တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

နေပြည်တော်၊ အောက်တိုဘာ - ၁

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့၌ ကာကွယ်ဆေးထိုးနှံခြင်း ကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်တို့၌ ဒေသခံပြည်သူ ၅၆၉၆ ဦး၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နှင့် သံတွဲမြို့နယ်တို့၌ ဒေသခံပြည်သူ ၆၄၇ ဦး၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်(၇)ခရိုင်တို့၌ ဒေသခံပြည်သူ ၂၁၀၅ ဦးတို့ကို  တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။

          ထို့အတူ ကျောင်းသား၊ ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများထိုးနှံ ပေးလျက်ရှိရာ ယနေ့တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၇) ခရိုင်တို့၌ ကျောင်းသား၊ ကျောင်းသူ ၄၂၀ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရာတွင် အထောက်အကူဖြစ်စေရန် အတွက် Mask များကို ပြည်သူများ လက်ဝယ်အရောက် တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက အခမဲ့ပေးဝေ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ မြို့နယ်(၈)မြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်(၄၄) မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့တို့ရှိ  စာသင်ကျောင်းများ၊ ဈေးများ၊ လမ်းများ၊ မြို့အဝင်ဂိတ်များနှင့် လူစည်ကားရာနေရာများတွင် နယ်မြေခံတပ်မတော် သားများက ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့များနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေးဆောင်ရွက်ခြင်း၊ Mask များတပ်ဆင်ပြီး သွားလာကြရန် လှုံ့ဆော်ခြင်းနှင့် Mask များအား ဒေသခံပြည်သူများ လက်ဝယ် အရောက် အခမဲ့ပေးဝေ လှူဒါန်းခဲ့ကြသည်။ ၎င်းအပြင် အပြည်ပြည် ဆိုင်ရာ သက်ကြီးရွယ်အို များနေ့ကို ယနေ့နံနက်ပိုင်းတွင်       ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့၊ စက်တော်ရာ ဘိုးဘွားရိပ်သာနှင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်ဘိုးဘွား ရိပ်သာတို့၌ အသီးသီးပြုလုပ်ကြရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ ကန်တော့ခံအဘိုး အဘွားများနှင့် ဖိတ်ကြားထားသူများ   တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက  တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ ဘိုးဘွားရိပ်သာများအတွက် အလှူငွေများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများအား လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။