နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် (၅၈)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အာရုဏ်ဆွမ်း ဆပ်ကပ်လှူဒါန်းခြင်းနှင့် ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားများ တက်ရောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် (၅၈)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အာရုဏ်ဆွမ်း ဆပ်ကပ်လှူဒါန်းခြင်းနှင့် ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားများ တက်ရောက်

နေပြည်တော်၊ အောက်တိုဘာ ၁

          (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဆရာတော်၊ သံဃာတော်များအား အာရုဏ်ဆွမ်း ဆပ်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်း၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

          အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး  စိုးထွဋ်နှင့် ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်နှင့် ဇနီး၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်နှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယရဲချုပ်များ၊ ရဲအရာရှိကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

          ရှေးဦးစွာ “နမောတဿ” ၃ ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနားတက်ရောက်လာကြသူများက ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံပါဠိ တက္ကသိုလ်ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ သံဃာတော်အရှင်သူမြတ်များ ချီးမြှင့်အပ်သော ပရိတ်တရားတော်များကို နာကြားကြသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနားတက်ရောက်လာကြသူများက ဆရာတော် သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကာ ရေစက်သွန်းချ အမျှဝေပြီး “ဗုဒ္ဓသာသနံ စိရံတိဌတု” ၃ ကြိမ် ရွတ်ဆို၍ အခမ်းအနားရုတ်သိမ်းပြီး ဆရာတော်၊ သံဃာတော်များအား အာရုဏ်ဆွမ်း ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။

          အလားတူ စက်တင်ဘာလ ၂၉ ရက်နေ့တွင် (၅၈)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇီဝိတဒါနငါးလွှတ်ပွဲကို နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ပျဉ်းမနား-တောင်ညိုလမ်းဘေးရှိ အမှတ်(၃) မင်္ဂလာကန်တော်တွင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်နှင့်ဇနီး၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်နှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယရဲချုပ်များ၊ ရဲအရာရှိကြီးများနှင့် ၎င်းတို့၏ ဇနီးများက မင်္ဂလာကန်တော်အတွင်းသို့ ငါးမြစ်ချင်းငါးမျိုးစိတ် ငါးသားပေါက် အကောင် ၅၀၀၀ အား ဇီဝိတဒါနအဖြစ် လွှတ်ပေးခဲ့ကြသည်။

          ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ (၅၈)နှစ်မြောက်ရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် အလှူဒါနနှင့် ကုသိုလ်ကောင်းမှုများပြုလုပ်ခဲ့ကြရာ ယနေ့နံနက်ပိုင်း၌ နေပြည်တော်၊ ဥပ္ပါတသန္တိ စေတီတော်၌ စေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းဆပ်ကပ်လှူဒါန်းနိုင်ရန်အတွက် အလှူတော်ငွေ ၁,၆၀၀,၀၀၀ ကျပ်လှူဒါန်းခြင်းနှင့် စာကလေးငှက် ၂၅၀ ကောင်အား ဇီဝိတဒါန အဖြစ်လွှတ်ခြင်း၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ “ကရုဏာကမ္ဘာ” ဘိုးဘွားရိပ်သာသို့ အလှူငွေ ၅၀၀,၀၀၀ ကျပ် လှူဒါန်းခြင်း၊ ပုဗ္ဗသီရိမြို့နယ်ရှိ “YGW” ပရဟိတမိဘမဲ့ကလေးစောင့်ရှောက်ရေးကျောင်းသို့ ခေါက်ဆွဲကြော် ၃၀၀ ဘူးအား အဟာရဒါနအဖြစ် လှူဒါန်းခြင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်ရှိ “GOLDEN HEART” ခွေးဂေဟာသို့ ဒုက္ခိတတိရစ္ဆာန်များအတွက် အလှူငွေ ၃၀၀,၀၀၀ ကျပ်လှူဒါန်းခြင်းတို့အား ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။