“ပြိုင်ပွဲမှာ အောင်မြင်မှုများရရှိခဲ့တဲ့အတွက် အခြားနိုင်ငံများရဲ့ ချီးကျူးအသိအမှတ်ပြုခြင်းများခံခဲ့ရသလို နိုင်ငံများအချင်းချင်း၊ တပ်မတော်အချင်းချင်းကြား အတွေ့အကြုံဖလှယ်နိုင်ခဲ့ပြီး ချစ်ကြည်ရင်းနှီးမှုများ တည်ဆောက်ခဲ့ပါတယ်။”
မသန်သော်လည်းစွမ်းသူများနှင့် နိုင်ငံတကာကြား ဂုဏ်ယူခဲ့ရသူများ၏ စကားသံများ
(၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် တပ်မတော်မှ ဆုရရှိခဲ့သော အားကစား သမားများနှင့် ဆုရရှိအောင်စွမ်းဆောင် ပေးနိုင်ခဲ့သော နည်းပြများ၊ နိုင်ငံတကာ တပ်မတော်အားကစားပြိုင်ပွဲနှင့် နိုင်ငံတကာဗိုလ်လောင်းများ အားကစားပြိုင်ပွဲတွင် ဆုရရှိခဲ့သော ကစားသမားများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိခန်းမတွင် ကျင်းပပြုလုပ်ရာ အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသော တာဝန်ရှိသူများနှင့် ဆုရရှိသူများ၏ စကားသံများကို ဖော်ပြလိုက်ရပါသည်။
ဗိုလ်မှူးကြီးစိုးဝင်းနိုင်
(အသင်းခေါင်းဆောင်)
ရုရှားဖက်ဒရေးရှင်းနိုင်ငံမှာ နိုင်ငံတကာ တပ်မတော်အားကစားပြိုင်ပွဲများကို ၂၀၁၅ ခုနှစ်မှစပြီး အိမ်ရှင်နိုင်ငံများ ခွဲပြီးကျင်းပခဲ့ရာ ယခုနှစ်မှာတော့ (၈)ကြိမ်မြောက် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ မြန်မာ့တပ်မတော်အနေနဲ့ ၂၀၁၈ ခုနှစ်ကစပြီး စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ယခုနှစ်မှာတော့ တင့်ကား မောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ၊ ဆေးတပ်ဖွဲ့စွမ်းရည်ပြိုင်ပွဲ၊ လက်ဖြောင့်သေနတ်ပစ်ခတ်ခြင်းပြိုင်ပွဲ၊ ရိုးရာယဉ်ကျေးမှုပြိုင်ပွဲနဲ့ Emergency Area ပြိုင်ပွဲဟူ၍ပြိုင်ပွဲငါးမျိုးအား စုစုပေါင်း အရာရှိ၊ စစ်သည်အင်အား ၆၈ ဦးနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
တင့်ကားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲမှာ Division-2 ရဲ့ ပြိုင်ပွဲဝင်အသင်း ၁၁ သင်းမှာ ပထမဆု၊ Division-2 ၏ အကောင်းဆုံးတိုက်ယာဉ် အဖွဲ့ဆုအား တိုက်ယာဉ်အဖွဲ့(၁)မှလည်းကောင်း၊ တတိယအကောင်းဆုံး တိုက်ယာဉ်အဖွဲ့ဆုအား တိုက်ယာဉ်အဖွဲ့(၃)မှလည်းကောင်း ရရှိခဲ့ပါတယ်။ ဆေးတပ်ဖွဲ့စွမ်းရည်ပြိုင်ပွဲအသင်း အနေဖြင့် ပြိုင်ပွဲငါးမျိုးဝင်ရောက်ယှဉ်ပြိုင် ခဲ့ပြီး ပြိုင်ပွဲဝင် ၁၅ နိုင်ငံ(၁၆သင်း)တွင် စတုတ္ထနေရာ၌ ရပ်တည်နိုင်ခဲ့ပါတယ်။ လက်ဖြောင့်သေနတ်ပစ်ခတ်ခြင်းပြိုင်ပွဲက တော့ ပြိုင်ပွဲအမျိုးအစားလေးမျိုးယှဉ်ပြိုင် ခဲ့ပြီး ပြိုင်ပွဲဝင်နိုင်ငံခုနစ်နိုင်ငံတွင် စတုတ္ထနေရာ ရပ်တည်နိုင်ခဲ့ပါတယ်။ ထို့ပြင် အသင်းလိုက်ပစ်ခတ်စဉ်ပြိုင်ပွဲ တတိယဆု နှင့် တစ်ဦးချင်းပြိုင်ပွဲ ထိလဲပစ်ခတ်စဉ်တွင် တပ်သားသူရလှိုင်က တတိယဆုကို ရရှိခဲ့ပါတယ်။ ရိုးရာယဉ်ကျေးမှုပြိုင်ပွဲ အသင်းအနေနဲ့ ရိုးရာယဉ်ကျေးမှုတူရိယာဖြင့် တီးခတ်တင်ဆက်သော မြန်မာ့ဆိုင်း တတိယဆု၊ ရုရှားသီချင်းဖြင့် စုံတွဲသီချင်းသီဆိုမှု ပထမဆု၊ ရိုးရာအကပြိုင်ပွဲ တတိယဆု၊ ပြခန်းခင်းကျင်းပြသမှု တတိယဆု၊ အဆိုပြိုင်ပွဲ (တစ်ဦးချင်း)(အမျိုးသမီး) POP သီချင်း သီဆိုမှု ဒုတိယဆု၊ အကောင်းဆုံးပြခန်း ဒီဇိုင်းခင်းကျင်းမှုဆု၊ Purcussion တီးခတ်မှု(မြန်မာ့ဆိုင်း) ပထမဆု၊ အကောင်းဆုံး ရိုးရာဝတ်စုံဆင်မြန်းမှု ပထမဆု၊ Online မှပေးအပ်သော People Choice Award ပထမဆုတို့အား ရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၇ နိုင်ငံတွင် အဆင့် ၇ နေရာ၌ ရပ်တည်နိုင်ခဲ့တယ်။ Emergency Area ပြိုင်ပွဲဝင် အသင်းအနေဖြင့် ပြိုင်ပွဲဝင်နိုင်ငံ ခြောက် နိုင်ငံတွင် စတုတ္ထနေရာ၌ရပ်တည်နိုင်ခဲ့ပါတယ်။
ယခုလိုပြိုင်ပွဲများမှာ ဆုရရှိခဲ့တဲ့အတွက် နိုင်ငံအတွက် များစွာဝမ်းမြောက်ဂုဏ်ယူ ရပါတယ်။ ပြိုင်ပွဲမှာ အောင်မြင်မှုများရရှိခဲ့ တဲ့အတွက် အခြားနိုင်ငံများရဲ့ ချီးကျူး အသိအမှတ်ပြုခြင်းများခံခဲ့ရသလို နိုင်ငံများ အချင်းချင်း၊ တပ်မတော်အချင်းချင်းကြား အတွေ့အကြုံဖလှယ်နိုင်ခဲ့ပြီး ချစ်ကြည် ရင်းနှီးမှုများ တည်ဆောက်ခဲ့ပါတယ်။ နောင် လာမယ့်နှစ်များမှာလည်း ယခုနှစ်ပြိုင်ပွဲအတွေ့အကြုံကိုသင်ခန်းစာယူပြီး တိုးတက်တဲ့ စံချိန်ရလဒ်ကောင်းများ ရရှိအောင် ဆက်လက်ကြိုးစားသွားမှာပါ။
ဒုတိယဗိုလ်မှူးကြီးရဲထွန်းနိုင်
(စစ်တက္ကသိုလ်)
ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင် တတိယအကြိမ်မြောက် နိုင်ငံတကာဗိုလ်လောင်းများ အားကစားပြိုင်ပွဲကို သြဂုတ် ၄ ရက်မှ ၁၂ ရက်အထိ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာအသင်းက အားကစား နည်းခုနစ်မျိုးထဲမှ သုံးမျိုးပါဝင်ယှဉ်ပြိုင် ခဲ့ပါတယ်။ ဒီလိုအားကစားပြိုင်ပွဲများကို ကျင်းပခြင်းအားဖြင့် တပ်မတော်နှစ်ရပ် ကြား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ရရှိခဲ့ပါတယ်။ ကျွန်တော်တို့ ဗိုလ်လောင်း ဘဝတုန်းက အိပ်မက်တောင်မက်ခွင့်မရှိ ခဲ့ပါဘူး။ ယခုလို သွားရောက်ယှဉ်ပြိုင်ခွင့် ရတဲ့အတွက် ဗိုလ်လောင်းများ အနေနဲ့လည်း နိုင်ငံတကာအတွေ့အကြုံကို များစွာရရှိ ခဲ့တဲ့အပြင် နိုင်ငံများကြားတွင် ရုရှား- မြန်မာတင်မဟုတ်ဘဲ နိုင်ငံတကာကြားတွင် ချစ်ကြည်ရင်းနှီးမှုများ များစွာရရှိခဲ့ပါတယ်။ မြန်မာ့ ဗိုလ်လောင်းများက ရွှေတံဆိပ် တောင်မှ ရရှိခဲ့သည့် အနေအထားမျိုးကိုလည်း ပြသနိုင်ခဲ့ပါတယ်။ သေနတ်ပစ် ပြိုင်ပွဲတွင် အိမ်ရှင်နိုင်ငံ ရုရှားကိုကျော်ပြီး မြန်မာနိုင်ငံက ရွှေတံဆိပ်ကို ရရှိခဲ့ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ယခုလိုဆုချီးမြှင့်ပေးတဲ့အတွက် ကျွန်တော်တို့က အတိုင်းထက်အလွန် ဝမ်းသာဂုဏ်ယူမိပါတယ်။ တပ်မတော်ရဲ့ဂုဏ်ကို စွမ်းဆောင်နိုင်ခွင့်ရခဲ့တယ်။ စွမ်းဆောင်နိုင်ခွင့် ရခဲ့ခြင်းအပေါ် လူကြီးများက အသိအမှတ်ပြုပြီး ဆုကြေးငွေများ၊ ဆုတံဆိပ်များ ချီးမြှင့်တဲ့အတွက် များစွာဝမ်းမြောက်ဂုဏ်ယူမိပါတယ်။
ဒုတိယဗိုလ်မှူးကြီးကျော်စွာထွန်း
(အသင်းခေါင်းဆောင် ဆေးတပ်ဖွဲ့စွမ်းရည်ပြိုင်ပွဲ)
ဆေးတပ်ဖွဲ့စွမ်းရည်ပြိုင်ပွဲအနေနဲ့ အုပ်ချုပ်သူ၊ နည်းပြ၊ ကစားသမားစုစုပေါင်း ၂၂ ဦးနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။
ကျွန်တော်တို့ ဆေးတပ်ဖွဲ့စွမ်းရည် အသင်း ဝင်ရောက်ယှဉ်ပြိုင်ခြင်းအားဖြင့် နိုင်ငံတကာဆေးတပ်ဖွဲ့ဝင်များ၊ မြန်မာ့တပ်မတော်ဆေး တပ်ဖွဲ့ဝင်များ ထိတွေ့ရင်းနှီးမှုတွေ ရရှိတဲ့အပြင် တပ်ဖွဲ့ဝင်များရဲ့ စွမ်းရည်၊ Knowledge များဖွံ့ဖြိုးတိုးတက် လာတာကိုတွေ့ရတယ်။ နောက်နှစ်တွေ
ဝင်ရောက်ယှဉ်ပြိုင်တဲ့အခါ ဘယ်လို လေ့ကျင့်ရမယ်၊ ဘယ်လိုပြုပြင်ဆောင်ရွက် ရမယ်။ ဆေးတပ်ဖွဲ့စွမ်းရည် အသင်းအနေနဲ့ စွမ်းရည်တိုးတက်အောင် နည်းလမ်းများ၊ ပညာများစွာရရှိခဲ့ပါတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ယခုလို တပ်မတော်အားကစားပြိုင်ပွဲဝင်အသင်း များကို ဂုဏ်ပြုဆု ချီးမြှင့်ပေးတဲ့အတွက် ဝမ်းသာဂုဏ်ယူပါတယ်။
ဗိုလ်မှူးအောင်လွင် (ရိုးရာယဉ်ကျေးမှု အသင်းအုပ်ချုပ်သူ)
မြန်မာ့တပ်မတော် အနုပညာယဉ်ကျေးမှုအဖွဲ့အနေနဲ့ ယခုနှစ်မှာ ဖွဲ့စည်းပုံအပြည့်နဲ့ သွားရောက် ယှဉ်ပြိုင်တာဖြစ်တဲ့ အတွက် ပြိုင်ပွဲအားလုံးယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲဝင်နိုင်ငံ ၁၇ နိုင်ငံ (အဆို၊ အက၊ အတီး) ပြိုင်ပွဲဝင်သည့် နိုင်ငံ ၁၂ နိုင်ငံမှာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ဗင်နီဇွဲလားနိုင်ငံ၊ ဘီလာရုစ်နိုင်ငံ၊ အီရန် နိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံ၊ ဆီးရီးယားနိုင်ငံ၊ အာမေးနီးယားနိုင်ငံ၊ ကွန်ဂိုနိုင်ငံ၊ ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံ၊ ရဝမ်ဒါနိုင်ငံ နှင့် ကင်မရွန်းနိုင်ငံတို့ဖြစ်ကြပြီး ရိုးရာယဉ် ကျေးမှုပြခန်းတစ်မျိုးတည်းသာ ဝင်ရောက် ယှဉ်ပြိုင်တဲ့ နိုင်ငံငါးနိုင်ငံမှာ ဇင်ဘာဘွေ နိုင်ငံ၊ အက်ခါဇီးယားနိုင်ငံ၊ ကမ္ဘောဒီးယား နိုင်ငံ၊ အဇာဘိုင်ဂျန်နိုင်ငံနှင့် ဆူဒန်နိုင်ငံတို့ ဖြစ်ကြပါတယ်။ အချို့နိုင်ငံများအနေဖြင့် ပြိုင်ပွဲအားလုံး ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့ခြင်း မပြုနိုင်ကြောင်း တွေ့ရပါတယ်။
ဒီနှစ်မှာ မြန်မာ့တပ်မတော်အနုပညာ ယဉ်ကျေးမှုအဖွဲ့ရရှိခဲ့တဲ့ ဆုတံဆိပ်မှတ်တိုင်များကတော့ ပရိသတ် မဲပေးရွေးချယ်မှု (People's Choice Award) ပထမဆု၊ Percussion တီးခတ်မှု (မြန်မာ့ဆိုင်း) ပထမဆု၊ အဆိုပြိုင်ပွဲ(စုံတွဲ)(ရုရှားသီချင်းသီဆိုမှု) ပထမဆု၊ ရိုးရာဝတ်စုံအကောင်းဆုံးဆု- ပထမဆု၊ အဆိုပြိုင်ပွဲ (တစ်ဦးချင်း)(အမျိုးသမီး) (POP သီချင်း) ဒုတိယဆု၊ အကပြိုင်ပွဲ(လေးယောက်တွဲ )(ရိုးရာအက) တတိယဆု၊ Folk National Instrument တတိယဆု၊ ပြခန်းခင်းကျင်းပြသမှု-တတိယဆု၊ The Best Art Design of The Exhibition အကောင်းဆုံးဆုနှင့် စစ်ဘက်ဆိုင်ရာ ချစ်ကြည်ရင်းနှီးမှု တည်တံ့စေမှု ဂုဏ်ပြုရင်ထိုးတံဆိပ်တို့ ရရှိခဲ့ပါတယ်။
မြန်မာ့တပ်မတော်ယဉ်ကျေးမှုအနုပညာ အဖွဲ့အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မြေပေါ်တွင် ပြိုင်ပွဲဝင်နိုင်ငံ ၁၇ နိုင်ငံ (အဆို၊ အက၊ အတီး)ပြိုင်ပွဲဝင်သည့် နိုင်ငံ ၁၂ နိုင်ငံ၊ ရိုးရာယဉ်ကျေးမှုပြခန်း ပြိုင်ပွဲဝင်တဲ့နိုင်ငံ ငါးနိုင်ငံအနက် ပြိုင်ပွဲဝင်တစ်နိုင်ငံအနေဖြင့် နိုင်ငံအလိုက် အဆင့်(၇) ရရှိအောင် ဂုဏ်ပြုစွမ်းဆောင်ပေးခဲ့ပါတယ်။
ဗိုလ်ဒေါ်ပိုပိုဝင့်မေ(ဆေးမှူး)
ကျွန်မကတော့ ပြိုင်ပွဲမှာ ဇွဲသတ္တိဆုကို ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ အဓိက ကိုယ့်နိုင်ငံအတွက် ဇွဲလုံ့လအပြည့်အဝနဲ့ ဒဏ်ရာရရှိ ခဲ့တာတောင် ရပ်နားခြင်းမရှိဘဲ ပွဲအဆုံးအထိ ယှဉ်ပြိုင်ခဲ့တဲ့အတွက် ဒီဆုကိုရရှိခဲ့ တာပါ။ ကျွန်မအမြင်ကတော့ ယခုလိုပြိုင်ပွဲမျိုးတွေ ယှဉ်ပြိုင်ခြင်းအားဖြင့် တစ်နိုင်ငံနဲ့တစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုတွေ အများ ကြီးရရှိခဲ့ပါတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ယဉ်ကျေးမှုများ ဖလှယ်ပြီးတော့ကြားထဲမှာ(Tian work friendship) တွေပိုပြီး များခဲ့ပါတယ်။ ကျွန်မအနေနဲ့ ဖော်ပြလို့ မရအောင် ကျေးဇူးအများကြီးတင်ပါတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံကြားမှာ ချစ်ကြည် ရင်းနှီးမှုတွေ ပိုပြီးရလာတယ်။ ပြိုင်ပွဲအတွေ့ အကြုံလည်း ပိုရလာတယ်။ ထပ်ပြီးတော့ ယှဉ်ပြိုင်သင့်ပါတယ်။ အကျိုးကျေးဇူးတွေလည်း အများကြီးရပါတယ်။
အရာခံဗိုလ်ကျော်ကျော်ဝင်း
(၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲတွင် မီတာ ၄၀၀ အပြေးပြိုင်ပွဲနှင့် အသင်းလိုက်နဲ့ ပြေးတာက မီတာ ၂၀၀ ပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ မီတာ ၄၀၀ အပြေးပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ရရှိပါတယ်။
လေးယောက်တွဲအပြေးပြိုင်ပွဲမှာ ငွေရရှိပါတယ်။ မီတာ ၂၀၀ တွင် ကြေးတံဆိပ်ပဲရရှိပါတယ်။ ယခုအချိန်ထိ စိတ်မလျှော့ဘဲ တော်တော်ကိုကြိုးကြိုးစားစား ကစားခဲ့ပါတယ်။ ကျွန်တော်အားကစားလုပ်တဲ့ သက်တမ်းက ၁၃ နှစ်ရှိပါပြီ။ ဒီအသက် အရွယ်ရောက်တဲ့အထိ ကျွန်တော်အားကစားကို မစွန့်လွှတ်နိုင်သေးပါဘူး။ တော်တော် ဝါသနာကြီးလို့ ဒီလိုအားကစားကိုလုပ်ခြင်း ဖြစ်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်အနေနဲ့ ကျွန်တော်တို့ကို ဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်ပေးတဲ့အတွက် တကယ်ကို ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။
ဒေါ်သန္တာလင်း(ဒုအရာခံဗိုလ်-အစားခန့်)
International Army Games- 2022 မြန်မာ့ရိုးရာအကပြိုင်ပွဲမှာ ရိုးရာယဉ်ကျေးမှုအက၊ ခေတ်လေးခေတ်အကနဲ့ တတိယ ဆုကို ရရှိခဲ့ပါတယ်။ နောက်ထပ်စစ်ဘက်ဆိုင်ရာ ချစ်ကြည်ရင်းနှီးမှု၊ တည်တံ့စေမှု ရင်ထိုးဂုဏ်ပြု ဆုတံဆိပ်ကိုလည်း ရရှိခဲ့ပါတယ်။ မတူညီတဲ့ ရိုးရာယဉ်ကျေးမှုကိုလည်း တွေ့ရှိခဲ့ရသလို အတွေ့အကြုံသစ်များ အများကြီးလည်း ရရှိခဲ့ပါတယ်။
ဇော်မျိုး(နေပြည်တော်)