ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ကလေးငယ်များ အမျိုးအစား-၁ ဆီးချိုရောဂါအဖြစ်များ

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ကလေးငယ်များ အမျိုးအစား-၁ ဆီးချိုရောဂါအဖြစ်များ

ကိုဗစ်-၁၉ ရောဂါ  ကူးစက်ခံရသူ ကလေးငယ်များနဲ့ ဆယ်ကျော်သက်များဟာ အမျိုးအစား-၁ ဆီးချိုရောဂါ (T1D) အဖြစ်များတာကို သုတေသန ပညာရှင်များ တွေ့ရှိထားပါတယ်။

အချိန်ကာလအားဖြင့်တော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက်  ခြောက်လအတွင်းမှာ T1D  အဖြစ်များတာကို တွေ့ရတာဖြစ်တယ်လို့  အမေရိကန် ဆေးတက္ကသိုလ် တစ်ခုဖြစ်တဲ့ Case  Western Reserve University  School of  Medicine မှ သုတေသီများက ထုတ်ပြန်ထားတာပါ။

သုတေသီများက အသက် ၁၈ နှစ်နဲ့ အောက် ဆယ်ကျော်သက်များနဲ့ ကလေးငယ်အယောက် တစ်သန်းရဲ့ အီလက်ထရွန်နစ် ကျန်းမာရေး မှတ်တမ်းများကို လေ့လာပြီးနောက် အခုလိုမှတ်ချက်ပြု ထုတ်ပြန်တာ ဖြစ်ပါတယ်။

သုတေသီများရဲ့ လေ့လာစူးစမ်းမှုအရ ကိုဗစ်-၁၉ ရောဂါကူးစက် ခံရပြီး ကံကောင်းထောက်မစွာ အသက်မသေဘဲ ကျန်ရစ်သူ ဆယ်ကျော်သက်များနဲ့ ကလေးငယ်များမှာ T1D   ဖြစ်နိုင်ခြေ ၇၂ ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့ ဆိုပါတယ်။

အမေရိကန်ရောဂါကာကွယ် ထိန်းချုပ်ရေးဌာနရဲ့  ထုတ်ပြန်ချက်အရ ဆိုရင် တစ်နိုင်ငံလုံးမှာ အသက် ၂၀ အောက် ဆယ်ကျော်သက်နဲ့ ကလေးငယ် စုစုပေါင်း ၁၈၇၀၀၀ ခန့်ဟာ T1D ရောဂါဖြစ်ပွားမှုနဲ့ ဆက်လက်အသက် ရှင်သန်နေရတယ်လို့   သိရပါတယ်။

T1D ဆိုတာကတော့ ကိုယ်ခံအားစနစ် ပုံမှန်မဟုတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ကိုယ်ခံအားစနစ် ပုံမှန်မဟုတ်ဘူးဆိုတာက ဘာကိုဆိုလိုတာလဲဆိုတော့ မိမိတို့ရဲ့ သဘာဝကိုယ်ခံအား စနစ်က ကိုယ်တွင်းရှိ မူလကလာပ်စည်းများနဲ့ ပြင်ပကဝင်လာတဲ့ ကလာပ်စည်းများကို   ခွဲခြားနိုင်စွမ်းမရှိတော့ဘဲ ပုံမှန်ကလာပ်စည်းများကို တိုက်ခိုက်တာမျိုး ဖြစ်ပါတယ်။

ဒီနေရာမှာကျတော့ ကိုဗစ်-၁၉ ရောဂါပိုးက ကိုယ်ခံအားစနစ် ပုံမှန်မဟုတ်တာကို အားပေးတဲ့ သဘောရှိတာကြောင့် ကိုယ်တွင်းရှိ ကိုယ်ခံအားစနစ်က သွေးထဲသကြားဓာတ်ဝင်မှုကိုထိန်းပေးတဲ့ အင်ဆူလင်ဒြပ်ပေါင်းထုတ်ကလာပ်စည်းများကို တိုက်ခိုက်လာတဲ့ အတွက် T1D ရောဂါဖြစ်ပွားလာတာ ဖြစ်ပါတယ်။

T1D ရောဂါဆိုတာက ကလေးငယ်များ၊ ဆယ်ကျော်သက်များနဲ့ လူလတ်ပိုင်းများမှာ  အဖြစ်များလေ့ ရှိပေမယ့်လည်း ဘယ်လိုအသက်အရွယ်မှာမဆို  ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ အမျိုးအစား-၁ ဆီးချိုရောဂါထက် အမျိုးအစား-၂ ဆီးချိုရောဂါဖြစ်သူ အရေအတွက်က ပိုများလေ့ရှိပါတယ်။

ဆီးချိုရောဂါ ဖြစ်ပွားနေသူတွေကို ကြည့်လိုက်ရင် T1D ဖြစ်သူက ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းသာ ရှိပါတယ်။

လက်ရှိအချိန်မှာ T1D ဖြစ်ပွားမှုကို ဘယ်လိုကာကွယ် ရမလဲဆိုတာ ဘယ်သူမှ မသိနိုင်သေးပေမယ့် ရောဂါဖြစ်လာပြီဆိုရင်တော့ အရှင်းပျောက်ကင်းအောင် ကုသနိုင်စွမ်းရှိနေပါပြီ။

အခုလတ်တလော အချိန်မှာတော့ ကလေးငယ်တွေမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် T1D ရောဂါဖြစ်ပွားနိုင်ခြေ မြင့်တက်မှုဟာ အမြဲတမ်း တည်ရှိနေမှာလား ဆိုတာရယ်၊ ကိုဗစ်နောက်ဆက်တွဲ အနေနဲ့ ဖြစ်လာတဲ့ T1D ရောဂါကို ဘယ်လိုမျိုး ကုသရမလဲဆိုတာကို သုတေသန ပညာရှင်များက လေ့လာစူးစမ်းမှုများ ဆက်လက် ပြုလုပ်ရဦးမှာဖြစ်ပါတယ်။