မှောင်ခွင်းသည့် အလင်းဆောင်သူများ
မြန်မာဗုဒ္ဓဘာသာဝင်တို့၏ (၃၈) ဖြာမင်္ဂလာတရားတော်လာ ပူဇာစ၊ ပူဇနေယျာနံ ဟူသည့်မင်္ဂလာ တရားတော်တွင် ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ အနန္တောအနန္တကျေးဇူးရှင်ငါးဖြာနှင့် တစ်ဂိုဏ်းတည်း ပြကာ တူညီနှိုင်းဆို မြင်းမိုရ်တောင်ဦးမက ကျူးသည့် ကျေးဇူးတရားကြီးမားသူများတွင် အာစရိယဆရာများ လည်း အပါအဝင်ဖြစ်သည်။
ဆရာဟူသည်
မြန်မာအဘိဓာန်တွင် ဆရာ ဟူသော ဝေါဟာရကို ပညာသင်ကြားပေးသူ၊ သွန်သင်ဆုံးမနည်းလမ်းပြသူ၊ အတတ်ပညာတစ်ရပ်ရပ်ကို ကျွမ်းကျင်သူဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ဆရာသည် ဆာယာ ဟူသော ပါဠိစကားမှ ဆင်းသက်လာပြီး ဆ သည် နှိုင်းဆခြင်း၊ တွေးဆခြင်း သဘောဖြစ်၍ ရာ သည်အကဲဖြတ်ခြင်း၊ လျာထားခြင်းသဘောကို ဆိုလိုသည်။ သို့ဖြစ်ရာ ဆရာဟူသည် နှိုင်းဆတွေးတော ကြိုတင်အကဲဖြတ်လျာထားတတ်သူဖြစ်ပြီး တပည့်အပေါင်းတို့၏ ခိုနားရာအရိပ်ပေးသူလည်း ဖြစ်ပေသည်။ ဆရာတို့၏အရိပ်သည် သီတာရေတမျှ အေးမြလှကြောင်းကို လောကနီတိပျို့တွင်-
အလွန်တရာ၊ သစ်ရိပ်မှာလျှင်
ချမ်းသာသည်ထက်၊ စုံမက်မြတ်နိုး
ဆွေမျိုးမိဘ၊ အရိပ်ရသော်
အေးမြသည်ပင်၊ ထို့ထက်လျှင်လည်း
ပဲ့ပြင်ဆရာ၊ အရိပ်မှာကား သီတာတမျှ
ဟု ဖော်ကျူးခဲ့သည်။
ဆရာတို့၏ဂုဏ်အင်ဖော်ကျူး
သစ်တစ်ပင်ကောင်းလျှင် ငှက်တစ်သောင်းနားခိုရာ အရိပ်အာဝါသကြီး ဖြစ်လာနိုင်သကဲ့သို့ ဆရာကောင်း၊ ဆရာမြတ်တစ်ဦးကြောင့်လည်း အနာဂတ်အင်အားသစ်များဖြစ်သည့် တပည့်များစွာ ပေါ်ထွန်းလာနိုင်ပေသည်။
ဆရာကောင်း၏ဂုဏ်အင်(၇)ဖြာ
ချစ်ခင်လေးမြတ် မေတ္တာဓာတ်ပွား
ဟောကြားဆုံးမ ပြောကနာယူ
စင်ဖြူလေးနက် မိန့်မြွက်ခွန်းချို
အကုသိုလ်တွေ မယှဉ်စေဟု
ခုနစ်ထွေအင်္ဂါ ပြည့်ညီညာ
မှီပါဆရာကောင်း
(ပထမရွှေကျင်ဆရာတော်ဘုရားကြီး)
ဆရာကောင်းတို့၏ ကောင်းမြတ်လှသည့် ဂုဏ်အင်္ဂါခုနစ်ဖြာသည်ကား ပီယချစ်ခင်မြတ်နိုးမှု ခံယူခြင်း၊ ဂုရု အလေးဂရုပြုမှုခံယူခြင်း၊ ဘဝနိယ မေတ္တာစိတ်ပွားနိုင်အောင်အားထုတ်ခြင်း၊ ဝတ္တာ အပြစ်တွေ့လျှင် ပြောဆိုဆုံးမခြင်း၊ ဝစနက္ခမ ပြောဆိုတင်ပြသည်တို့ကို ကောင်းမွန်စွာနားထောင်ခြင်း ဂမ္ဘီရဂါကထာကတ္တာ လေးနက်သောစကားကို ပြောဆိုခြင်း၊ နေစဌာနေနိယောဇက အပြစ်ဖြစ်စေမည့် လောကကိစ္စများကို မစေခိုင်းမတိုက်တွန်းခြင်းတို့ဖြစ်သည်။
ဆရာမြတ်၏ ကောင်းမြတ်သော နာ(၇)နာ
မြတ်ဆရာတစ်ဦးသည် စေတနာ၊ အကြင်နာ၊ စာနာ၊ ကရုဏာ(ဂရုနာ)၊ ဝါသနာ၊ စံနမူနာ၊ အနစ်နာ ဟူသည့် ကောင်းမြတ်လှသည့်နာ(၇)နာဖြင့် ပြည့်စုံရပေမည်။
အမွန်မြတ်ဆုံးသော အသက်မွေးမှု
ဆရာ၊ ဆရာမတို့၏အလုပ်သည် အမွန်မြတ်ဆုံးသောအလုပ်ဖြစ်သည်။ လောကတွင် အသက် မွေးဝမ်းကျောင်းမှုများစွာ ရှိသည့်အနက် ပညာဖြင့် အသက်မွေးခြင်းသည် အကောင်းဆုံး အမြတ်ဆုံး ဖြစ်ကြောင်း အာဠာဝကသုတ်တော်တွင် ဗုဒ္ဓမြတ်စွာက ဟောဖော်မြွက်ကြားခဲ့ပေသည်။ ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ ဆရာများသည် ပညာရေးလောက၏ အဓိကမဏ္ဍိုင်များလည်း ဖြစ်သည်။
တိုင်းပြည်၏ အနာဂတ်သားကောင်းများ ပေါ်ထွန်းရေးသည် ဆရာတို့၏တာဝန်ဖြစ်သည်။ ပညာရေး၏ ပြုပြင်ပြောင်းလဲမှုများနှင့် ဆန်းသစ်တီထွင်မှုများဆိုင်ရာ အဆုံးအဖြတ်များ ချမှတ်ရာတွင် ဆရာများသည် အရေးပါသော အဖွဲ့အစည်းအဖြစ် ပါဝင်ပေသည်။
ကမ္ဘာ့ဆရာများနေ့အဖြစ် ဂုဏ်ပြုသတ်မှတ်
ထိုသို့ပညာရေးကဏ္ဍအတွက် အဓိကအရေးပါသော ဆရာ၊ ဆရာမများ၏ ဂုဏ်ကျေးဇူးကို ဖော်ထုတ်ကာ လေးလေးနက်နက်ဂုဏ်ပြုရန်အတွက် ကုလသမဂ္ဂပညာရေး သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ချုပ် (UNESCO)က ဆရာများ၏ ဂုဏ်သိက္ခာနှင့်စပ်လျဉ်း၍ ပထမဆုံး အသေးစိတ်ရေးဆွဲပြုစုခဲ့ကြသည်။ ရေးဆွဲပြုစုရာတွင် အလုပ်သမားရေးရာနှင့်လည်း သက်ဆိုင်နေသဖြင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ် (ILO)နှင့် ထပ်မံဆွေးနွေးညှိနှိုင်းကာ ဆရာများ၏ ဂုဏ်သိက္ခာနှင့် စပ်လျဉ်းသည့် ထောက်ခံချက် (Recommendation Concerning The Status of Teacher) ကို ထပ်မံပြုစုခဲ့ကြသည်။ ထိုအဖွဲ့ချုပ်နှစ်ခု ပူးပေါင်းရေးဆွဲပြုစု၍ ရရှိသည့်ထောက်ခံချက် (Joint UNESCO ILO Recommendation Concerning The Status of Teacher) ကို အစိုးရအဖွဲ့များ၊ လူမှုရေးဆိုင်ရာအသင်းအဖွဲ့များ တက်ရောက်ကြသည့် အထူးညီလာခံကြီးတွင် တင်ပြခဲ့သည်။ အဆိုပါ အထူးညီလာခံကြီးနှင့် ဆရာ၊ ဆရာမများ၏ ဂုဏ်သိက္ခာဆိုင်ရာ ထောက်ခံချက်ကို တညီတညွတ်ဆွေးနွေးလက်ခံ အတည်ပြုပြဋ္ဌာန်းခဲ့သည့် ၁၉၆၆ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့အား ကမ္ဘာ့ဆရာများနေ့ (World Teachers' Day) အဖြစ် သတ်မှတ်ခဲ့သည်။
ထိုသို့သတ်မှတ်၍ ၁၉၉၄ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့မှ စတင်ကာ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးတွင် ကမ္ဘာ့ဆရာများနေ့အဖြစ် အထိမ်း
အမှတ်ပွဲများကို ပုံစံအမျိုးမျိုးဖြင့် ကျင်းပခဲ့ကြသည်။ ထိုနေ့တွင် ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေကြသည့် ဆရာ၊ ဆရာမများ၏ အရေးကြီးသောအခန်းကဏ္ဍကို ဂုဏ်ပြုကြသည်။ အနာဂတ်မျိုးဆက်သစ်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေကြသည့် ကမ္ဘာကြီးတွင်ရှိသော ဆရာ၊ ဆရာမများ၏ မွန်မြတ်သောအသက်မွေးမှု လုပ်ငန်းကို အသိအမှတ်ပြုခြင်းပင်ဖြစ်သည်။
မြန်မာနိုင်ငံဆရာများနေ့
မြန်မာနိုင်ငံတွင်လည်း ပညာရေးဝန်ကြီးဌာနက ဦးစီး၍ ကမ္ဘာ့ဆရာများနေ့အား ၂၀၀၂ ခုနှစ်အောက်တိုဘာလ ၅ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ နိုင်ငံတော်အဆင့်အခမ်းအနားကို စတင်ကျင်းပခဲ့သည်။ မြန်မာနိုင်ငံတွင် ကမ္ဘာ့ဆရာများနေ့ စတင်မကျင်းပသေးခင် ရှေးပဝေသဏီ ကတည်းကပင် ဆရာများကိုပူဇော်သည့် အာစရိယပူဇော်ပွဲသည် ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများအဖြစ် တည်ရှိခဲ့ပြီးဖြစ်ပြီး သီတင်းကျွတ်လနှင့် တန်ဆောင်မုန်းလများတွင် အများဆုံးပြုလုပ်ကြသည်။ မြန်မာလူမျိုးများသည် မိမိတို့အားကိုယ်တိုင် သင်ကြားပြသပေးနေသည့် ဆရာများကိုသာမက မိမိအတွက်ပညာတစ်စုံတစ်ရာပေးနိုင်သူတို့အား သင်ဆရာ(မုတာစရိယ)၊ မြင်ဆရာ (ဒိဋ္ဌာစရိယ)၊ ကြားဆရာ(သုတစရိယ) ဟူ၍ ကျေးဇူးရှင်ဆရာများအဖြစ် သတ်မှတ်ကာ ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယရောက်တိုင်း ရတနာသုံးပါး မိဘဆရာသမားများကို တန်ဖိုးထား အသိအမှတ်ပြု ဂါရဝပြုရှိခိုး ကန်တော့ကြသည်။ ဆရာကို အနန္တောအနန္တဂိုဏ်းဝင်အဖြစ် ဘုရားနှင့်တစ်ဂိုဏ်း တည်းထားကာ လေးစားတန်ဖိုးထား ပူဇော်ကန်တော့ကြသည့် မြန်မာလူမျိုးတို့၏ ရိုးရာဓလေ့ အစဉ်အလာကောင်းများသည် ယနေ့တိုင် တည်ရှိနေဆဲဖြစ်သည်။
ဆရာ့ကျင့်ဝတ်နှင့်ခံယူချက်
အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ
သိပ္ပမချန်၊ ဘေးရန်ဆီးကာ
သင့်ရာအပ်ဖို့၊ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ
ယနေ့ခေတ်သည် ပညာခေတ်၊ နည်းပညာခေတ် ဖြစ်သည်။ ပညာခေတ်တွင် အနာဂတ်မျိုးဆက် သစ်လူငယ်တို့၏ အတွေးအခေါ်မှန်ကန်စေရေး၊ ကိုယ်ကျင့်တရားနှင့် အကျင့်စာရိတ္တကောင်းမွန်စေရေး၊ ယဉ်ကျေးလိမ္မာစေရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးသည် ဆရာများ၏ သင်ကြားပြသမှုပေါ်တွင် မူတည်နေပေသည်။ ဆရာများကိုယ်တိုင် ဌာနဆိုင်ရာစည်းကမ်းများ၊ ဥပဒေများ၊ လူမှုရေးစည်းကမ်းများ၊ ကျင့်ဝတ်များကို လေးစားလိုက်နာစောင့်ထိန်းကြရပေမည်။