ဂျိုးဘိုင်ဒင်အစိုးရ၏ လုပ်ဆောင်ချက်သည် တတိယ ကမ္ဘာစစ်ဖြစ်စေရန် လှုံ့ဆော်နေခြင်းဖြစ်ကြောင်း သတိပေးလိုက်သည့် ဒေါ်နယ်ထရမ့်
ယူကရိန်းနိုင်ငံသို့ စစ်ရေးနှင့် စီးပွားရေး အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံ ထပ်မံပေးအပ်မည့် အမေရိကန် အစိုးရ၏ လုပ်ဆောင်ချက်သည် တတိယ ကမ္ဘာစစ်ဖြစ်စေရန် လှုံ့ဆော်နေခြင်း ဖြစ်ကြောင်းအမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်က သတိပေးပြောကြားလိုက်သည်။
အမေရိကန်အစိုးရ၏ အဆိုပါအကူအညီပေးအပ်ရေး အစီအစဉ်ကို အထက်လွှတ်တော်က ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ဒီမိုကရက်တစ် လွှတ်တော်အမတ်များသာမက ရီပတ်ဘလစ်ကန် လွှတ်တော်အမတ် ၂၂ ဦးကပါ ထောက်ခံခဲ့သည်။ ဂျိုးဘိုင်ဒင် ဦးဆောင်သည့် အမေရိကန် အစိုးရသည် ယူကရိန်း ပဋိပက္ခဖြစ်ပွားပြီးနောက် ယင်းနိုင်ငံကို အကူအညီပေးအပ်ရန် အမေရိကန်ဒေါ်လာ ၅၅ ဘီလီယံ ခွဲဝေထားပြီး ဖြစ်သည်။
သို့သော် အမေရိကန်အစိုးရ အနေဖြင့် နျူကလီးယား လက်နက် နိုင်ငံကြီးတစ်နိုင်ငံနှင့် ဖြစ်ပွားနေသည့် ပဋိပက္ခအတွင်း ယူကရိန်းကို ထိုသို့အကူအညီများ ပေးအပ်နေခြင်းသည် ပဋိပက္ခကို ပိုမိုကြီးထွားလာစေရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ဝေဖန်ထားသည်။
လက်ရှိတွင် ဂျိုးဘိုင်ဒင် ဦးဆောင်သည့် အမေရိကန် အစိုးရသည် ယူကရိန်း ပဋိပက္ခတွင် နက်ရှိုင်းစွာ ပါဝင်ပတ်သက် လျက်ရှိသည်။ တစ်နည်းအားဖြင့် ဆိုရပါမူ ပဋိပက္ခတွင် တိုက်ရိုက်ပါဝင်နေခြင်း မရှိသော်လည်း ယူကရိန်းအစိုးရထံ စစ်ရေးအကူအညီ ပေးနိုင်ရေးအတွက် ငွေကြေးဘီလီယံနှင့်ချီ၍ အသုံးပြုနေပြီး စစ်လက်နက်ပစ္စည်း အမြောက်အမြား ပံ့ပိုးပေးလျက်ရှိသည်။ ထိုသို့လုပ်ဆောင်ခြင်းသည် ကိုယ်စားစစ်ပွဲ ဆင်နွှဲနေခြင်းဖြစ်ပြီး တစ်နည်းအားဖြင့် ရုရှားကို တန်ပြန်နေခြင်းလည်း ဖြစ်သည်ဟု ဆိုနိုင်သည်။
သို့သော် အမေရိကန်ပြည်သူ အများစုအတွက် ယူကရိန်းအရေးသည် အဓိကဦးစားပေး ကိစ္စရပ်မဟုတ်ဘဲ ၎င်းတို့အတွက် အဓိကဦးစားပေး ကိစ္စရပ်များမှာ ငွေကြေးဖောင်းပွမှု၊ လောင်စာဆီဈေးနှုန်း မြင့်တက်မှုနှင့် အကြမ်းဖက် ရာဇဝတ်မှုများသာ ဖြစ်သည်။ အဆိုပါကိစ္စရပ်များကို အစိုးရက ဦးစားပေး ကိုင်တွယ်ဖြေရှင်းရန် ပြည်သူများက အလိုရှိနေခြင်းဖြစ်သည်။
ထို့ကြောင့် ယူကရိန်း ပဋိပက္ခနှင့် စပ်လျဉ်း၍ စိုးရိမ်မကင်းဖြစ်နေသည့် အမေရိကန်ပြည်သူများ အနက် ဂျိုးဘိုင်ဒင် အစိုးရက ယင်းနိုင်ငံသို့ အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများ ပေးပို့နေခြင်းကို အများစုက သဘောတူခြင်း မရှိသည်ကို တွေ့ရသည်။ ထို့ပြင် ယူကရိန်း ပဋိပက္ခသည် အမေရိကန်၏ လုံခြုံရေးကို လျော့ပါးစေသည်ဟု အမေရိကန်ပြည်သူ ၄၂ ရာခိုင်နှုန်းခန့်က ယူဆလျက်ရှိသည်။
အမေရိကန် ပြည်သူများအနေဖြင့် နိုင်ငံ့စီးပွားရေးကို အဓိက ဦးစားပေး အဖြစ် သတ်မှတ်ထားပြီး ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်လာခြင်းသည် ၎င်းတို့အတွက် စိန်ခေါ်မှုများဖြစ်ပေါ်စေလျက် ရှိသောကြောင့် ယင်းကိစ္စရပ်သည် ဂျိုးဘိုင်ဒင် ဦးဆောင်သည့် အမေရိကန် အစိုးရ၏ လုပ်ဆောင်မှုအပေါ် သက်ရောက်လျက်ရှိသည်။
ထို့ကြောင့် ယူကရိန်းအရေးတွင် တိုက်ရိုက် မဟုတ်သော်လည်း သွယ်ဝိုက်၍ နက်ရှိုင်းစွာ ပါဝင်နေမည့်အစား နိုင်ငံအတွင်း ဖြစ်ပွားနေသည့် ငွေကြေးဖောင်းပွမှုကို လျှော့ချနိုင်ရေး အတွက် သမ္မတ အနေဖြင့် အလေးပေး လုပ်ဆောင်ရန် ပြည်သူများက အလိုရှိနေသည်။
တစ်ချိန်တည်းမှာပင် အမေရိကန်သည် ယခုနှစ်အတွင်း စီးပွားရေး ကျဆင်းမှုနှင့် တွေ့ကြုံရဖွယ်ရှိကြောင်း စီးပွားရေး လုပ်ငန်းရှင်များနှင့် အမေရိကန်ပြည်သူများက ယူဆနေကြသည်။
နိုင်ငံအတွင်းဖြစ်ပွားနေသည့် ငွေကြေးဖောင်းပွမှုကို လျှော့ချနိုင်ခြင်း မရှိပါက စီးပွားရေး လုပ်ငန်းများအပေါ် အကျိုး သက်ရောက်လာနိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင် ၁၀ ဦးတွင် အနည်းဆုံးလေးဦးက ထောက်ပြထားကြသည်။
သို့ဖြစ်ပါ၍ အမေရိကန်ပြည်သူ အများအပြားသည် ကုန်ပစ္စည်း ထောက်ပံ့ရေး ကွင်းဆက်ပြတ်တောက်မှု၊ အလုပ်သမား ပြတ်လပ်မှု၊ ကိုဗစ်-၁၉ ရောဂါ ပြန်လည်ဖြစ်ပွားလာမှု စသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ စိုးရိမ်မကင်း ဖြစ်လျက်ရှိကြောင်း ရေးသား တင်ပြလိုက်ရပါသည်။
Ref: Cnbc, RT, brookings