Naypyitaw State Academy(NSA) စီမံကိန်းနှင့် နိုင်ငံတော်၏ စေတနာ
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အညွှန်းကိန်းတွင် အခြေခံ အကျဆုံးနှင့် အရေးပါဆုံးအရာမှာ လူ့စွမ်းအားအရင်းအမြစ် (Human Resources)ပင်ဖြစ်သည်။ ကဏ္ဍအလိုက် အရည်အသွေးပြည့်ဝသူများ၊ တတ်ကျွမ်းသည့် ပညာရှင်များ ပေါများခြင်းပေါ် မူတည်၍ ၎င်းင်းနိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ်စံနှုန်းကို ခန့်မှန်းသိရှိနိုင်ပေသည်။ ၁၉၈၈ ခုနှစ်ဝန်းကျင်ခန့်က စတင်၍ မြန်မာနိုင်ငံတွင်ရှိသော ပညာရှင်အများစုသည် ပြည်ပတွင် သွားရောက် အလုပ်လုပ်ကိုင်ခြင်း၊ ပြည်ပ နိုင်ငံသားများအဖြစ် ခံယူသွားခြင်း စသည်တို့ကြောင့် နိုင်ငံ၏လူ့စွမ်းအား အရင်းအမြစ်မှာ တဖြည်းဖြည်း လျော့ပါးခဲ့ရသည်။ နိုင်ငံအတွက် ယိုပေါက်သဖွယ် ဖြစ်ခဲ့သော လူ့စွမ်းအား အရင်းအမြစ်နေရာကို ပြန်လည်ဖြည့်ဆည်းနိုင်ရန်မှာ နိုင်ငံအတွင်း အသိပညာရှင်၊ အတတ်ပညာရှင်များ စနစ်တကျပြန်လည် မွေးထုတ်နိုင်ရန်ပင်ဖြစ်သည်။
လူ့စွမ်းအားအရင်းအမြစ်၏ အခြေခံမှာ ပညာရေးသာဖြစ်
နိုင်ငံတစ်နိုင်ငံ တိုးတက်ရေးအတွက် လူ့စွမ်းအား အရင်းအမြစ်အား စနစ်တကျ တည်ဆောက်ရာတွင် ပညာရေးကဏ္ဍသည် ထိပ်ဆုံးမှပါဝင်သည်။ သို့ဖြစ်၍ နိုင်ငံတကာတွင် အမြော်အမြင်ကြီးမားသော နိုင်ငံ့ခေါင်းဆောင်တိုင်းသည် ပညာရေး တိုးတက်အောင် မဖြစ်မနေကြိုးစား ဆောင်ရွက်လေ့ရှိကြသည်။ လက်ရှိ မြန်မာနိုင်ငံတွင်လည်း နိုင်ငံတော် အကြီးအကဲ၏ ဦးဆောင်မှုဖြင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးမှုအား စနစ်တကျ အကောင်အထည်ဖော်လျက်ရှိသည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရှမ်းပြည်နယ် ခရီးစဉ်အတွင်း ကျိုင်းတုံမြို့၌ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံရာတွင် ပညာရေးနှင့်ပတ်သက်၍ ပညာတတ်များ ပေါ<ကယ်ဝခြင်းသည် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရန်နှင့် တိုင်းပြည်၏ အနာဂတ်ကောင်းကို ပိုင်ဆိုင်ခြင်းပင်ဖြစ်သည့်အတွက် နိုင်ငံတကာတွင်လည်း နိုင်ငံအလိုက် ပညာရည်မြင့်မား တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း ပြောကြားသွားခဲ့သည်။ နိုင်ငံတော်အား အဘက်ဘက်မှ ပြန်လည် တိုးတက်အောင် တည်ဆောက်နေချိန်တွင် အဓိကလိုအပ်ချက် တစ်ခုဖြစ်သော ပညာရှင်အရင်းအနှီး ဖွံ့ဖြိုးလာစေရေးအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုကောင်း တစ်ခုလည်း ဖြစ်သည်။
Naypyitaw State Academy (NSA) စီမံကိန်း
မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ အဆင့်မြင့် တိုးတက်လာစေရေး အတွက် အဓိကလိုအပ်ချက် တစ်ခုမှာ နိုင်ငံတကာ အဆင့်မီ တက္ကသိုလ်၊ ကောလိပ်များ ပေါ်ထွန်းလာနိုင်ရေးဖြစ်သည်။ နိုင်ငံအတွင်း ဒေသအလိုက် တက္ကသိုလ်၊ ကောလိပ်များ ထူထောင်ခြင်းအားဖြင့် နိုင်ငံ၏အဓိက လိုအပ်ချက်ဖြစ်သော ပညာရှင်အရင်းအနှီး(Intellectual Capital)ကို ပိုမိုတည်ဆောက်နိုင်မည်လည်းဖြစ်သည်။ နိုင်ငံ တော်အနေဖြင့် လာမည့်ပညာသင်နှစ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းများ ဖွင့်လှစ်ခြင်းအပြင် ခရိုင် ၅၀ ၌ စာသင်ကျောင်းများ အထိပါ ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။
နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြင့် နေပြည်တော်ကောင်စီ နယ်မြေတွင် Nay-pyitaw State Academy (NSA) စီမံကိန်းကို ၂၀၂၂ ခုနှစ်၊ ဧပြီလမှစတင်၍ အကောင်အထည်ဖော်ခဲ့ပြီး အောက်တိုဘာလအတွင်း ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်လျက် ရှိပါသည်။ နေပြည်တော်ရှိ နိုင်ငံ့ဝန်ထမ်း မိသားစုဝင်များ၏ သားသမီးများနှင့် နေပြည်တော်ကောင်စီ နယ်မြေ ၈ မြို့နယ်မှ သတ်မှတ်အရည်အချင်း ကိုက်ညီသူများ အနေဖြင့် အဆင့်မြင့် ပညာများ သင်ကြားခွင့် ရရှိနိုင်မည့် အခွင့်အရေးပင်ဖြစ်သည်။ နိုင်ငံတော်၏ပညာရေး ကဏ္ဍ တစ်ဖန်ဦးမော့လာဦးမည့် လမ်းစလည်းဖြစ်သည်။
နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ကိုသိချင်ရင် အဲ့ဒီနိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေရဲ့ ပစ္စပ္ပုန် အခြေအနေကို ကြည့်ရတယ်ဟု စင်ကာပူ နိုင်ငံဝန်ကြီးချုပ်ဟောင်း လီကွမ်ယုက ဆိုခဲ့ဖူးသည်။ မြန်မာပြည်က အရမ်းခမ်းနားတဲ့ ရန်ကုန်တက္ကသိုလ်ကြီးမှာ ကျောင်းတက်ဖူးချင်တယ် ဆိုသည်မှာလည်း လီကွမ်ယု၏ ငယ်စဉ်က အိပ်မက်ပင်ဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်း ၇၀ ကျော်က မြန်မာနိုင်ငံ၏ ရန်ကုန်တက္ကသိုလ်ကြီးသည် အရှေ့တောင်အာရှ၏ အကောင်းဆုံးတက္ကသိုလ် စာရင်းဝင်ခဲ့ဖူးသည်။ ယခုတည်ဆောက်နေသည့် Naypyitaw State Academy သည် တစ်ချိန်က ရန်ကုန်တက္ကသိုလ်နည်းတူ အရှေ့တောင်အာရှ အဆင့်တွင်သာမက ကမ္ဘာ့အဆင့်မီ တက္ကသိုလ်ကြီးဖြစ်အောင် နိုင်ငံတော်က စီမံချက်ချမှတ်ဆောင်ရွက် နေခြင်းလည်း ဖြစ်သည်။ သို့ဖြစ်၍ ယခုစီမံကိန်းသည် တစ်ချိန်က စင်ကာပူ ခေါင်းဆောင်တစ်ယောက် အားကျခဲ့ရသော မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနိုင်မည့် အလားအလာမျိုးလည်း ဖြစ်ပေတော့မည်။
နိုင်ငံတကာ တက္ကသိုလ်များ၏ စံနှုန်းနှင့်အညီ မြန်မာနိုင်ငံ၏တက္ကသိုလ်၊ ကောလိပ်များသည် အဆင့်မြင့်ပညာရေး အတွက် ရည်ရွယ်၍ ခေတ်အဆက်ဆက်၌ ပုံစံအမျိုးမျိုးဖြင့် ကြိုးစားဆောင်ရွက်ခဲ့ကြသည်။ နိုင်ငံတကာ အဆင့်မီနိုင်ရေးအတွက် ပိုမိုသစ်လွင်ပြီး လက်တွေ့ကျသော အတွေးအခေါ်များ၊ စံချိန်စံညွှန်းများဖြင့် အကောင်အထည်ဖော်ခဲ့ကြသည်။ လက်ရှိ Naypyitaw State Academy တွင်ရွေးချယ်ထားသော ဝိဇ္ဇာ/သိပ္ပံဘာသာရပ်များ၊ စီးပွားရေး၊ ဥပဒေ၊ လူမှုရေး၊ အားကစားနှင့် ဆေးပညာစသည်ဖြင့် ဘာသာရပ်မျိုးစုံ အပြင် အဆင့်မြင့်ပါရဂူဘွဲ့များ အထိ သင်ကြားပေးသွားမည်ဖြစ်သည်။
ယခုနှစ်ပညာသင်နှစ်မှ စတင်၍ တတိယနှစ်နှင့် စတုတ္ထနှစ် Day ကျောင်းသားများကို ဦးဆုံး သင်ကြားပေးတော့မည်လည်း ဖြစ်သည်။ နောက်တစ်ဆင့်တွင် ပညာသင်နှစ် အလိုက် ဆင့်ကဲဆင့်ကဲစနစ်ဖြင့် ပထမနှစ်၊ ဒုတိယနှစ် သင်တန်းသားများကို ဆက်လက် ခေါ်ယူသင်ကြား ပေးသွားမည်ဖြစ်သည်။ နောင် ၄ နှစ်ကြာမြင့်ချိန်တွင် တက္ကသိုလ်ကြီး တစ်ခုအနေဖြင့် အပြည့်အဝ သင်ကြားပေးနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်းလည်း ဖြစ်သည်။ နိုင်ငံတကာတက္ကသိုလ်များ၏ စံနှုန်းများနှင့်အညီ ပေးအပ်သွားမည့် ပညာရေးဘွဲ့များကိုလည်း အဆင့်မီနိုင်စေရေး အတွက် နိုင်ငံတော်က လျာထားသည်မှာ အားရဖွယ်ရာပင်ဖြစ်သည်။
နိုင်ငံတကာတွင် တက္ကသိုလ်များကို အဆင့်အတန်း သတ်မှတ်သည့်အခါ ယင်းတက္ကသိုလ်၌ သင်တန်းသားများကို မည်သို့ ရွေးချယ်ခေါ်ယူသည်(သင်တန်းနှင့် ကိုက်ညီမှုရှိ/မရှိ)၊ မည်သို့မည်ပုံ သင်ကြားသည် (သင်ကြားရေးစနစ်)၊ မည်သို့စစ်ဆေးသည် (တတ်မြောက်မှု စစ်ဆေးသည့်စနစ်)၊ အမှန်တကယ် သင်ကြားနိုင်မည့် အခြေအနေ ရှိ/မရှိ၊ သင်ကြားရေး အထောက်အကူပြုပစ္စည်း မည်မျှပြည့်စုံမှုရှိသည်၊ ပညာရေးစနစ်ကို မည်သို့စီမံ ခန့်ခွဲနေသည်၊ နိုင်ငံတကာရှိ ပညာရပ်ဆိုင်ရာ ဂျာနယ်များတွင် သုတေသနစာတမ်း မည်မျှပုံနှိပ်ဖော်ပြပြီး ဖြစ်သည် စသည့်အချက်များဖြင့် ဘက်ပေါင်းစုံမှ ရှုမြင်သုံးသပ်လေ့ရှိသည်။ နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင်က Naypyitaw State Academy စီမံကိန်းအား သွားရောက် စစ်ဆေးချိန်တွင် အဓိကကျသည့် ဘာသာရပ်များကို စနစ်တကျဖြင့် သင်ကြားပေးပြီး နိုင်ငံအတွက် လိုအပ်လျက်ရှိသည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည်အထိ ဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း၊ ယခုတက္ကသိုလ်တွင် အဆင့်မြင့်ပါရဂူဘွဲ့များ ပေးအပ်နိုင်သည်အထိ သင်ကြားပေးမည်ဖြစ်ကြောင်း၊ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်နှင့် နေပြည်တော် တက္ကသိုလ်တို့သည် နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်များ ဖြစ်အောင် ဆောင်ရွက်ရန် လိုပြီး ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းတွင် ပါဝင်နိုင်သည်အထိ လုပ်ဆောင် ပေးနိုင်ရေး မျှော်မှန်း ဆောင်ရွက်ကြရန် လိုကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။ ပညာရေးဝန်ကြီးဌာန အနေဖြင့်လည်း သင်ကြားရေးနှင့် ပတ်သက်၍ ပညာရေး ဝန်ထမ်းများခန့်အပ် တာဝန်ပေးအပ်နိုင်ရန် စနစ်တကျ စိစစ်ရွေးချယ်ထားခြင်း၊ သင်ကြားရေးဌာနများ ဖွဲ့စည်း သတ်မှတ်ရာတွင်လည်း နိုင်ငံတကာတွင် အသုံးပြုသည့် ဘာသာရပ်ဆိုင်ရာ အသုံးအနှုန်းနှင့် လုပ်နည်းစနစ်များကို လေ့လာ၍ စနစ်တကျ ဆောင်ရွက်သွားမည်ဖြစ်သည်။ Naypyitaw State Academy စီမံကိန်းသည် နိုင်ငံတော်အတွက် ပညာရှင် အရင်းအနှီးကောင်းများ မွေးထုတ်ပေးနိုင်ရန် အဖိုးမဖြတ်နိုင်သော ပညာရေးရင်းနှီးမြှုပ်နှံမှု တစ်ခုလည်း ဖြစ်သည်။
သင်ကြားရေး အရင်းအမြစ်များ ပြည့်စုံမှု တက္ကသိုလ်တစ်ခု၏ သင်ကြားရေး အရင်းအမြစ်ဟု ဆိုရာတွင် ပညာသင်ကြားရေး အဆောက်အအုံ၊ လူနေထိုင်ရေး အဆောက်အအုံ၊ သင်ကြားရေး အထောက်အကူပြု ပစ္စည်းများ ပြည့်စုံလုံလောက်မှုအပြင် ၎င်းအဆောက်အအုံများ၏ ရေရှည်တည်တံ့ ကောင်းမွန်စေရေး အထိပါ အကျုံးဝင်ပေသည်။ Naypyitaw State Academy တည်ဆောက်ရေး လုပ်ငန်းတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် စနစ်တကျဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိသည်။ အခြေခံစာသင်ဆောင်များ၊ တက္ကသိုလ်ပင်မ အဆောက်အအုံ (Main Building)၊ သင်ကြားရေး အထောက်အကူပြု ပစ္စည်းများ၊ စာကြည့်တိုက်၊ ဓာတ်ခွဲခန်းနှင့် တက္ကသိုလ်ဆရာ၊ ဆရာမများအတွက် နေထိုင်ရေး အဆောက်အအုံများပါမကျန် စနစ်တကျ တွက်ချက်ပြီး ပြည့်ပြည့်စုံစုံ တည်ဆောက်နေခြင်းလည်း ဖြစ်သည်။ တက္ကသိုလ်တစ်ခု၏ အဆင့်မြင့် ပညာသင်ကြားရေးအတွက် မရှိမဖြစ် လိုအပ်သော E-Library ကိုပါ ထည့်သွင်း တည်ဆောက်မည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် Naypyitaw State Academy စီမံကိန်းကို ၂၀၂၄ ခုနှစ် ဧပြီလတွင် တည်ဆောက်ပြီးစီးရန် လျာထားလျက် ရှိသောကြောင့် မျိုးဆက်သစ် လူငယ်များအနေဖြင့် အဆင့်မြင့်ပညာများ သင်ကြား နိုင်တော့မည်ဖြစ်သည်။
နိုင်ငံတော်၏စေတနာအမှန်ဖြစ်
ယခင်ကနေပြည်တော်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောတက္ကသိုလ်များသာ ရှိခဲ့သည်။ နေပြည်တော်ကောင်စီနယ်မြေအတွင်း နေထိုင်သူများ အနေဖြင့် အခြားသော ဘာသာရပ်များကို သင်ယူလိုသည့်အခါ အခြားဒေသရှိ တက္ကသိုလ်များသို့ တကူးတကသွား၍ တက်ရောက်ကြရသည်။
အဓိကအခက်အခဲမှာ အစိုးရဝန်ထမ်း မိသားစုဝင်များအတွက် ငွေကုန်ကြေးကျများသည့် ပြဿနာဖြင့် ရင်ဆိုင်ရခြင်းပင် ဖြစ်သည်။ ယခု Naypyitaw State Academyတည်ဆောက်ပေးခြင်းသည် အစိုးရဝန်ထမ်း မိသားစုဝင်များ၏ သက်သာချောင်ချိရေး အပေါ်ရှေးရှုသော နိုင်ငံတော်၏ စိတ်စေတနာပင်ဖြစ်သည်။ ထိုမျှမက ယခုနှစ် ကျောင်းတက်မည့်သူများအတွက် နေအိမ်မှကျောင်းသို့ ဖယ်ရီကြို/ပို့ပေးနိုင်ရေး ဆောင်ရွက်ပေးမည်လည်း ဖြစ်ပြီး နောင်တွင် တက္ကသိုလ်ရှိ အဆောင်များတွင်ပါ နေထိုင်နိုင်၍ ပညာသင်ကြားနိုင်ရေးအား စီစဉ်ပေးမည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ် တစ်ခုဖြစ်လာစေရန် ရည်ရွယ်ထားသကဲ့သို့ ကမ္ဘာ့အဆင့်မီ တက္ကသိုလ်အထိပါ မျှော်မှန်းထားပေသည်။
တစ်ဖက်တွင်လည်း ပညာသင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများအတွက် သွားရေးလာရေးသာမက တက္ကသိုလ် အဆောင်များဖြင့် နေထိုင်နိုင်ရေးအထိပါ အသေးစိတ် ဆောင်ရွက်ထားသော ရေရှည်စီမံကိန်းကြီး တစ်ခုလည်းဖြစ်သည်။
နိုင်ငံတကာအဆင့်မီ တက္ကသိုလ် တည်ဆောက်ရေး လုပ်ငန်းဟူသည် စီမံကိန်း ရေးဆွဲ၍ စနစ်တကျဆောင်ရွက်မှသာ ရလဒ်ကောင်း ပေါ်ထွန်းနိုင်သည့်လုပ်ငန်း မျိုးလည်းဖြစ်သည်။ ခေတ်နှင့်ညီညွတ်သည့်၊ လိုက်လျောညီထွေမှု ရှိမည့်လိုအပ်သော အခင်းအကျင်းများကို ထည့်သွင်းနိုင်ရန်လည်း လိုအပ်ပေသည်။ နိုင်ငံတော် အနေဖြင့် ပညာရေး ရင်းနှီးမြှုပ်နှံမှုအတွက် တက္ကသိုလ်ကြီးများ၊ စာသင်ကျောင်းများ တိုးချဲ့ဆောက်လုပ်ခြင်းသည် ငွေကုန်ကြေးကျများသည့် လုပ်ငန်းများဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံအတွက် ဘတ်ဂျက်များ ရရှိနိုင်ရန် စီးပွားရေးမြှင့်တင်ရေး လုပ်ငန်းများဖြစ်သည့် ခရီးသွားကဏ္ဍ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှု ကဏ္ဍများကိုလည်း တိုးတက်အောင် ဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏ စိတ်ရင်း စေတနာအမှန်ကို ပေါ်လွင်နေစေသည်။ နိုင်ငံတော်သည် Naypyitaw State Academy စီမံကိန်းနှင့် ပတ်သက်၍ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာကဏ္ဍ အလိုက် ဝန်ကြီးဌာနများ၏ ပူးပေါင်း ဆောင်ရွက်မှုအားကို အားရဖွယ်မြင်တွေ့ရသည်။ သို့ဖြစ်၍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် နိုင်ငံတော်ဘက်ကသာမက နိုင်ငံတွင်းရှိ ပြည်သူများ၏ အသိပညာ၊ အတတ်ပညာ၊ ကာယဉာဏစွမ်းအား စသည်တို့ဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မှသာ လျင်လျင်မြန်မြန် အောင်မြင်နိုင်မည်လည်းဖြစ်သည်။
လက်ရှိကာလ နိုင်ငံတော် တည်ဆောက်ရေးတွင် ပညာရေးကဏ္ဍ ဦးမော့အောင် ဆောင်ရွက်နိုင်ခြင်းကသာ အဓိကသော့ချက် ဖြစ်သည်။ သို့ဖြစ်၍ Naypyitaw State Academy စီမံကိန်းဟူသည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်လာရေးအတွက် လမ်းစတစ်ခုဖြစ်သကဲ့သို့ ပြည်သူလူထုအပေါ် ရှေးရှုသောနိုင်ငံတော်၏ မွန်မြတ်သန့်စင်သည့် စေတနာအမှန်ပင်ဖြစ်ပါတော့သည်။
ဝမ်းယုနောင်