ကျိုင်းတုံမြို့နယ်၊ ပန်ကွဲကျေးရွာရှိ အဘယရာဇမုနိ ရုပ်ပွားတော်မြတ်ကြီး၌ အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲပြုလုပ်
နေပြည်တော်၊ အောက်တိုဘာ - ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ပန်ကွဲကျေးရွာရှိ အဘယရာဇမုနိ ရုပ်ပွားတော်မြတ်ကြီး၌ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကို ယနေ့နံနက် ပိုင်းတွင် ပြုလုပ်ရာ ကျိုင်းတုံမြို့၊ လွယ်မွေသာသနာပြုကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဝေပုလ္လ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံ တိုင်းရင်းသား ပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နားပေါ်သာသနာပြု ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကေသဝ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာ တော်များက ပဋ္ဌာန်းအမွှမ်းဂါထာများကို ရွတ်ဖတ်ကာ အလှည့်ကျဆရာတော်က မဟာ ပဋ္ဌာန်းကျမ်းမြတ်ကို စတင်ရွတ်ဖတ်ပူဇော်သည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက် လာကြသူများက သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
အဆိုပါ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို သံဃာတော် ၁၈ ပါးဖြင့် အောက်တိုဘာ ၈ ရက်အထိ ၅ ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။