နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၅၈)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားသို့တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၅၈)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားသို့တက်ရောက်အမှာစကားပြောကြား

 
နေပြည်တော်၊ အောက်တိုဘာ ၁

(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံးရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီး များ၊ သံရုံးသံတမန်များ ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ ဖိတ်ကြားထားသော ဧည့်သည် တော်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အမျိုးသမီးရေးရာနှင့် ဆက်စပ် အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်နှင့်ရဲတပ်ဖွဲ့ဝင်များ၊ အငြိမ်းစား ရဲအရာရှိကြီးများ၊ အနုပညာရှင် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်အလံကို အလေးပြုကြပြီး တာဝန်ထမ်းဆောင်ရင်းကျဆုံးခဲ့ကြသော ရဲတပ်ဖွဲ့ဝင်များ အား အမှတ်ရဂုဏ်ပြုသောအားဖြင့် (၁)မိနစ်ငြိမ်သတ်ကြကာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက ဂုဏ်ပြုတေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး ယနေ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ (၁)ရက် တွင်ကျရောက်သည့် (၅၈)နှစ်မြောက်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဂုဏ်ပြုအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ။
လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲမှုများပြု လုပ်လာခဲ့ပြီး ၁၉၆၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်တွင် ပြည်သူ့ရဲတပ်ဖွဲ့ဟုခေါ်ဝေါ် သတ်မှတ်ခဲ့သည့်အပြင် ရဲတပ်ဖွဲ့နေ့အဖြစ်လည်း စတင်သတ်မှတ်ခဲ့ကြောင်း၊ ၁၉၉၅ ခုနှစ်၊ အောက်တိုဘာ ၁ ရက်တွင် ပြည်သူ့ရဲတပ်ဖွဲ့မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟု ပြင်ဆင် သတ်မှတ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် “သစ္စာ၊ သမာဓိ၊ သတ္တိ” ဟူသည့် ဦးထိပ်ပန်ဆင်ထားသော ဆောင်ပုဒ်နှင့်အညီ ပြည်သူ့အကျိုးစီးပွားကိုပိုမိုဆောင်ကြဉ်းနိုင်သည့် ရဲတပ်ဖွဲ့ဖြစ်လာစေရန် အသွင်သဏ္ဍာန်ရော၊ အနှစ်သာရပါပြောင်းလဲလာအောင် နှစ်အလိုက် အစီအမံများချမှတ်အကောင်အထည်ဖော်ဆောင် ရွက်လာရာယခုဆိုလျှင် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့သို့ ရောက်ရှိခဲ့ပြီ ဖြစ်ကြောင်း။
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ခေတ်အဆက်ဆက်ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ရေးဟူသည့် ရည်မှန်းချက်တာဝန်(၄)ရပ်ကို အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း။
ယနေ့ တည်ဆဲဥပဒေများ၊ ချိုးဖောက်မှုများနှင့် အကြမ်းဖက်မှုများ အပါအဝင် အမျိုးမျိုးသောမှုခင်းများကိုကြည့်လျှင်မှုခင်းဖြစ်ပွားမှုများပြားခြင်း၊ လျော့နည်းခြင်းဆို သည့် အကြောင်းတရားများသည် ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည့် လူမှုရေးပြဿနာ၊ ပညာရေးနိမ့်ကျမှုပြဿနာ၊ စီးပွားရေးဆိုင်ရာပြဿနာ၊ မူးယစ်ဆေးဝါးပြဿနာများ နှင့်ဆက် နွယ်နေသည့်အတွက် လက်ရှိကျင့်သုံးနေသော ဥပဒေများနှင့် တရားစီရင်ရေးစနစ်တို့ အပေါ်၌ သာ မှီခိုအားထားခြင်းတစ်ခုတည်းနှင့် မလုံလောက်တော့ဘဲ ရဲတပ်ဖွဲ့နှင့်အတူ တရားရေး ကဏ္ဍမှစ၍ ဆက်စပ် ဝန်ကြီးဌာနများ၊ ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများနှင့် လူထုလူတန်းစား အဖွဲ့အစည်းအသီးသီးတို့ကလည်း ကဏ္ဍအလိုက်ပူးပေါင်း ဆောင်ရွက် သွားကြရန်လိုအပ်သည် ကို တွေ့ရကြောင်း။
ထို့ပြင် ကမ္ဘာတစ်ဝန်း၌ သမားရိုးကျနှင့်သမားရိုးကျ မဟုတ်သော လုံခြုံရေးဆိုင်ရာ ပြဿနာများရင်ဆိုင်နေရပြီး နိုင်ငံဖြတ်ကျော်မှုခင်းများသည် အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်ခု တည်းဖြင့် ဖြေရှင်းနိုင်သည့် ပြဿနာမဟုတ်တော့ဘဲ ဒေသတွင်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရမည့်မှုခင်းပြဿနာမျိုးများဖြစ်လာကြောင်း၊ အကြမ်းဖက်မှုအန္တရာယ် သည် နိုင်ငံဖြတ်ကျော်မှုခင်းပုံစံအားလုံးနှင့် ချိတ်ဆက်မှုရှိနေသည့်အတွက် သာမန်မှုခင်းပြ ဿနာတစ်ခုကဲ့သို့ ရှုထောင့်တစ်ခုတည်းကသုံးသပ်ဖြေရှင်း၍မရတော့ဘဲ ကဏ္ဍပေါင်းစုံမှ ရှုမြင်သုံးသပ်ပြီး ပြည်တွင်း/ပြည်ပ ဆက်စပ်အဖွဲ့များအားလုံးနှင့် အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုဖြင့်သာ ပြဿနာအရင်းအမြစ်ကို ဖော်ထုတ်ဖြေရှင်းရသည့် အခြေ အနေများလည်း ဖြစ်လာခဲ့ကြောင်း။
နိုင်ငံဖြတ်ကျော်မှုခင်းများသည် နိုင်ငံများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့် နိုင်ငံတော်လုံခြုံရေးတို့အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီးလူသားလုံခြုံရေး အတွက်လည်းကြီးမားသည့် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ကြောင်း၊ ယနေ့ Globalization ခေတ် တွင် နိုင်ငံဖြတ်ကျော်ဂိုဏ်းဖွဲ့ ပြစ်မှုကျူးလွန်မှုများကို နိုင်ငံတစ်နိုင်ငံတည်းက ဖြေရှင်းဆောင် ရွက်ရန်ခက်ခဲပြီး နိုင်ငံများအကြားအပြန်အလှန်ပေါင်းစပ်ညှိနှိုင်း ချိတ်ဆက်တုံ့ပြန်မှုများ နှင့်သာဖြေရှင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် အပြည်ပြည် ဆိုင်ရာရဲအဖွဲ့ (INTERPOL) ကို ၁၉၅၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တွင် မြန်မာနိုင်ငံမှ စတင်ဝင် ရောက်ခဲ့ပြီး နိုင်ငံပေါင်း ၁၉၅ နိုင်ငံဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ဝင်နိုင်ငံများ၏ ရဲတပ်ဖွဲ့ များအကြား အပြန်အလှန် သတင်းအချက်အလက်ဖလှယ်ပူးပေါင်း ဆောင်ရွက် လျက် ရှိကြောင်း။
၂၀၀၀ ပြည့်နှစ်တွင် နိုင်ငံဖြတ်ကျော်ဂိုဏ်းအဖွဲ့ မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို အတည်ပြုခဲ့ပြီး အာဆီယံရဲအဖွဲ့၊ ဥရောပရဲအဖွဲ့၊ အာဖရိကရဲ အဖွဲ့ စသည်ဖြင့် ဒေသ ဆိုင်ရာရဲအဖွဲ့များဖွဲ့စည်းခဲ့ကာ နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးကို အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိကြကြောင်း။
အထူးသဖြင့် အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှု၊ လူကုန်ကူး မှုကဲ့သို့သော နိုင်ငံဖြတ်ကျော်မှုခင်းများကို နိုင်ငံတကာနှင့်ချိတ်ဆက်၍ တားဆီးနှိမ်နင်းခြင်း၊ ထိရောက်အကျိုးရှိသည့် ပူးပေါင်းဆောင်ရွက်ခြင်းများပြုလုပ်နိုင်ရန် အိမ်နီးချင်းနိုင်ငံ များ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ချုပ်ဆိုထားသည့်နားလည်မှုစာ ချွန်လွှာများ၊သဘောတူညီချက်များ၊ပြည်တွင်းဥပဒေများ၊လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ် တကျ ညှိနှိုင်းအကောင်အထည်ဖော်ပူးပေါင်း ဆောင်ရွက်သွားကြပါဟု တိုက်တွန်းလို ကြောင်း။
ထိုသို့ပူးပေါင်းဆောင်ရွက်ရာတွင် နိုင်ငံတော်အဆင့် အလေးထား ကိုင်တွယ်ဖြေရှင်း‌ နေရသည့်အရေးကြီးပြဿနာတစ်ရပ်မှာ မူးယစ်ဆေးဝါးပြဿနာဖြစ်ကြောင်း။ ယနေ့နိုင်ငံ တကာတွင် မူးယစ်ဆေးဝါးပြဿနာကို ကိုင်တွယ်ဖြေရှင်းကြရာတွင် နောက်ခံသမိုင်း ကြောင်း၊ ယဉ်ကျေးမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် အရင်းအမြစ်ပိုင်ဆိုင်မှု၊ တည်နေရာ၊ ပထဝီ မြေအနေအထား တို့အပေါ်အခြေခံပြီး ချဉ်းကပ်မှုပုံစံအမျိုးမျိုးဖြင့် ကြိုးပမ်းထိန်းသိမ်းဆောင်ရွက် နေကြသည်ကို လည်းတွေ့ရှိရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ လည်း မူးယစ်ဆေးဝါးပြဿနာကို ကမ္ဘာ့နိုင်ငံများနည်းတူ နှစ်ကာလကြာရှည်စွာခံစားခဲ့ရခြင်းကြောင့် နိုင်ငံတော်အစိုးရ အဆက်ဆက်သည် မူးယစ်ဆေးဝါးအန္တရာယ်ပပျောက်ရေးအတွက် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၂ ခုနှစ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ကို အဖွဲ့ဝင်(၁၉)ဦး၊ လုပ်ငန်းတာဝန် (၂၁) ချက်ဖြင့် အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့သည် ၁၉၉၃ ခုနှစ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး ဥပဒေအခန်း(၄)၊ ပုဒ်မ(၇)အရ ခေတ်စနစ်နှင့်လျော်ညီစွာ ဖြစ်စေရေးအတွက်လုပ်ငန်းအဖွဲ့(၁၁)ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးဗဟိုအဖွဲ့သည် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒသစ် တစ်ရပ်ကို ကုလသမဂ္ဂမူးယစ်ဆေးဝါးပြဿနာဆိုင်ရာ အထူးအစည်းအဝေး၏လုပ်ငန်း အကြံပြုချက်များနှင့်အညီ ရေးဆွဲဆောင်ရွက်နေသည်ကိုတွေ့ရကြောင်း။ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ် ရေးဗဟိုအဖွဲ့အောက်တွင် ထိန်းချုပ်ဓာတုပစ္စည်းများ ကြီးကြပ်ရေး အဖွဲ့ကိုလည်း ၁၉၉၈ ခုနှစ်မှစတင်ဖွဲ့စည်းပေးထားပြီး ဖြစ်သည့်အတွက် ထိန်းချုပ်ဓာတုပစ္စည်းများကို တရားမဝင်မူးယစ်ဆေးဝါးထုတ်လုပ်ရာ လမ်းလွဲသို့ မရောက်ရှိစေရေး အလေးထား ကြပ်မတ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
မူးယစ်ဆေးဝါးဆိုင်ရာကိစ္စရပ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ သည် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအတွက် ကုလသမဂ္ဂမူးယစ်ဆေးဝါးဆိုင်ရာကွန်ဗင်းရှင်းများတွင် ပါဝင်လက် မှတ်ရေးထိုးပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာမူးယစ်ဆေးဝါးထိန်းချုပ်ရေး အဖွဲ့(INCB)၊ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်မှုခင်းဆိုင်ရာရုံး (UNODC)၊ အစိုးရမ ဟုတ်သော အဖွဲ့အစည်းများနှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက် လျက်ရှိသည့်အပြင် ရန်ကုန်မြို့အခြေစိုက် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC)၊အမေရိကန်မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအုပ်ချုပ်မှုအဖွဲ့(DEA)၊ ဩစတြေး လျပြည်ထောင်စုရဲတပ်ဖွဲ့(AFP)၊ ထိုင်းနိုင်ငံမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB)၊ တရုတ်နိုင်ငံအမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးကော်မရှင် (NNCC) တို့နှင့်လည်း အနီး ကပ်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။
မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တာနှင့်အညီ မူးယစ် ဆေးဝါးထိန်းချုပ် ရေးလုပ်ငန်းများကိုပူးပေါင်းဆောင်ရွက်လျက်ရှိရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း မူးယစ် ဆေးဝါးထိန်းချုပ်ရေး အစည်းအဝေးများဖြစ်သည့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ အာဆီယံဝန်ကြီးအဆင့်အစည်းအဝေး(AMMD)၊ အာဆီယံမူးယစ်ဆေးဝါးထိန်းချုပ် ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (ASOD)၊ အာဆီယံမူးယစ်ဆေးဝါး စောင့်ကြပ်ကြည့်ရှုမှုကွန်ရက်အစည်းအဝေး (ADMN)တို့သို့ ပါဝင်တက်ရောက်တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း။
အာဆီယံအဖွဲ့က ချမှတ်ပေးသောဘေးကင်းလုံခြုံသည့် လူမှုအဖွဲ့အစည်းဖြစ်စေရေး၊ မူးယစ်ဆေးဝါးဆန့်ကျင်ရေး အာဆီယံလုပ်ငန်း စီမံချက်(၂၀၁၆-၂၀၂၅)တို့၌လည်း ပွင့်လင်း မြင်သာစွာပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု အဖြစ် မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ် နိုင်ရန် အမေရိကန်၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ ကိုရီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ရုရှား၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့နှင့် နှစ်နိုင်ငံ သဘောတူညီချက်များ(LoA)၊ နားလည်မှုစာချွန်လွှာများ (MoU) လက်မှတ် ရေးထိုးထားပြီး ကုလသမဂ္ဂဆိုင်ရာ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ပြည်တွင်း အခြေစိုက်နိုင်ငံ တကာအဖွဲ့အစည်းများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံကြီးအချို့နှင့်လည်း မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေးလုပ်ငန်းများကို အပြန်အလှန်နား လည်မှု၊ ယုံကြည်မှု၊ လေးစားမှုများကိုအခြေခံလျက် တက်ကြွစွာ ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လုပ်ငန်းတာဝန်များအနက်မှ လုပ်ဆောင်ချက်တစ်ရပ်ကိုလည်း အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည် တော်ကြီးများနှင့် နိုင်ငံသူ၊ နိုင်ငံသားများအားလုံးသို့အသိပေးပြောကြားလိုကြောင်း။
ထို့ပြင် မူးယစ်ဆေးဝါးထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှုနှင့် မူးယစ်ဆေးဝါးသယ် ဆောင်ရာလမ်းကြောင်းများပြောင်းလဲမှုအပေါ်သုံးသပ်၍ ၂၀၂၂ ခုနှစ်အတွင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူး စစ်ဆင်ရေး(၂)ကြိမ် ဆောင်ရွက်ခဲ့နိုင်ကြောင်း၊ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများကိုကြည့်မည်ဆိုပါက ၂၀၂၁ ခုနှစ်အတွင်း တန်ဖိုး ငွေကျပ် ၉၇၀ ဘီလီ ယံကျော် (အမေရိကန်ဒေါ်လာ ၆၀၆ ဒသမ ၄၃၀၆ သန်း)နှင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၁၀ ရက်အထိ ၆ လကျော်ကာလအတွင်း တန်ဖိုးငွေကျပ် ၇၀၈ ဘီလီယံကျော် (အမေရိကန် ဒေါ်လာ ၃၈၃ ဒသမ ၁၁၉ သန်း)ကို ဖမ်းဆီးအရေးယူနိုင်ခဲ့ခြင်းသည် မြန်မာ နိုင်ငံရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော အဖွဲ့များ၏လုပ်ဆောင်ချက် ကောင်းမွန်မှုနှင့် တာဝန်ကျေပွန်မှုတို့ကြောင့်ဖြစ်ပြီး ရှေ့ဆက်လက်ပေးအပ်တဲ့ တာဝန်ဝတ္တရား များကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှတာဝန်ကို သစ္စာရှိရှိ ကျေပွန်စွာထမ်းဆောင်ကြမည်ဟူ သည့်ဝန်ထမ်းကောင်း စိတ်ဓာတ်များဖြင့် ဆက်လက်တာဝန်ထမ်း ဆောင်စေလိုကြောင်း။
၂၀၂၂ ခုနှစ်၊ ဇွန် ၂၆ ရက်တွင် ကျရောက်သည့် (၃၅)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ် မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အဖြစ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာ ကွယ်ရေးဗဟိုအဖွဲ့ကဦးဆောင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဖမ်းဆီးရမိသောမူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့်ဆက်စပ်ပစ္စည်းများ မီးရှို့ ဖျက်ဆီးပွဲအခမ်းအနားများကို မန္တလေး၊ ရန်ကုန်နှင့်တောင်ကြီးမြို့များတွင် ကျင်းပခဲ့ပြီး တန်ဖိုးငွေကျပ် ၁၁၈၈ ဘီလီ ယံကျော် (အမေရိကန်ဒေါ်လာ ၆၄၂ ဒသမ ၆၀၈ သန်း)ခန့် မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ တစ်ဖက်တွင် တရားမဝင်ငွေကြေးခဝါချမှုတိုက်ဖျက်‌ရေးအတွက် လည်း ထိ‌ရောက်မှုတစ်ခုအဖြစ် တွေ့ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တစ်မျိုးသားလုံး လူညွန့်တုံးစေပြီး နိုင်ငံအတွက်အန္တရာယ်ကြီးမားသည့် အမျိုးမျိုးသောမူးယစ်ဆေးဝါး များကို တားဆီး ကာကွယ်ကြရာတွင် ပြည်သူတစ်ရပ် လုံးအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်အတူ ပူးပေါင်းပါဝင်ကြစေလိုကြောင်း။
လူကုန်ကူးမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသည်လူကုန်ကူးမှုတိုက်ဖျက် ရေးကို ၁၉၉၇ ခုနှစ်မှ စတင်ကာ မျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်တိုက်ဖျက် လာခဲ့သည် မှာယခုဆိုလျှင်(၂၅)နှစ်ရှိခဲ့ပြီဖြစ်ကြောင်း၊ လူကုန်ကူးမှု တိုက်ဖျက်ရေး ဆောင်ရွက်လျက်ရှိ သည့်စာချုပ်ဝင်နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်း များနှင့်နီးကပ်စွာပူးပေါင်းဆောင်ရွက်လျက်ရှိနေသည်မှာ ယနေ့တိုင်ဖြစ်ကြောင်း၊ လူကုန်ကူးမှု များကို အရေးယူနိုင်ရေးအတွက် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေကို ၂၀၀၅ ခုနှစ်တွင် ပြဋ္ဌာန်းဆောင်ရွက်နိုင်ခဲ့ပြီး ယခုဆိုလျှင် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ဖြစ်ပေါ်ခဲ့သည့် စီးပွားရေးဆိုင်ရာအခြေအနေများ၊ လူကုန်ကူးမှုများရရှိသည့် အလွန်ကြီးမားသော အကျိုး အမြတ်များ၊ ပြောင်းလဲဖြစ်ပေါ်နေသည့် နိုင်ငံတကာ ကူးလူးဆက်ဆံမှုများနှင့် ခေတ်မီတိုး တက်လာသည့် အင်တာနက်အခြေပြု သတင်းအချက်အလက်နည်းပညာများကြောင့် လူကုန် ကူးမှုများတိုးတက်ဖြစ်ပေါ်နေသည့်အတွက် ထိန်းချုပ်အရေးယူနိုင်ရန် ၂၀၂၂ခုနှစ်၊ ဇွန် ၁၆ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးဥပဒေ သစ်ကို ပြဋ္ဌာန်းပေးနိုင်ခဲ့ကြောင်း။
လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေသစ်တွင် လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ အနေဖြင့် လူကုန်ကူး မှုခင်းများဖော်ထုတ်ရာတွင် နိုင်ငံတကာစံချိန်စံနှုန်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိထိရောက်ရောက် ဖော်ထုတ်ဆောင်ရွက်နိုင်ရန် လိုအပ် သကဲ့သို့ လူကုန်ကူးခံရသူများကာကွယ်စောင့်ရှောက်မှုအပိုင်းနှင့် လူကုန်ကူးသူများကို အရေးယူ၊ တရားစွဲဆိုအပြစ်ပေးမှုအပိုင်းတွင်လည်း ပိုမိုဖြည့်ဆည်း အရေးယူဆောင်ရွက် ပေးနိုင်ရန်လိုကြောင်း။
လူကုန်ကူးမှုတာဆီးနှိမ်နင်းရေးဥပဒေအရ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟို အဖွဲ့ ဖွဲ့စည်းခြင်း၊ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းတို့ ဆောင်ရွက်ခဲ့ ကြောင်း၊ မြန်မာနိုင်ငံသည် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ စတုတ္ထ(၅)နှစ် စီမံကိန်း (၂၀၂၂-၂၀၂၆)များကို ရည်မှန်းချက် တာဝန်(၄)ရပ်၊ မဟာဗျူဟာ(၃)ရပ်၊ နည်းဗျူဟာ (၄)ရပ်၊ လုပ်ငန်းကဏ္ဍ(၄)ရပ် ရေးဆွဲချမှတ်ပြီးမူဝါဒများနှင့်အညီ ပူးပေါင်းဆောင်ရွက်ခြင်း၊ ကြိုတင်ကာကွယ်တားဆီးခြင်းနှင့် တရားစွဲတင်၍ ဥပ‌ဒေနှင့်အညီ အ‌ရေးယူခြင်းစသည့် ကဏ္ဍများဖြင့် အကောင်အထည် ဖော်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ။
ငွေကြေးဆိုင်ရာမှုခင်းတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့အနေဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတို့ကို တိုက်ဖျက်ရန်အစဉ်ဆောင်ရွက်လျက်ရှိပြီး ယခုကဲ့သို့ဆောင်ရွက်ရာတွင် ၂၀၁၄ ခုနှစ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ၊ တရားစီရင်ရေး အဖွဲ့များနှင့်ချိတ်ဆက်ဆောင်ရွက်နေကြောင်း။
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့သည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတို့ကို ထိရောက်စွာအရေးယူနိုင်ရန်၊ ဆင့်ပွားပေါ်ပေါက်နိုင်သည့် ပြစ်မှု များကိုကာကွယ်ဟန့်တားရန်နှင့် ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ မှုတို့မှတစ်ဆင့် နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများသို့ ဝင်ရောက်စွက် ဖက်ခြင်းမှ ကာကွယ်နိုင်ရေးအတွက် ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ အခြားသက်ဆိုင်သော အစိုးရဌာနအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှု၊ နိုင်ငံတော်ကလက်ခံထားသည့် အပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းများနှင့်အညီ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့ အစည်းများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို အောင်မြင်ထိရောက်အောင် အကောင် အထည်ဖော်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။
ယနေ့ခေတ်ကာလသည် နည်းပညာခေတ်ဖြစ်သည့်အတွက် နည်းပညာနှင့် ပတ်သက်၍ ကောင်းမွန်စွာအသုံးချနိုင်ရန် လိုအပ်ကြောင်း၊ ခေတ်မီဆက်သွယ်ရေးစနစ်များကို အသုံးပြု၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်များကို ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင်အသုံးပြုခဲ့သည့် ခေတ်စနစ်နှင့် လိုက်လျော ညီထွေမှုမရှိ တော့သည့် လက်နက်များအစား လက်ရှိအခြေအနေနှင့် ကိုက်ညီသည့် ခေတ်မီမောင်း ပြန်လက်နက်များ၊ နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ လူစုလူဝေးကို လူစုခွဲရာတွင် အသုံးပြု သည့် ခေတ်ကာလနှင့် လျော်ညီသော အဓိကရုဏ်းနှိမ်နင်းရေး လက်နက်များ၊ ခေတ်မီမောင်းပြန် ရိုင်ဖယ်လက်နက်များ၊ မှုခင်းသုံးခေတ်မီနည်းပညာပစ္စည်းများ၊ DNA ဓာတ်ခွဲခန်းသုံး ပစ္စည်းများ၊ ဆက်သွယ်ရေးစက်ပစ္စည်းများ၊ Mobile X-Ray ယာဉ်များ၊ မော်တော်ယာဉ်/ ဆိုင်ကယ်များကိုလည်း နိုင်ငံတော်က ဖြည့်ဆည်းဆောင်ရွက်‌ပေးခဲ့သကဲ့သို့ အဆင့်မြင့် နည်းပညာနှင့် အတတ်ပညာများကိုလည်း နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံအချို့မှ ကူညီပံ့ပိုးပေးမှုများရရှိပြီး ယနေ့အဆင့်မြင့်စက်ကရိယာ နည်းပညာများကို အသုံးပြုဆောင် ရွက်လျက်ရှိကြောင်း။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို စွမ်းရည်ပြည့်ဝခေတ်မီသည့် နိုင်ငံတကာအဆင့်မီ ရဲတပ်ဖွဲ့ဖြစ်အောင် တပ်ဖွဲ့ဝင်များအသိပညာ၊ အတတ်ပည်များ တိုးတက်မြင့်မားစေရေး၊ တပ်ဖွဲ့တွင်းလုပ်ငန်းစွမ်းရည်များတိုးတက်မြင့်မားစေရေး၊ တိုးတက်ပြောင်းလဲနေသည့် ခေတ်စ နစ်နှင့်အညီ ခေတ်မီ စက်ကိရိယာများနှင့် နည်းပညာရပ်များကို ကျွမ်းကျင်စွာ ကိုင်တွယ် အသုံးပြုနိုင်ရေး၊ နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ဘာသာ စကား ကျွမ်းကျင်တတ်မြောက်စေရေး၊ ဆိုက်ဘာမှုခင်းများနှင့် ပတ်သက်၍ ကျွမ်းကျင်စွာစုံစမ်း ဖော်ထုတ်နိုင်ရေးအတွက် ပြည်ပနိုင်ငံများ၌ ဖွင့်လှစ်သည့်သင်တန်းများသို့ စေလွှတ်တက် ရောက်စေလျက်ရှိကြောင်း။
အဆိုပါသင်တန်းများတွင် လေ့ကျင့်သင်ကြားရရှိခဲ့ကြသည့် အသိပညာ၊ အတတ် ပညာများကို ကိုယ်တိုင်လိုက်နာကျင့်သုံးသကဲ့သို့ ကျန်ညီနောင် တပ်ဖွဲ့ဝင်များကိုပါ အသိ ပညာ၊ အတတ်ပညာများ ဆင့်ပွားဖြန့်‌ဝေပေးခြင်းဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ စွမ်းဆောင် ရည်များသည် ယခုထက်ပိုမိုစွမ်းဆောင်လာနိုင်မည်ဖြစ်ကြောင်း။
နိုင်ငံတကာရဲတပ်ဖွဲ့များနှင့် ဆက်ဆံမှုများမှ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၇ ရက်မှ ၁၀ ရက် အထိ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ကျင်းပသော ASEAN POLICE MUSIC FESTIVAL တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲလေ့ကျင့်ရေးဌာနကြီး၊ ရဲတီးဝိုင်းအဖွဲ့တက်ရောက်၍ ဗီယက်နမ်၊ ဘရူနိုင်း၊ လာအို၊ ဖိလစ်ပိုင်၊ တရုတ်၊ ဂျပန်တို့နှင့်အတူ စုပေါင်းတီးမှုတ်လေ့ကျင့်ခြင်း၊ ဖျော်ဖြေ ခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း။
တပ်ဖွဲ့ဝင်များ၏ တာဝန်ထမ်းဆောင်မှုကို နိုင်ငံတော်က အလေးထား အသိအမှတ် ပြုပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာစွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဂုဏ်ထူးဆောင် တံဆိပ်များ ကိုစိစစ်ချီးမြှင့်ပေးခြင်းဖြင့် တပ်ဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်တင်ရေးကိုပါ ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ မိမိတို့ကျရာကဏ္ဍတွင် တာဝန်ကျေပွန်စွာထမ်းဆောင်ရင်း အသက် ပေးလှူ၊ ကိုယ်အင်္ဂါစွန့်လှူသွားခဲ့ကြရသည့် ရဲတပ်ဖွဲ့ဝင်များလည်းရှိခဲ့သည့်အတွက် ရဲတပ်ဖွဲ့ ဝင်များ၏ ဇွဲ/ လုံ့လ/ စိတ်ဓာတ်/ ကြိုးပမ်းမှုများအပေါ် ဂုဏ်ယူလေးစား အသိအမှတ် ပြုပါ ကြောင်း။
နိုင်ငံတော်က အသိအမှတ်ပြု ချီးမြှင့်သည့်အနေဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့)တွင် ရဲသူရတံဆိပ်ရရှိသူ ၆၃ ဦး၊ ရဲဗလတံဆိပ်ရရှိသူ ၄၂၆ ဦး၊ ရဲကျော်စွာတံဆိပ် ရရှိသူ ၉ ဦး၊ ရဲကျော်သူတံဆိပ် ရရှိသူ၃ ဦး၊ စီမံထူးချွန်တံဆိပ် (တတိယအဆင့်) ရရှိသူ ၁ ဦး၊ ရဲမှုထမ်းကောင်းတံဆိပ် ရရှိသူ ၃၄၈ ဦး၊ နိုင်ငံတော် ရဲမှုထမ်းတံဆိပ် ရရှိသူ ၁၂၂၃ ဦး၊ မြန်မာနိုင်ငံရဲ ပူးတွဲ တိုက်ပွဲဝင်တံဆိပ် ရရှိသူ ၂၄၈၇ ဦး၊ ပြည်သူ့ ဝန်ထမ်းကောင်းတံဆိပ် ရရှိသူ ၄၅ ဦး၊ ပြည်သူ့ဝန်ထမ်းတံဆိပ် ရရှိသူ ၅၄ ဦး၊ ငြိမ်ဝပ်ပိ ပြားရေးနှင့် တရားဥပဒေ စိုးမိုးရေးတံဆိပ် ရရှိသူ ၅၂၄၃ ဦး၊ စုစုပေါင်း ၉၉၀၂ ဦးကို ချီးမြှင့် ပေးအပ်ခဲ့ကြောင်း၊ အလားတူ ၂၀၂၂ ခုနှစ်၊ မတ် ၂၇ ရက် (တပ်မတော်နေ့)တွင် ရဲဗလတံဆိပ် ရရှိသူ ၁၂၉ ဦး၊ စီမံထူးချွန်တံဆိပ် (ပထမဆင့်) ရရှိသူ ၂ ဦး၊ စီမံထူးချွန်တံဆိပ် (ဒုတိယဆင့်) ရရှိသူ ၃၀ ၊ စီမံထူးချွန်တံဆိပ် (တတိယဆင့်) ရရှိသူ ၃ ဦး၊ စုစုပေါင်း ၁၆၄ ဦး တို့ကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း၊ ထို့ပြင် ၂၀၂၁ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အတွင်း ထူးချွန်ပြောင်မြောက်စွာလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ခဲ့သူများ၊ မှုခင်းများ စွမ်းစွမ်းတမံဖော်ထုတ်နိုင်သူများ၊ မူးယစ်ဆေးဝါးဖော်ထုတ် ဖမ်းဆီးနိုင်သူများ၊ လုပ်ငန်းတာဝန် ကျေပွန်သူများ၊ သင်တန်းနှင့် အားကစားတွင် ထူးချွန်ဆုရရှိကြသူများကိုလည်း တစ်ဆင့်တိုး ရာထူးတိုးမြှင့်ပေးခြင်းနှင့် ရဲချုပ်၏ အမှုထမ်းကောင်းလက်မှတ်နှင့် ဆုများချီးမြှင့်ခြင်းကို တွေ့ရသည့်အတွက် ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုချီးမြှင့်ခြင်းသည် မင်္ဂလာတရားတော်နှင့် လည်း ညီညွတ်သည့်အပြင် အမှုထမ်းကောင်းတံဆိပ်ရပြီး အရာထမ်းအမှုထမ်းများကလည်း ဆက်လက်ကြိုးစားတာဝန်ထမ်းဆောင်ကြရန်လိုအပ်သကဲ့သို့ မရရှိကြသေးသည့် အရာထမ်းအမှုထမ်းများအနေဖြင့်လည်း နိုင်ငံတော်ကချီးမြှင့်မည့် အမှုထမ်းကောင်း တံဆိပ်များရရှိရန် ပေးအပ်သောတာဝန်များကို ရိုးသားမှု၊ ကြိုးစားမှုတို့နှင့်အတူ တာဝန်ကို ကျေပွန်အောင် စွမ်းစွမ်းတမံကြိုးစားအားထုတ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့ကို ၂၀၂၁ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင် ရည်ရွယ် ချက် (၄)ရပ်ဖြင့် ဖွဲ့စည်းပေးခဲ့ကြောင်း၊ ရဲမှုထမ်းဟောင်း အငြိမ်းစားယူသူအားလုံးကို စုစည်း နိုင်ခဲ့လျှင်နိုင်ငံတော်၏အင်အားတစ်ရပ်အနေဖြင့် တစ်ခန်းတစ်ကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင် မည်ဖြစ်သည့်အတွက် အဖွဲ့ဝင်များတိုးတက်ဖွဲ့စည်းနိုင်ရေး စည်းရုံးဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ညွှန်ကြားချက်နှင့်အညီ နိုင်ငံ့တာဝန် များကို ထမ်းဆောင်ချိန်ကာလအတွင်း အကြမ်းဖက်သမားများ၏ အကြောင်းမဲ့တိုက်ခိုက် သတ် ဖြတ်မှုများကြောင့် နိုင်ငံသူနိုင်ငံသားများ ထိခိုက်သေဆုံးခဲ့ရမှုများမှ ကင်း‌ဝေးစေ‌ရေး၊ နိုင်ငံတစ်ဝန်း တရားဥပဒေစိုးမိုး‌ရေးလုပ်ငန်းရပ်များ ဆောင်ရွက်ရာတွင် အထောက်အကူ ပြုစေ နိုင်မည့် ပြည်သူ့လုံခြုံရေးအဖွဲ့များကို ပြည်နယ်နှင့်တိုင်း‌ဒေသကြီး အလိုက် ရပ်ကွက်/ ကျေးရွာ/မြို့နယ်နှင့်ခရိုင်အဆင့် ဖွဲ့စည်းပေးခဲ့ပြီး ဒေသအလိုက်တည်ငြိမ်အေးချမ်း ရေးကို ရာနှုန်းပြည့်ရရှိစေသည်အထိ ဆက်လက်စီမံဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်စေရန် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် "မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဥပဒေ" အသစ်ကို လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးတို့နှင့် စပ်လျဉ်း၍ နိုင်ငံတော်နှင့် နိုင်ငံသားများ၏အကျိုးစီးပွားကို ဥပဒေနှင့်အညီ အစဉ်ကာကွယ် စောင့်ရှောက် သည့်ရဲတပ်ဖွဲ့ဖြစ်စေရန်၊ နိုင်ငံတော်နှင့် ပြည်သူများက ယုံကြည်အားထားရသည့် အရည်အသွေးမြင့်မားပြီး စည်းကမ်းကောင်းမွန်သည့် ရဲတပ်ဖွဲ့ဖြစ်စေရန်၊ ပြည်တွင်းလုံခြုံရေး၊ ရပ်ရွာ အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးတာဝန်များကို စွမ်းရည်ထက်မြက်စွာ ထမ်းဆောင်နိုင်သည့် ရဲတပ်ဖွဲ့ဖြစ်စေရန်၊ နိုင်ငံတကာရဲတပ်ဖွဲ့၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရဲတပ်ဖွဲ့၏ စွမ်းရည်နှင့် အရည်အသွေးမြင့်မားရေးဆောင်ရွက်ရန် လိုအပ်သည့် အချိန်တွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်ရန် စသည် ရည်ရွယ်ချက်များဖြင့် ၂၀၂၂ခုနှစ် မတ် ၂၅ရက်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဥပဒေ အသစ်ကို ပြဋ္ဌာန်းခဲ့ ပြီးဖြစ်ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူပြီးသည့်နောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဖွဲ့စည်းပုံတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်/ အထက်မြန်မာ ပြည်)တို့၌ သင်ကြားရေးဌာန တစ်ခုစီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၌ ဌာနကြီးတစ်ခု၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၌ စက်တပ်ကိရိယာရှာဖွေရေးတပ်ခွဲ(၁)ခွဲနှင့် တပ်စု (၆)စုအပြင် ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ ရဲကင်း စခန်း(၁)ခုနှင့် နယ်မြေရဲစခန်း (၁)ခုတို့ ကို တိုးချဲ့ဖွဲ့စည်းပေးနိုင်ခဲ့ကြောင်း။
နိုင်ငံတော်၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ကဏ္ဍ များတိုး တက်ပြောင်းလဲလာသည်နှင့်အမျှ ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်း များဆောင်ရွက်ရာတွင် ပိုမို အဆင်ပြေချောမွေ့စေရန် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရဲတပ်ဖွဲ့များတွင် ခရိုင်အဆင့်(၄၆)ခုကို ထပ်မံတိုးချဲ့ ဖွဲ့စည်း ပေးနိုင်ခဲ့ကြောင်း၊ အသစ်ထပ်မံဖွဲ့စည်းထားသည့် ခရိုင်ရုံးများ အမြန်ဆုံးထိရောက်အောင်မြင် စွာလုပ်ငန်းလည်ပတ်နိုင်ရေး သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ဝိုင်းဝန်း ကြပ်မတ် ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို“မျိုးချစ်စိတ်ရှိရမည်၊ စွမ်းရည်ပြည့်ဝရမည်၊ ခေတ်မီရမည်” ဟူသည့်မျှော်မှန်းချက်များဖြင့်တည်ဆောက်ရာတွင် ဖွဲ့စည်းပုံတိုးချဲ့ပြင်ဆင်မှု၊ ခေတ်မီပစ္စည်း ကိရိယာများ၊ လုံခြုံရေးအသုံးအဆောင်များစသည်တို့ကို ခေတ်ကာလနှင့်လျော်ညီအောင် နိုင်ငံတော်ကတိုးမြှင့် ဖြည့်ဆည်းပေးမှုများ ဆောင်ရွက်ပေးနေသကဲ့သို့ တပ်ဖွဲ့ဝင် တစ်ဦးချင်းစီ အနေဖြင့်လည်း အဖွဲ့အစည်းကောင်းတစ်ခု၏ အနှစ်သာရဖြစ်သည့် စိတ်ဓာတ် ကောင်းမွန်ရေး ၊ စွမ်းရည်ပြည့်ဝရေးနှင့် တာဝန်ကျေပွန်ရေး စသည်တို့ကို စဉ်ဆက်မပြတ် ဆက်လက်ခံယူလေ့ကျင့်နေကြရမည်ဖြစ်ကြောင်း၊ ပြည်သူလူထု၏ လေးစားယုံကြည်မှု ပိုမိုရရှိစေရန် ရဲတပ်ဖွဲ့ဝင်များသည် အဂတိတရားကင်းရှင်း ကြရမည့်အပြင် တပ်ဖွဲ့ကချမှတ်ထားသည့် ရဲစည်းကမ်းနှင့် ရဲကျင့်ဝတ်များကိုလည်း ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံအောင် လိုက်နာ စောင့်ထိန်းပြီး လူမှုအဖွဲ့အစည်းတစ်ရပ်လုံးကို ဥပဒေနှင့်အညီ လုံခြုံအောင် ရိုးသားကြိုးစားမှုနှင့် ကိုယ်ချင်းစာတရားလက်ကိုင်ထား၍ အကာအကွယ်ပေးစောင့် ရှောက်သွားကြရန် အထူး မှာကြားလိုကြောင်း ။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အရာထမ်း၊ အမှုထမ်းများ အားလုံးသည် မိမိတို့၏ လုပ်ပိုင် ခွင့်များ၊ လုပ်ငန်းကျွမ်းကျင်မှုများနှင့်အတူဥပဒေကိုကိုင်တွယ်ကျင့်သုံးရာတွင် ပွင့် လင်းမြင်သာပြီး တာဝန်ယူမှု၊ တာဝန်ခံမှုပြုနိုင်သော နိုင်ငံနှင့်ပြည်သူများက လေးစား ဂုဏ်ယူဖွယ် အားကိုးအားထားပြုနိုင်သည့် ဥပဒေ ဘက်တော်သား ရဲတပ်ဖွဲ့ဝင်ကောင်းများဖြစ် အောင် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ ပြည်သူလူထု၏ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရာတွင် ရဲလုပ်ငန်းကျွမ်းကျင်မှု၊ ရိုးသားဖြောင့်မတ်မှု၊ သမာ သမတ်ရှိမှုတို့ဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ရည်မှန်း၍ နိုင်ငံတော်နှင့်ပြည်သူကို အကျိုးပြုရသည့် မိမိအလုပ်ကို တန်ဖိုးထားဂုဏ်ယူစွာကြိုးပမ်းလုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ နယ်မြေရဲ စခန်းအဆင့်မှ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ထိ အဖွဲ့အစည်းအလိုက် နိုင်ငံတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ချမှတ်ပေးထားသည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်း ဆောင်ရင်း ရဲစည်းကမ်း၊ ရဲကျင့်ဝတ်များနှင့်အညီ စံပြပြုမူဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင် ငံရဲတပ်ဖွဲ့အပေါ် ပြည်သူလူထုတစ်ရပ်လုံးက လေးစားအားကိုးရလောက်သည့် ဥပဒေဘက် တော်သားများဖြစ်လာစေရန် ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် Video Clip ကို ပြသသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်တံဆိပ်ရရှိသူ တပ်ဖွဲ့ဝင် (၆)ဦးကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က စွမ်းရည်သတ္တိဂုဏ်ထူး ဆောင်တံဆိပ် ရရှိသူ တပ်ဖွဲ့ဝင်(၃)ဦး နှင့် စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်ရရှိသူ တပ်ဖွဲ့ဝင်(၄)ဦးတို့ ကိုယ်စား မိသားစုဝင်(၆)ဦးကိုလည်းကောင်း ဂုဏ်ထူးဆောင်ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး (၅၈)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် မှတ်တမ်းဓာတ်ပုံများ၊ ရုပ်လုံးရုပ်ကြွများ၊ တပ်ဖွဲ့/ဌာနများတွင် အသုံးပြုလျက်ရှိသည့် စက်ကိရိယာများ၊ နည်းပညာဆိုင်ရာပစ္စည်းများ၊ လက်နက်များ၊ ဝတ်စုံများ၊ ဆက်သွယ်ရေးပစ္စည်းများ၊ မူးယစ်ဆေးဝါး ရှာဖွေစစ်ဆေးရေးစက်များနှင့် ယာဉ်များကို လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက် က ရဲတပ်ဖွဲ့နေ့ မိန့်ခွန်းပြောကြားပြီး စံပြရဲအဆင့်တိုးဆုရရှိသူ တပ်ဖွဲ့ဝင်(၅)ဦး၊ စွမ်းဆောင်မှုအတွက် ရာထူးအဆင့်တိုးဆု(အရာရှိ)(၂)ဦးနှင့် အနုပညာရှင်ကိုယ်စားလှယ်(၁)ဦးကိုလည်းကောင်း၊ ဒုတိယရဲချုပ်များက စွမ်းဆောင်မှုအတွက်ရာထူးအဆင့်တိုး တပ်ဖွဲ့ဝင်(၈)ဦးနှင့် ရုံးဝန်ထမ်း ထူးချွန်ဆုရရှိသူ (၇)ဦးကိုယ်စား တာဝန်ရှိသူတစ်ဦးကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ရဲချုပ်၏ ဇနီးနှင့် ဒုတိယရဲချုပ်များ၏ ဇနီးတို့က အမျိုးသမီးစွမ်း ဆောင်ရှင်ဆု ရရှိသူ (၁)ဦး၊ နေအိမ် လိုင်းခန်းသန့်ရှင်းရေးဆုရရှိသူ(၈)ဦးတို့ကို ဂုဏ်ပြုဆုတံဆိပ်များနှင့် အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်ချီးမြှင့်ကြကြောင်းသတင်းရရှိသည်။