ကိုဗစ်-၁၉ ရောဂါကူးစက်မှုက ရေရှည်မှာ ဦးနှောက်ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်

ကိုဗစ်-၁၉ ရောဂါကူးစက်မှုက ရေရှည်မှာ ဦးနှောက်ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်

ကိုဗစ်-၁၉ ရောဂါကူးစက်မှုရဲ့ နောက်ဆက်တွဲပြဿနာက ပေါ့သေးသေးတော့ မဟုတ်ပါဘူး။ အထူးသဖြင့် အဆုတ်ကို ဒုက္ခပေးပြီးနောက်မှာ   ဦးနှောက်ကို ဆက်လက် ဒုက္ခပေးပါတယ်။

အခုလည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုနဲ့ ဦးနှောက်ကျန်းမာရေး အခြေအနေ ဆက်စပ်မှုကို သုတေသနပညာရှင်များက တွေ့ရှိထားတာရှိပါတယ်။

အဲဒီတွေ့ရှိချက်ကတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများဟာ ပထမတစ်နှစ် အတွင်းမှာ  ဦးနှောက်ကျန်းမာရေးကို တဖြည်းဖြည်းနဲ့ ဆိုးရွားစွာ ထိခိုက်စေနိုင်တယ် ဆိုတာပါပဲ။   တစ်နည်းပြောရရင် ကိုဗစ်-၁၉ ရောဂါရဲ့ နောက်ဆက်တွဲ အခြေအနေပေါ့။

ဒီအခြေအနေတွေထဲမှာ လေဖြတ်ခြင်း၊ မှတ်ဉာဏ်မကောင်းတော့ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ စိုးရိမ်ကြောင့်ကြများခြင်း၊ စိတ်ဓာတ်ကျခြင်းနဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်းတို့လည်း အပါအဝင်ဖြစ်ပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးတဲ့ ဦးနှောက်နဲ့ ခန္ဓာကိုယ် လှုပ်ရှားမှု မူမမှန်တာတို့ကလည်း ဆက်စပ်မှု ရှိနေပြန်ပါသေးတယ်။

ဒီလိုခန္ဓာကိုယ်လှုပ်ရှားမှု မူမမှန်တဲ့အထဲမှာ ခြေထောက်တွေ၊  လက်တွေ တုန်တုန်ယင်ယင်ဖြစ်ခြင်း၊ ဝက်ရူးပြန်သလိုမျိုး အကြောတွေဆွဲခြင်း၊ ခန္ဓာကိုယ် တည်ငြိမ်မှုမရှိခြင်းတို့လည်း အပါအဝင်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါတင်မကသေးပါဘူး။ အကြားအာရုံနဲ့ အမြင်အာရုံတွေကလည်း ပုံမှန်မဟုတ်တဲ့ အခြေအနေနဲ့ ရင်ဆိုင်ရနိုင်သေးတဲ့အပြင် ပါကင်ဆန်ရောဂါ ဖြစ်ပွားမှုနဲ့ ဆက်စပ်တဲ့ ရောဂါလက္ခဏာတွေကိုလည်း  တွေ့ရနိုင်ပါတယ်။

ဒီသုတေသနကိုတော့    ဝါရှင်တန် ဆေးတက္ကသိုလ်နဲ့ စစ်မှုထမ်းဟောင်းရေးရာ ကျန်းမာရေး စောင့်ရှောက်မှုစနစ်တို့မှ သုတေသန ပညာရှင်များက လုပ်ဆောင်ထားတာပါ။

သုတေသနပညာရှင်များက အမေရိကန် စစ်မှုထမ်းဟောင်းရေးရာ ဌာနက ထိန်းသိမ်းထားတဲ့ လူပေါင်း ၁၄ သန်းရဲ့ ကျန်းမာရေး အချက်အလက်တွေကို လေ့လာဆန်းစစ်ပြီး အခုလို ထုတ်ပြန်ချက်ကို ထုတ်တာဖြစ်ပါတယ်။

သုတေသနလုပ်ဆောင်မှုမှာ ပါဝင်တဲ့ လူနာတွေက ၂၀၂၀ မတ်လကနေ ၂၀၂၁ ဇန်နဝါရီလအထိ   ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူတွေဖြစ်တဲ့ အတွက် လူအနည်းငယ်မျှသာ ကာကွယ်ဆေး ထိုးရသေးတာကို တွေ့ရပါတယ်။

ကာကွယ်ဆေးထိုး ထားသူတွေမှာတော့ ကိုဗစ်-၁၉ ရောဂါကြောင့် ဦးနှောက်ထိခိုက်ရမှု အခြေအနေကို ၂၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

ဒါကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မခံရအောင်   ကာကွယ်ဆေးထိုးခြင်းက အရေးကြီးတယ် ဆိုတာရယ်၊ ဒီလိုကာကွယ်ဆေး ထိုးထားပေမယ့်လည်း ကိုဗစ်ကြောင့် နောက်ဆက်တွဲဖြစ်တဲ့ ဦးနှောက် ထိခိုက်ရမှု အခြေအနေကို အပြည့်အဝ အကာအကွယ် မပေးနိုင်ဘူးဆိုတာရယ် တို့ကို သိရှိထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါကြောင့် နောက်ဆက်တွဲ အနေနဲ့ဖြစ်ပွားတဲ့   အဆိုးဆုံးသော နာတာရှည်ဦးနှောက် ထိခိုက်မှု အခြေအနေ ကတော့    မှတ်ဉာဏ်စွမ်းရည် အပေါ်ကြီးမားတဲ့ သက်ရောက်မှုဖြစ်ပေါ်စေတာပါပဲ။

သုတေသနရလဒ်ကို ကြည့်မယ်ဆိုရင်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများဟာ မှတ်ဉာဏ်လျော့ကျနိုင်ခြေ ၇၇ ရာခိုင်နှုန်းအထိ  မြင့်တက်လာတာကို တွေ့ရမှာပါ။

ဒါ့အပြင် လေဖြတ်နိုင်ခြေရှိတဲ့ ပမာဏက ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်လာတာကိုလည်း သုတေသန ဖော်ပြချက်အရ သိရပါတယ်။

လေဖြတ်တဲ့ အခြေအနေကတော့ သွေးခဲ သို့မဟုတ်  တခြားပိတ်ဆို့စေတဲ့ ပစ္စည်းတစ်ခုခုက သွေးလွှတ်ကြောကို ပိတ်ဆို့စေတာကြောင့် ဦးနှောက်ဆီ သွေးနဲ့ အောက်ဆီဂျင် မရောက်တော့တဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။

ဒါကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများနဲ့ ရောဂါကူးစက်မှု မခံရသူများကြား နှိုင်းယှဉ်ကြည့်လိုက်ရင် ပထမတစ်မျိုးက ဝက်ရူးပြန်နိုင်ခြေ ၈၀ ရာခိုင်နှုန်း ပိုများကာ စိတ်အခြေအနေ မကောင်းတာက ၄၃ ရာခိုင်နှုန်း၊ ခေါင်းကိုက်တာက ၃၅ ရာခိုင်နှုန်းနဲ့ ခန္ဓာကိုယ် မူမမှန်တာက ၄၂ ရာခိုင်နှုန်းစီ အသီးသီး   မြင့်တက်နေတာကို တွေ့ရပါတယ်။

အခုလိုမျိုး ကိုဗစ်-၁၉ ရောဂါကြောင့် ရေရှည်မှာ  ဦးနှောက်ကို ထိခိုက်မှုများနဲ့ တခြားကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းများကို ထိခိုက်မှုများက   အစိုးရများ အနေနဲ့သင့်တင့်လျောက်ပတ်တဲ့ မူဝါဒများ ချမှတ် အကောင်အထည်ဖော် သွားသင့်တယ် ဆိုတာကို ညွှန်ပြနေတာလည်း ဖြစ်ပါတယ်။      

Ref: SciTech