တစ်ပတ်အတွင်း လေးကြိမ်မြောက်အဖြစ် ထွက်ပေါ်လာသည့် မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှု
မြောက်ကိုရီးယား နိုင်ငံသည် တစ်ပတ်အတွင်း လေးကြိမ်မြောက်အဖြစ် တာတိုပစ် ဒုံးကျည်နှစ်စင်းကို အောက်တိုဘာ ၁ ရက်တွင် ပစ်လွှတ်လိုက်သည်။ အဆိုပါ ဒုံးကျည်ပစ်လွှတ်မှုသည် တောင်ကိုရီးယား၊ အမေရိကန်နှင့်ဂျပန် သုံးနိုင်ငံကြား ပူးတွဲစစ်ရေး လေ့ကျင့်မှုတစ်ရပ် လုပ်ဆောင်ပြီး နောက်ပိုင်းနှင့် ဒေသတွင်းသို့ အမေရိကန် ဒုတိယသမ္မတ ကမ်မလာဟဲရစ် လာရောက်ပြီး နောက်ပိုင်း ထွက်ပေါ်လာခြင်းဖြစ်သည်။
မြောက်ကိုရီးယားနိုင်ငံသည် အဆိုပါ တာတိုပစ်ဒုံးကျည်များကို ပြုံယမ်းမြို့တော် မြောက်ပိုင်း ဆူနန်ဒေသမှ ပစ်လွှတ်လိုက်ခြင်း ဖြစ်သည်ဟု တောင်ကိုရီးယား စစ်ဘက်က ထုတ်ပြန်ထားသည်။ အဆိုပါ ဒုံးကျည်များသည် အကွာအဝေး ကီလိုမီတာ ၃၅၀ အထိရောက်ရှိနိုင်ပြီး မြေပြင်မှ အမြင့် ကီလို မီတာ ၃၀ အထက် အသံထက်ခြောက်ဆမြန်သော အရှိန်ဖြင့် ပျံသန်းသွားကြောင်း တောင်ကိုရီးယားက ဆိုထားသည်။
အဆိုပါ သုံးနိုင်ငံကြား လုပ်ဆောင်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုသည် ဒေသတွင်း ဆက်ဆံရေး တင်းမာမှုကို မြင့်တက်စေနိုင်သည်ဟု အင်အားကြီးနိုင်ငံများက ဝေဖန်ထားသည်။ အထူးသဖြင့် တောင်ကိုရီးယားနှင့် အမေရိကန်တို့ကြား လုပ်ဆောင်သည့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို မြောက်ကိုရီးယားက ထပ်တလဲလဲ ဝေဖန်ထားပြီး အဆိုပါ လုပ်ဆောင်ချက်များသည် မြောက်ကိုရီးယားကို ကျူးကျော် တိုက်ခိုက်ရန် လေ့ကျင့်နေခြင်းသာ ဖြစ်သည်ဟု မြောက်ကိုရီးယား အစိုးရက ရှုမြင်နေသည်။ ထို့ကြောင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများသည် ကိုရီးယား ကျွန်းဆွယ်အပေါ် ဆက်ဆံရေး တင်းမာမှုများကိုသာ ပိုမိုဖြစ်ပေါ်စေလျက် ရှိသည်ဟု ဆိုနိုင်သည်။
မြောက်ကိုရီးယား နိုင်ငံသည် မကြာသေးမီ ကာလအတွင်း ဒုံးကျည် ပစ်လွှတ်မှုများကို အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ ပစ်လွှတ်လိုက်သည့် ဒုံးကျည်များအနက် တာလတ်ပစ် Hwasong-12 ဒုံးကျည်လည်း ပါဝင်သည်။ ယင်းဒုံးကျည်သည် အမေရိကန်၌ ဂျိုးဘိုင်ဒင် သမ္မတဖြစ်လာပြီးနောက် စမ်းသပ် ပစ်လွှတ်ခဲ့သည့် ဒုံးကျည်များအနက် စွမ်းဆောင်ရည် အမြင့်ဆုံး ဒုံးကျည်တစ်စင်းဖြစ်သည်ဟု ဆိုနိုင်သည်။
အဆိုပါ ဒုံးကျည်ပစ်လွှတ်မှုသည် မြောက်ကိုရီးယားက ဝေးကွာသည့် အကွာအဝေးများသို့ ပစ်ခတ်နိုင်သော ဒုံးကျည်များကို ပစ်ခတ်မည်မဟုတ်ဟူသော အချက်ကိုလည်း ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။
မြောက်ကိုရီးယား အစိုးရသည် ယခုနှစ်အတွင်း တိုက်ချင်းပစ် ဒုံးကျည်တစ်စင်းကို ၂၀၁၇ ခုနှစ်မှစ၍ ပထမအကြိမ်အဖြစ် စမ်းသပ်ပစ်ခတ်ခြင်း အပါအဝင် လက်နက်စမ်းသပ် ပစ်ခတ်မှုများကို စံချိန်တင် လုပ်ဆောင်ခဲ့ခြင်းကြောင့် အိမ်နီးချင်း ဂျပန်နိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများကပင် စောင့်ကြည့်ခဲ့ရသည်။
မြောက်ကိုရီးယားနိုင်ငံသည် ယခုနှစ် အတွင်းမှာပင် ဒုံးကျည် အစင်းပေါင်း ၃၀ ကျော်ကို စမ်းသပ်ပစ်ခတ်ထားပြီး ဖြစ်သည်။ပိုဆိုးသည့် အချက်မှာ ကိုရီးယားနှစ်နိုင်ငံသည် ၁၉၅၀-၁၉၅၃ ကိုရီးယားစစ်ပွဲကို အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ဖြင့်သာ ရပ်ဆိုင်းထားခြင်းဖြစ်ပြီး နှစ်နိုင်ငံကြား ငြိမ်းချမ်းရေး သဘောတူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုးနိုင်မှု မရှိသေးခြင်းပင်ဖြစ်သည်။
သို့ရာတွင် ဒေသတွင်းရှိ တောင်ကိုရီးယားနှင့် ဂျပန်တို့ကို အကာအကွယ်ပေးမည်ဟု အမေရိကန်အစိုးရက ထပ်လောင်း ကတိပြုထားသည်။ တစ်နည်းအားဖြင့် ဆိုရပါမူ အမေရိကန်၏ မဟာမိတ်နိုင်ငံများ အဖြစ် ရပ်တည်နေသည့် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့ အနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် အန္တရာယ် တစ်စုံတစ်ရာ ကျရောက်လာမည်ဆိုပါက အမေရိကန်အစိုးရက အကာအကွယ်ပေးမည်ဟု ကတိကဝတ်ပြုထားခြင်း ဖြစ်သည်။
မြောက်ကိုရီးယားက ယခုလုပ်ဆောင်ခဲ့သည့် ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုသည် ဒေသတွင်းသို့ ဂယက်ရိုက်ခတ်စေခဲ့သည်ဟု ဆိုနိုင်သည်။ အကြောင်းမှာ ယင်းနိုင်ငံ၏ လုပ်ဆောင်ချက်ကြောင့် ဒေသတွင်းရှိ နိုင်ငံတချို့ စိုးရိမ်မှုမြင့်တက် လာခြင်းကြောင့်ဖြစ်သည်။ အထူးသဖြင့် မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှု လုပ်ဆောင်သည့် အချိန်တိုင်း တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့က သတိထား စောင့်ကြည့်နေကြပြီး ယင်းလုပ်ဆောင်ချက်များသည် မိမိတို့၏နိုင်ငံ၊ ဒေသတွင်းနှင့် နိုင်ငံတကာ အသိုက်အဝန်းကို ခြိမ်းခြောက်နေခြင်းဖြစ်သည်ဟု ဒေသတွင်း နိုင်ငံများက ဆိုသည်။
အမေရိကန်အစိုးရသည် မြောက်ကိုရီးယား၏ ဒုံးကျည်နှင့် နျူကလီးယားအစီအစဉ်ကို ရပ်တန့်နိုင်ရေးအတွက် ဖိအားအမျိုးမျိုးပေး၍ လုပ်ဆောင်လျက ်ရှိသည်။အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် မြောက်ကိုရီးယား၏ နျူကလီးယား အစီအစဉ်ကို ဖျက်သိမ်းရန် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်နှင့် တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပနိုင်ခဲ့သော်လည်း သဘောတူညီချက် တစ်စုံတစ်ရာ ချမှတ်နိုင်ခြင်း မရှိသောကြောင့် မရေရာမသေချာသည့် အခြေအနေမှာပင် ရှိနေခဲ့သည်။
ယခု ဂျိုးဘိုင်ဒင်အစိုးရ လက်ထက်တွင်လည်း အမေရိကန်၏မူဝါဒမှာ သိသိသာသာ ပြောင်းလဲလာခြင်း မရှိသည့်အပြင် ဒေသတွင်းရှိ မဟာမိတ်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ပြီး အထူးသဖြင့် တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို ဆက်လက် လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် အခြေအနေမှာ ပိုမိုတိုးတက်လာခြင်း မရှိခဲ့ပေ။
ထို့ပြင် မြောက်ကိုရီးယားက အကြိမ်ကြိမ် သတိပေးထားသော်လည်း ဒေသတွင်း၌ ပြိုင်ဘက် တောင်ကိုရီးယား၊ အမေရိကန်နှင့် ဂျပန်သုံးနိုင်ငံ ပါဝင်သော ပူးတွဲစစ်ရေး လေ့ကျင့်မှုကို လုပ်ဆောင်ခဲ့ခြင်းကြောင့် တစ်ပတ်အတွင်း လေးကြိမ်မြောက် အဖြစ် မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှု ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။
Ref: The Guardian, ST,Aljazeera