ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ထိုးနှံရသောအကြောင်း သိကောင်းစရာ

ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ထိုးနှံရသောအကြောင်း သိကောင်းစရာ

ဂျပန်ဦးနှောက်ရောင်ရောဂါသည် သွေးလွန်တုပ်ကွေးကဲ့သို့ ခြင်မှတစ်ဆင့် ကူးစက်တတ်သော ဗိုင်းရပ်ရောဂါ တစ်မျိုးဖြစ်ပြီး ဦးနှောက်ရောင်ရမ်းမှုကို ဖြစ်စေနိုင်ခြင်း၊ အသက်အန္တရာယ် စိုးရိမ်ရခြင်းတို့ကြောင့် ဂျပန်ဦးနှောက်ရောင်ရောဂါ ကင်းဝေးစေရန်နှင့် ကျောင်းသား၊ ကျောင်းသူ များ ကျန်းမာစွာပညာ သင်ကြားနိုင်ကြစေရန် ရည်ရွယ်၍ အသက် ၅ နှစ်မှ ၉ နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းမနေသည့်  ကျောင်းပြင်ပ ကလေးများကိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို စက်တင်ဘာလ ဒုတိယပတ်ခန့်ကစ၍ စီမံချက်တစ်ရပ် အနေဖြင့် မြန်မာပြည်တစ်ဝန်း ထိုးနှံပေးလျက်ရှိသည်။

ဂျပန်ဦးနှောက်ရောင်ရောဂါ ဆိုသည်မှာ ဂျပန်ဦးနှောက်ရောင်ရောဂါသည် ဂျပန်ဦးနှောက်ရောင်ဗိုင်းရပ် (Japanese Viral Encephalitis - JVE) ကူးစက်ခံရခြင်းကြောင့် ဖြစ်သော ရောဂါတစ်မျိုးဖြစ်သည်။ ၎င်းင်းဗိုင်းရပ်မှာ သွေးလွန်တုပ်ကွေးနှင့် အတူ  Flavivirusအုပ်စုတွင် ပါဝင်သည်။ ၁၈၇၂ ခုနှစ်တွင် ကမ္ဘာ့ပထမဆုံး လူနာကို ဂျပန်နိုင်ငံမှာ တွေ့ရှိခဲ့သဖြင့် “ဂျပန်ဦးနှောက်ရောင်ရောဂါအစ ဂျပန်နိုင်ငံက”ဟု ဆိုကြသည်။ ၎င်းဗိုင်းရပ်ပိုးက ဦးနှောက် တစ်သျှူးများ ရောင်ရမ်းပျက်စီးခြင်းကို ဖြစ်စေကာ ပြင်းထန်သော နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ပါသည်။ အသက်အရွယ်မရွေး၊ ကျားမ မရွေးဖြစ်နိုင်ပြီး အဓိကအားဖြင့် အသက် ၁၅ နှစ်အောက် ကလေးများတွင် အဖြစ်များသည်။ အသက်အရွယ်ကြီးသူတွေမှာလည်း ဖြစ်တတ်သည်ကို တွေ့ရသည်။

JVE နှင့် မြန်မာပြည်

၁၉၇၄ ခုနှစ်တွင် တာချီလိတ်မြို့မှ စတင်၍ ဂျပန်ဦးနှောက်ရောင် ရောဂါကို မြန်မာနိုင်ငံမှာ စတင်တွေ့ရှိခဲ့သည်။ ၎င်းရောဂါသည် မြန်မာနိုင်ငံ အပါအဝင် အာရှနှင့် ပစိဖိတ်နိုင်ငံများမှာ ဖြစ်ပွားလေ့ရှိပြီး ကျေးလက်ဒေသ သို့မဟုတ် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ရာဒေသတွေမှာ အဖြစ်များသည်။ ထူးခြားဖြစ်စဉ်အဖြစ် ၂၀၁၀ - ၂၀၁၅ ခုနှစ်အတွင်း ဂျပန်ဦးနှောက်ရောင်ရောဂါ အတည်ပြုလူနာ ၂၈၀ ရှိခဲ့ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးမှာ  ဖြစ်ပွားခဲ့သည်။ ၂၀၁၇ ခုနှစ်၌မူ   ပထမခြောက်လအတွင်း ဂျပန်ဦးနှောက်ရောင်ရောဂါ ၈၃၀ ရှိခဲ့ပြီး ၁၄၆ ဦးကို ဓာတ်ခွဲခန်းစစ်ချက်အရ အတည်ပြုနိုင်ခဲ့သည်။

ဂျပန်ဦးနှောက်ရောင်ရောဂါသည် မြန်မာနိုင်ငံ၌ နှစ်စဉ် လူပေါင်း ၃၀၀၀ မှ ၆၀၀၀ ခန့်အထိ ဖြစ်ပွားနိုင်သည်ဟု ခန့်မှန်းထားသော်လည်း လက်တွေ့တွင် အဆိုပါ အရေအတွက်ထက် ပိုများနိုင်ကြောင်း သိရသည်။ ယင်းကိန်းဂဏန်းများ အနက် ၉၀ ရာခိုင်နှုန်းကျော်မှာ အသက် ၁၅ နှစ်အောက် ကလေးများဖြစ်ပြီး ၎င်းတို့အနက် ၃၀ ရာခိုင်နှုန်းခန့် သေဆုံးရာ အသက်ရှင်ကျန်ရစ်သော ကလေးများတွင်လည်း နာတာရှည် ကိုယ်လက်အင်္ဂါ မသန်စွမ်းခြင်း၊ အပြုအမူပိုင်းဆိုင်ရာ၊ အသိဉာဏ်ပိုင်းဆိုင်ရာ ချို့ယွင်းခြင်းများ ဖြစ်ပွားတတ်ကြောင်း သိရသည်။

ကူးစက်ပုံ

မိုးဦး၊ မိုးလယ်၊ မိုးနှောင်း စသည့် မိုးရာသီ ကာလပတ်လုံးတွင် အများဆုံး ဖြစ်ပွားတတ်ပါသည်။ ကျူးလက်စ်  (Culex tritaeniorhynchus) အမျိုးအစား ခြင်ကိုက်ခံရခြင်းကြောင့် ဂျပန်ဦးနှောက်ရောင်ရောဂါ ကူးစက်စေသည်။ လူမှလူသို့ တိုက်ရိုက် ကူးစက်သော ရောဂါမျိုးမဟုတ်ပေ။ ငှက်များနှင့် အိမ်မွေးတိရစ္ဆာန်များ၊ အထူးသဖြင့် ရေတွင် နားခိုကျက်စားသည့် တောငှက်ရိုင်းများနှင့် ဝက်များကို ရောဂါပိုးကူးစက် ဝင်ရောက်သည်။ အထူးသဖြင့် မြန်မာနိုင်ငံ၌ ဝက်များသည်   ရောဂါပိုးလက်ခံ သိုလှောင်ရာ တိရစ္ဆာန်ဖြစ်ကြောင်း တွေ့ရသည်။ ကူးစက်ပုံ အဆင့်ဆင့်မှာ ဝက်၊ ငှက်၊ ဘဲ၊ ခို၊ လင်းနို့ စသည့်သတ္တဝါတို့၏ ခန္ဓာကိုယ်ထဲမှာ JVE ဗိုင်းရပ်ပိုးများ ပေါက်ပွားကြပြီးနောက် ၎င်းသတ္တဝါတို့မှပိုးသည် ခြင်မှတစ်ဆင့် လူသို့ ကူးစက်ခြင်းဖြစ်သည်။

ထို့ကြောင့် ဝက်၊ ငှက်၊ ဘဲ၊ ခို၊ လင်းနို့သတ္တဝါများနှင့် အနေနီးသူတွေမှာ ဂျပန်ဦးနှောက်ရောင် ရောဂါအဖြစ်များသည်။ ကျူးလက်စ်ခြင်များက လယ်ကွင်းများထဲမှာ အဓိက ပေါက်ပွားကြပြီး အသုံးမပြုသော အိုးခွက်၊ မြေကျင်း၊ မြေတွင်း၊ ရေတွင်း၊ ရေကန်ဟောင်း၊ မြောင်းပုပ်၊ အိမ်သာ၊ ရေဆိုးကန်တို့မှာ ပေါက်ပွားလေ့ရှိသည်။ နံနက်လင်းအားကြီး ၃ - ၄ နာရီကြား အချိန်နှင့် ည ၉ - ၁၁ နာရီကြား အချိန်များမှာ ကျူးလက်စ်ခြင်ကိုက်ခံရလေ့ရှိပြီး ထိုဖြစ်စဉ်ကြောင့် လူသားများအား ရောဂါကူးစက် ပျံ့နှံ့စေပါသည်။ ဆည်မြောင်း ရေသွင်းစိုက်ပျိုးသော နေရာများတွင် ခြင်ပေါက်ပွားသောကြောင့် တစ်နှစ်ပတ်လုံး ကူးစက်ဖြစ်ပွားနိုင်သည်။

ရောဂါလက္ခဏာများ

ရောဂါကူးစက်ခံရသူ အများစုသည် ရောဂါလက္ခဏာများ မပြကြပေ။ ပျမ်းမျှအားဖြင့် ရောဂါပိုးကူးစက်ခံရသူ ၂၅၀ တွင် တစ်ဦးနှုန်းသာ ရောဂါလက္ခဏာများ ရှိကြသည်။ ရောဂါဖြစ်ခါစ လက္ခဏာများသည် သာမန်တုပ်ကွေးရောဂါ လက္ခဏာများနှင့် ဆင်တူ၍ ရုတ်တရက်အဖျားကြီးခြင်း၊ တုန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ပျို့အန်ခြင်းများ ဖြစ်လေ့ရှိသည်။   ရောဂါဖြစ်ပွားစ ကလေးများတွင် ဗိုက်နာခြင်း လက္ခဏာများကို ထင်ရှားစွာ ခံစားကြရသည်။  ရောဂါဖြစ်ပြီး ၃ - ၅ ရက်မြောက်နေ့တွေမှာ အစာနှင့်သောက်ရေ မဝင်တော့ဘဲ မောပန်းခြင်း၊ နုံးချည့်၍ ကိုယ်အလေးချိန် ကျဆင်းသွားကာ နောက်ဆက်တွဲ လက္ခဏာအနေဖြင့် စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ အိပ်ငိုက်ခြင်း၊ လည်ပင်းတောင့်တင်းခြင်း၊ ကြွက်သားများ တင်းမာတောင့်တင်းခြင်း၊ လျှာလေးခြင်း သို့မဟုတ် ဇက်ခိုင်ခြင်း၊ လှုပ်ရှားမှု မမှန်ခြင်း၊ မူးဝေခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်း စသည်တို့ဖြစ်ပေါ်ခံစားရနိုင်ပြီး အသက် ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါသည်။

အသက် ၁၀ နှစ်အောက် ကလေးများတွင် ရောဂါဖြစ်ပွားမှုပြင်းထန်ပြီး သေဆုံးမှုနှုန်းများသည်။ ဦးနှောက်ရောင် ရောဂါဖြစ်ပွားသူများ၏ ၂၀ - ၃၀ ရာခိုင်နှုန်းခန့်သည် အသက်သေဆုံးနိုင်ပါသည်။ အဆိုးဆုံး အခြေအနေအဖြစ် ပျမ်းမျှလူနာသုံးဦးလျှင် တစ်ဦး သေဆုံးတတ်သည်။ အကယ်၍ ၎င်းအဆိုးဆုံး အခြေအနေမှ လွတ်မြောက်လာခဲ့သော်လည်း နောက်ဆက်တွဲ ဆိုးကျိုးများအဖြစ် မှတ်ဉာဏ်ချို့ယွင်းခြင်း သို့မဟုတ် ဦးနှောက်ပျက်စီးခြင်း၊   အနေအထိုင်အပြုအမူ သိသိသာသာ ပြောင်းလဲချို့ယွင်း သွားခြင်း၊ စကားမပီခြင်း သို့မဟုတ် စကားမပြောနိုင်တော့ခြင်း၊ ခြေလက်အကြောသေခြင်း သို့မဟုတ် လေဖြတ်ခြင်း၊ နာတာရှည် အတက်ရောဂါ စသည်တို့စွဲကျန်ခဲ့သည်။

ကာကွယ်ဆေးထိုးနှံခြင်း

WHO မှ အာရှနှင့် အနောက်ပစိဖိတ် ၂၄ နိုင်ငံအား  ဂျပန်ဦးနှောက်ရောင် ရောဂါ ကာကွယ်ဆေး ထိုးနှံကြရန်အတွက် အကြံပြုချက်အရ မြန်မာနိုင်ငံမှာလည်း ၂၀၁၇ ခုနှစ်  နှစ်ကုန်ပိုင်းက အသက် ၉ လမှ ၁၅ နှစ်အောက် ကလေးများ အားလုံးကို  အစု လိုက်ထိုးနှံပေးခဲ့ပြီး   အဆိုပါဆေးထိုးနှံခြင်း အစီအစဉ်ကို ကျောင်းအခြေပြုထိုးနှံခြင်းနှင့် ပြည်သူအခြေပြု ထိုးနှံခြင်းဟူ၍ နှစ်မျိုးခွဲခြား၍ ထိုးနှံမှုများ ပြုခဲ့ကြောင်း လေ့လာမှတ်သားရပါသည်။ ဂျပန်ဦးနှောက်ရောင်ဗိုင်းရပ်  (Japanese Viral Encephalitis -JVE) ကူးစက်ခြင်းကို အထိရောက်ဆုံး ရှောင်ရှားနိုင်ဖို့အတွက် တစ်ခုတည်းသော ကြိုတင်ကာကွယ်နည်းမှာ အစုလိုက်အပြုံလိုက် ဆေးတစ်ပြိုင်နက်တည်း ထိုးနှံနည်းဖြစ်ပါသည်။   သို့သော် သတိပြုရန်မှာ ကာကွယ်ဆေး ထိုးနှံခြင်းကို အသက် ၁၅ နှစ်အောက် ကလေးအားလုံး ထိုးနှံရမှာဖြစ်သော်လည်း တီဘီ(TB) ဆေးစားနေရသူများနှင့် HIV ကာကွယ်ဆေး စားနေရသူများမှာ HIV ကာကွယ်ဆေးကို ထိုးနှံခြင်း မပြုသင့်ပေ။ ထို့ပြင် ဖျားနာနေသော ကလေးများကိုလည်း ရက်ရွှေ့ဆိုင်းပြီးမှသာ ဲ JVE  ကာကွယ်ဆေးကို ထိုးသင့်ပါသည်။

အချုပ်အားဖြင့်ဆိုသော် ဂျပန်ဦးနှောက်ရောင် ရောဂါအား ကာကွယ်ရန်အတွက် ကာကွယ်ဆေးထိုးခြင်းသည် တစ်ခုတည်းသော အရေးပါဆုံး ကာကွယ်ထိန်းချုပ်သော နည်းလမ်းဖြစ်ပါသည်။ ယခုအခါ အသက် ၉ လမှစ၍ ကာကွယ်ဆေးထိုးနိုင်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် အခါအားလျော်စွာ ပြဋ္ဌာန်းချက်၊ စီမံချက်များရှိလာပါက မိမိ၏သားငယ် သမီးငယ်များအား ဆေးထိုးခြင်းစီမံချက်မှာ မကျန်ရစ်ခဲ့စေဖို့ အထူး အရေးကြီးပါကြောင်း သတိပေးလိုပါသည်။   ။