်ကြ၍ မခင်အုန်းမြနှင့် အမျိုးသမီးသူနာပြုတပ်ဖွဲ့က ဆေးရုံကိုအစစအရာရာတာဝန်ယူခဲ့တယ်။ မိုးကောင်းမြို့မှ စစ်ဘေးဒုက္ခသည် တစ်ထောင်နီးပါးနှင့်အတူ မကျန်းမာသူ၊ ဒဏ်ရာရသူများကို ပြုစုပေးလျက်ခရီးရှည်ကြီးကို ခြေကျင်တစ်လှည့်၊ လှည်းတစ်လှည့်တစ်တောဝင်တစ်တောင်တက် ပင်ပန်းဒုက္ခ များစွာနှင့် ခရီးနှင်ခဲ့ပါတယ်။ ထိုမှတစ်ဆင့် ဗမာ့ကာကွယ်ရေးတပ်မတော်တွင်လည်းကောင်း၊ မျိုးချစ်ဗမာ့တပ်မတော်တွင်လည်းကောင်း ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင် တိုင်း(၄)ဆေးရုံ ဗိုလ်ကြီးယုတ်ထရန် လက်အောက်တွင် လူနာရဲဘော်များအား စေတနာထက်သန်စွာ နေ့မအား၊ ညမနားပြုစုပေးခဲ့တယ်။ ထိုဆေးရုံတွင် တာဝန်ထမ်းဆောင်နေစဉ် ညအချိန်မှောင်နှင့် မည်းမည်း၌ မီးအိမ်တစ်လုံးကို အဖော်ပြု၍ လူနာများအား လိုက်လံပြုစုခဲ့တယ်။ ၁၉၅၅ ခုနှစ်တွင် ပြန်တမ်းဝင်သူနာပြုအရာရှိအဖြစ် ခန့်အပ်ခြင်း ခံရပါတယ်။ နောင်အခါတွင် အဆိုပါ ဆောင်ရွက်ချက်များကြောင့် ၁၉၆၃ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ အင်န် ၁၃၃ ဗိုလ်မှူး ဒေါ်ခင်အုန်းမြအား ကမ္ဘာ့သူနာပြုလောကတွင် အဆင့်အမြင့်ဆုံးဖြစ်သော ဖလောရင့်စ်နိုက်တင်ဂေးဆု ချီးမြှင့်ခြင်းခံခဲ့ရတယ်။
စစ်သူနာပြုသမိုင်းအစကတော့ ၁၉၅၉ ခုနှစ်ဇန်နဝါရီ ၁ ရက်မှာ စစ်သူနာပြုသင်တန်းတပ်ဆွယ်ကို စတင်ဖွင့်လှစ်ခဲ့တယ်။ စစ်သူနာပြုဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁)ကို ဗိုလ်လောင်း ၂၄ ဦးဖြင့် ၁၉၅၉ ခုနှစ် ဇွန် ၁၇ ရက်တွင် စတင်ဖွင့်လှစ်ခဲ့တယ်။ တပ်မတော်သူနာပြုတက္ကသိုလ်ကိုလည်း ဆေးတပ်ဖွဲ့အတွင်း လိုအပ်လျက်ရှိသည့် အရည်အချင်း ပြည့်ဝသည့် သူနာပြုများ မွေးထုတ်နိုင်ရေးအတွက် အမှတ်စဉ်(၁)သင်တန်းကို ၂၀၀၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် သင်တန်းသားဦးရေ ၆၂ ဦးဖြင့် စတင်ဖွင့်လှစ် သင်ကြားပေးခဲ့တယ်။
သူရဘွဲ့ရသော ဆရာဝန်ဆေးဗိုလ်ကြီး သူရမွန်ထော်သက်ညွန့်ဆိုသည့် အမည်ကို ကျွန်မတို့ အလယ်တန်းကျောင်းသူ ဘဝမှာပင် စာပေများဖတ်၍ ရင်းနှီးလေးစားခဲ့ရတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်ဘုရင့်ဆေးတက္ကသိုလ်၌ ဆေးပညာရပ်များ သင်ကြားခဲ့ပြီး စစ်အပြီး မြန်မာနိုင်ငံပြန်လာပြီး ၁၉၄၆ ခုနှစ်တွင် ဆေးပညာသိပ္ပံကျောင်းဖွင့်လှစ်သောအခါ ကျောင်းပြန်တက်တယ်။ အတန်းတိုင်း၊ စာမေးပွဲတိုင်း ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့တယ်။ လွတ်လပ်ရေးရပြီးစအချိန် KNDO သောင်းကျန်းသူများ အင်းစိန်အထိ သိမ်းပိုက် ထားသောအခါ တိုင်းပြည်အတွက် ကျရာနေရာမှ တာဝန်ထမ်းဆောင်ရန် ဆုံးဖြတ်ခဲ့သူဖြစ်တယ်။ ဒိုက်ဦးမြို့အနီး၊ ဖောင်တော်သီတိုက်ပွဲမှာ လွန်စွာပြင်းထန်လှတယ်။ တပ်မတော်ထိုးစစ်ကို KNDO တို့ကြံ့ကြံ့ခံလျက်ရှိတယ်။
ပြင်းထန်လှသော ရန်သူ့အင်အားအလုံးအရင်းဖြင့် တန်ပြန်တိုက်ခိုက်မှုတွင် တပ်စိတ်တစ်စိတ်စာမျှ အင်အားဖြင့် တပ်မတော်မှ အလူးအလဲခံနေရတယ်။ ဆေးဗိုလ်ကြီး မွန်ထော်သက်ညွန့်က ရန်သူကို မြေတစ်လက်မမှမပေးဘူး၊ ကျုပ်ရဲဘော်တွေနဲ့ အသေခံချမယ် ဆိုကာ သေနတ်ဆွဲ၍ တိုက်ပွဲဝင်လေ တော့သည်။ ဗိုလ်ကြီးမွန်ထော်ကား ရန်သူကိုရဲဝံ့ပြောင်မြောက်စွာရင်ဆိုင်တိုက်ခိုက်ရင်း ၁၉၄၉ ခုနှစ်ဧပြီ ၂၉ ရက် အရုဏ်မတက်မီ အချိန်ကလေး၌ ကျဆုံးခဲ့ရပါတယ်။ နိုင်ငံတော်အစိုးရက သူရဘွဲ့ အပ်နှင်းကာ ထိုက်ထိုက်တန်တန် ဂုဏ်ပြုခဲ့ပါတယ်။
ဆေးတပ်ဖွဲ့ရဲ့ တပ်မတော်သားများနှင့် မိသားစုများအား နေရာဒေသမရွေး၊ အချိန်အခါမရွေး၊ အဆင့်အတန်းမရွေး ပြည့်စုံလုံလောက်သော ကျန်းမာရေး စောင့်ရှောက်မှုပေးရန်ဆိုတဲ့ ရည်မှန်းချက်ပြည့်မီစေဖို့ စေတနာ၊ အကြင်နာ၊ ဘေးကင်းကွာ ဆိုတဲ့လုပ်ငန်းလမ်းညွှန်အတိုင်း ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်မတို့တာဝန်ထမ်းဆောင်နေတဲ့ ဆေးတပ်ဖွဲ့ရဲ့ အဓိကတာဝန်က ကျန်းမာကြံ့ခိုင်တိုက်နိုင်ရန် ဖြစ်ပါတယ်။
စိန်ရတုတိုင်ရောက်ရှိနေပြီဖြစ်တဲ့ ဆေးတပ်ဖွဲ့အတွင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျွန်မတို့ တပ်မတော်သူနာပြု တွေဟာလည်း အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် ပါဝင်ပြုစုကုသမှုတွေပေးပြီး တပ်မတော် သူနာပြုတွေပီပီ နောက်တန်းစစ်ဆေးရုံတွေမှာ ရင်ဆိုင်စွန့်စားပြုစုပေးကြတာ မှတ်မိနေပါ သေးတယ်။ တပ်မတော်သူနာပြု ဗိုလ်လောင်းဘ၀ ဒေါက်ဝါကာလ(၁၉၉၅ ခုနှစ်)တွေမှာ မာနယ်ပလော တိုက်ပွဲ၊ ဝါးခသစ်(ကော့မှူးရာ)စခန်းသိမ်းတိုက်ပွဲတွေမှာ စစ်ဆင်ရေးထိခိုက်ဒဏ်ရာရလူနာတွေကို မင်္ဂလာဒုံ စစ်ဆေးရုံကြီးမှာ နေ့မအား ညမနား ပြုစုကုသပေးကြတယ်။ ပါရဂူ၊ ဆရာဝန်များကလည်း ခွဲစိတ်ခန်းက ထွက်ရတယ်မရှိ နေ့စဉ်ရက်ဆက် အလုပ်လုပ်နေကြတယ်။ ကျွန်မတို့တပ်မတော်သူနာပြုများကလည်း အချင်းချင်းကူညီ လုပ်ကိုင်ပေး၊ စစ်ဆင်ရေးဒဏ်ရာရ လူနာများထားသော လူနာဆောင်များကို အခြားလူနာဆောင်တာဝန်ကျသူများက လာရောက်ကူညီလုပ်ကိုင်ပေးကြပါတယ်။ ကျွန်မတို့ ဗိုလ်လောင်း သူနာပြုများက လူနာဆောင်တစ်ခုလုံးတွင် ရေဖတ်တိုက်၊ အစာကျွေး၊ ဆေးထိုး၊ ဆေးတိုက်၊ ဆေးထည့်တာများကို အလျဉ်မီအောင်လုပ်ကြသလို Senior အစ်မကြီး(သူနာပြုဗိုလ်ကြီး) များက အုပ်ချုပ်မှုကိစ္စတွေ မလစ်ဟင်းအောင် အဓိကဆောင်ရွက်ကြတယ်။ လူနာဆောင်တစ်ခုလုံး Incharge ပါရဂူ၊ သူနာပြုဗိုလ်ကြီးမှစ၍ သူနာပြုရဲဘော်အထိ Guardian စိတ်ဓာတ်ဖြင့် ရက်ပေါင်းများစွာ မညည်းညူဘဲ ကျရာတာဝန်အလိုက် ရေကုန်ရေခန်း ပြုစုကုသပေးခဲ့ကြတယ်။
၂၀၁၇ ခုနှစ် လောက်ကိုင်စစ်ဆင်ရေးကာလတွေမှာလည်း စစ်ဆင်ရေးထိခိုက်ဒဏ်ရာရလူနာများကို ပြင်ဦးလွင်စစ်ဆေးရုံမှာ ပြုစုကုသမှုတွေပေးခဲ့ကြတာ မှတ်မိပါသေးတယ်။ အချိန်မရွေး ရောက်လာတဲ့ ထိခိုက်ဒဏ်ရာရလူနာတွေအတွက် ရာသီဥတုအေးအေးမှာ အမြဲပူပူနွေးနွေးစားနိုင်အောင်၊ ဟောလစ်နွေးနွေးလေး သောက်နိုင်အောင်ကစလို့ နွေးနွေးထွေးထွေး အိပ်စက်နိုင်အောင်အထိ ဆရာဝန်၊ သူနာပြုများ စည်းလုံးညီညွတ်စွာ ပြုစုကုသပေးခဲ့ကြတာ ပင်ပန်းပေမယ့် ဒဏ်ရာရလူနာတွေ ဝေဒနာကြားက အနည်းငယ်မျှ စိတ်ချမ်းသာလျှင်တောင် ပြုစုရကျိုးနပ်တယ် ဆိုတဲ့စိတ်နဲ့ စောင့်ရှောက်ကုသပေးခဲ့ကြတယ်။
မျက်မှောက်ကာလ ကိုဗစ်-၁၉ ရောဂါနှိပ်စက်မှုဒဏ်အပြင် CDM ကျန်းမာရေး ဝန်ထမ်းတွေကြောင့် ချည့်နဲ့သွားတဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းစဉ်တွေမှာလည်း ကျွန်မတို့တပ်မတော်သူနာပြုများဟာ မိမိပြုစုကုသနိုင်စွမ်းကို အစွမ်းကုန်မြှင့်တင်၍ တိုင်းပြည်နဲ့လူမျိုးအတွက် ကျရာနေရာအသီးသီးက တပ်မတော် အစဉ်အလာ(၁၂)ရပ်ကို မမှိတ်မသုန် ကျင့်သုံး၍ အမိနိုင်ငံတော် အတွက်ဆိုလျှင် တုံးတိုက်တိုက် ကျားကိုက်ကိုက်စိတ်ဓာတ်ဖြင့် တပ်မတော်အကြီးအကဲ၏ လမ်းညွှန်မှုများနှင့်အညီ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ ဦးလည်မသုန် ထမ်းဆောင်လျက်ရှိကြောင်း စိန်ရတုဆေး တပ်ဖွဲ့နေ့ကို ဂုဏ်ပြု ရေးသားလိုက်ရပါတယ်ရှင့်။ ။
မိခိုင်ဇင်ခင်လေး