ဒေသတွင်းစိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်
နေပြည်တော်၊ အောက်တိုဘာ - ၁
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာနချုပ်များ၊ တပ်ရင်း၊ တပ်ဖွဲ့များ၌ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ထို့သို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များသည် နမ့်စန်မြို့ရှိ နယ်မြေခံ တပ်ရင်း၏ စိုက်ပျိုးမွေးမြူရေးခြံများအတွင်း နေကြာပင်၊ တစ်သျှူးငှက်ပျော၊ စင်တင်သီးနှံ၊ ရာသီသီးနှံများ စိုက်ပျိုးထားရှိမှုနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၏ စီးပွားဖြစ် မေထုန်မဲ့ နည်းပညာဖြင့် DYL ဝက်များ သားဖောက်ခြင်း၊ မျိုးကောင်းမျိုးသန့်များ ရောင်းချခြင်း၊ အသားတိုးအဖြစ် ထုတ်လုပ်ရောင်းချခြင်းများ ဆောင်ရွက်ထားရှိမှု၊ ဉစားကြက်များ မွေးမြူထားရှိမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ နှင့် တွေ့ဆုံကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးနှင့် လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။