ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတို့၌ (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ကျင်းပပြုလုပ်

နေပြည်တော်၊ အောက်တိုဘာ - ၁

          ၂၀၂၂ ခုနှစ်၊ ယနေ့တွင် ကျရောက်သည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့တွင် ပြည်နယ်နှင့်တိုင်းဒေသကြီးတို့ရှိ သက်ဆိုင်ရာခန်းမ အသီးသီး၌ ပြုလုပ်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အငြိမ်းစားရဲတပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

          ဦးစွာ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များက ဂုဏ်ပြုအမှာစကားပြော ကြားသည်။ ထို့နောက် တာဝန်ရှိသူများက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်မှ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားကြသည်။

          ဆက်လက်၍ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ ဂုဏ်ထူးဆောင်ဆုတံဆိပ်ရရှိသူများအား ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြု မှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ကြပြီး  ရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် Video Clip နှင့် ခင်းကျင်းပြသ ထားသော ပြခန်းများအား လိုက်လံကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။