ရိုသေလေးစား ဂုဏ်ပြုထိုက်စွာ မြတ်ဆရာ
(အောက်တိုဘာ ၅ ရက် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး)
၂၀၂၂ ခုနှစ် အောက်တိုဘာ ၅ ရက်သည် “ကမ္ဘာ့ဆရာများနေ့ ဖြစ်သည်။ ၁၉၆၆ ခုနှစ် အောက်တိုဘာ ၅ ရက်တွင် ကုလသမဂ္ဂအထွေထွေ ညီလာခံကြီးက ကမ္ဘာ့ဆရာများ၏ ဂုဏ်သိက္ခာဆိုင်ရာ ထောက်ခံချက်စာတမ်းကို တညီတညွတ်တည်း အတည်ပြု ပြဋ္ဌာန်းလိုက်ရာ ထိုသို့အတည်ပြုသည့်နေ့ အောက်တိုဘာ ၅ ရက်ကို ကမ္ဘာ့ဆရာများနေ့အဖြစ် သတ်မှတ်လိုက်သည်။ ထို့နောက် ၁၉၆၇ ခုနှစ်မှစတင်၍ ဆရာများ၏အရေးပါမှုနှင့် ဂုဏ်ကျေးဇူးကို ဖော်ကျူးသည့်အနေဖြင့် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို ကမ္ဘာ့နိုင်ငံ အသီးသီးတို့က ကျင်းပခဲ့ကြသည်။
မြန်မာအဘိဓာန်တွင် ဆရာဟူသော ဝေါဟာရကို “ပညာသင်ကြားပေးသူ၊ သွန်သင်ဆုံးမနည်းလမ်းပြသူ”ဟု အဓိပ္ပာယ်ဖွင့်ဆိုသည်။ မည်သူမဆို မွေးကတည်းက အသိပညာ၊ အတတ်ပညာ မပါလာကြဘဲ နားလည်သိတတ်စ အရွယ်မှစ၍ လေ့လာသင်ယူမှုဖြင့်သာ တတ်မြောက်ရသည်။ ထိုသို့ သင်ယူလေ့လာနိုင်အောင် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတို့၏ အခန်းကဏ္ဍမှာ အလွန်အရေးကြီးသည်။ ဆရာဟူသော ဝေါဟာရကို ပုဂံခေတ် ထိုးကျောက်စာများတွင်“ဆယာ၊ဆြာ”ဟု လည်းကောင်း၊ သက္ကတဘာသာတွင် “အာစာယ” ဟုလည်းကောင်း တွေ့ရသည်။ ဆရာဟူသော ဝေါဟာရ၏အဓိပ္ပာယ်မှာ “တပည့်တို့၏ အကျိုးစီးပွားကို ပြုကျင့်တတ်သူ” ဟူ၍ တွေ့ရသဖြင့် ဆရာဆိုသည်မှာ ကြီးကျယ်မြင့်မြတ်သည့် သဘောကိုဆောင်ယူထားသည်။
ဆရာကို သုံးမျိုးသုံးစား ခွဲခြားသိမြင်နိုင်သည်။ ကိုယ်တိုင်ကိုယ်ကျ သင်ကြားပြသပေးသော သင်ဆရာ(မုတာစရိယ)၊ လုပ်ကိုင်နေသည်ကို မြင်တွေ့ရုံဖြင့် တတ်မြောက်ခြင်း ဖြစ်စေသော မြင်ဆရာ(ဒိဋ္ဌာစရိယ)၊ ပြောဆိုရွတ်ဖတ်နေသည်ကို ကြားရသဖြင့် တတ်မြောက်ခြင်း ရှိစေသော ကြားဆရာ(သုတစရိယ)ဟူ၍ဖြစ်သည်။ ဆရာမပြ နည်းမကျ၊ ဆရာကောင်းတပည့် ပန်းကောင်းပန်ဆိုသော စကားရပ်များမှာ ဆရာ၏အရေးပါမှုကို ညွှန်းဆိုသည်။ မည်သည့်အမှုကိစ္စမျိုးတွင်မဆို ဆရာတို့ထံမှ သင်ယူလေ့လာ တတ်မြောက်ရပြီး ဆရာများ၏ သွန်သင်မှုဖြင့်သာ ပညာဉာဏ်အရာ တိုးတက်လာရသည်။
ဆရာတို့တွင် ကောင်းမြတ်သော အင်္ဂါရပ်များနှင့် ပြည့်စုံသဖြင့် ရိုသေလေးစားထိုက်သူများ အဖြစ် စံတင်ဂုဏ်ပြုကြသည်။ တပည့်တို့၏ ချစ်ခင်မြတ်နိုးမှုကို ခံယူရရှိခြင်း၊ တပည့်များနှင့်တကွ ပတ်ဝန်းကျင်၏ အလေးဂရုပြုမှုကို ခံယူရခြင်း၊ တပည့်ထံ၌ အပြစ်တွေ့လျှင် ပြောဆိုဆုံးမတတ်ခြင်း၊ အကျိုးကိုလိုလားသော စိတ်ဖြင့် တပည့်တို့က တစ်စုံတစ်ရာ ပြောဆိုထောက်ပြလာလျှင် ကောင်းစွာနားထောင် လက်ခံပေးခြင်း၊ တပည့်တို့အပြစ်ဖြစ်စေမည့် လောကဓမ္မ ကိစ္စရပ်များကို မခိုင်းစေ၊ မတိုက်တွန်းခြင်းတို့မှာ ဆရာ၏ကောင်းမြတ်သော အင်္ဂါလက္ခဏာများပင်ဖြစ်သည်။
“ယနေ့လူငယ် နောင်ဝယ်လူကြီး”ဆိုသလို အနာဂတ်တွင် ဦးဆောင်ဦးရွက် ပြုကြမည့် လူငယ်များ အရည်အချင်းပြည့်ဝရေးအတွက် ဆရာများ၏ အခန်းကဏ္ဍမှာ အလွန်အရေးပါကြောင်း ထင်ရှားသည်။ မျက်မှောက် ၂၁ ရာစုသည် ပညာခေတ်ဖြစ်သည်နှင့်အညီ ဆရာများ၏ စွမ်းဆောင်ရည်မြင့်မားမှုက အချက်အချာဖြစ်လာသည်။ ကုလသမဂ္ဂက ချမှတ်ထားသော စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်(၁၇)ရပ်(၂၀၁၆-၂၀၃၀)တွင် ပန်းတိုင်(၃)မှာ “လူသားအားလုံး အကျုံးဝင်ကာ ညီညွတ်မျှတပြီး အရည်အသွေး ရှိသည့် ပညာသင်ယူနိုင်ရေးနှင့် ဘဝတစ်လျှောက်အစဉ်လေ့လာသင်ယူနိုင်သော အခွင့်အလမ်းရရှိရေး”ဖြစ်သည်။ အဆိုပါ ပန်းတိုင်အောင်မြင်ရေး အတွက် ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှု ပိုမိုပြုလုပ်ရေး လိုအပ်သလို ဆရာများ၏ စွမ်းဆောင်ရည်မြင့်မားရေး အတွက် အဘက်ဘက်က ဖြည့်ဆည်းပေးရေး လိုအပ်သည်။
ဆရာဟူသည် စေတနာ၊ ဝါသနာ၊ အနစ်နာဟူသော “နာသုံးနာ”နှင့် ပြည့်စုံညီညွတ်သည်သာမက တပည့်များအပေါ် ချစ်ခင်နှစ်သက် ကောင်းစားစေလိုသော မေတ္တာ၊ ကြင်နာသနားတတ်သော ကရုဏာ၊ တပည့်တို့၏ အောင်မြင်တိုးတက်မှုများ အပေါ် ဝမ်းမြောက်တတ်သော မုဒိတာနှင့် အပြစ်မမြင် အကျိုးကို သက်ရောက်စေသော ဥပေက္ခာတို့နှင့်လည်း ပြည့်စုံသည်။
ထို့ကြောင့် ဆရာဟူသည် ဗြဟ္မစိုရ်တရားနှင့်အညီ လူသားကောင်းကျိုးကို အကောင်းဆုံး ပံ့ပိုးဖြည့်ဆည်းပေးကြသူများဖြစ်သလို ထိုသို့ဖြည်းဆည်းပေးနိုင်အောင်လည်း အစဉ်အမြဲကြိုးစား အားထုတ်နေကြသူများဖြစ်ကြသည်။ ကမ္ဘာ့နိုင်ငံတိုင်း၊ နေရာဒေသတိုင်း၌ ဆရာများရှိကြသည်။ နိုင်ငံအလိုက် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းမှအစ မတူညီဘဲ အသွင်အမျိုးမျိုး ကွဲပြားခြားနားနေသော်လည်း ဆရာများနှင့် ပတ်သက်၍ တူညီသောခံယူချက်မှာ နိုင်ငံနှင့်လူမျိုး တိုးတက်ရေး၊ စည်ပင်ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းသာယာရေး အတွက် ပညာပြည့်ဝနှလုံးလှသည့် မြတ်ဆရာများ အပေါ် လုံးဝတည်မှီနေသည် ဆိုသောအချက်ပင်ဖြစ်သည်။
အရည်အသွေးရှိသော ပညာရေးစနစ် အောင်မြင်ရေးသည် ဆရာများခန့်အပ်၍ အရည်အချင်းနှင့် စွမ်းဆောင်ရည်မြင့်မားအောင် ပြုစုပျိုးထောင် လေ့ကျင့်ပေးခြင်း၊ ဆရာများကို လိုအပ်ချက်နှင့်အညီ ပံ့ပိုးဖြည်းဆည်းပေးခြင်းများ အပြင် မွန်မြတ်သော အသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ် ခိုင်မာမှုရှိစေခြင်း စသည့်အချက်များ ပေါ်တွင် အခြေခံသည်။ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာဖြင့်သာ တည်ဆောက်ရသည်ဖြစ်ရာ ပညာတတ်များကို မွေးထုတ်ပေးရာ ဆရာများ၏ အရေးပါအရာရောက်မှုမှာ အထူးပင်ပေါ်လွင် ထင်ရှားနေပေသည်။ ထို့ကြောင့် ဆရာခန့်အပ်ရေးနှင့် ဆရာတည်မြဲရေးသည် ကမ္ဘာ့နိုင်ငံတိုင်းအတွက် အလွန်အရေးပါကြောင်း တွေ့မြင်နိုင်သည်။
ဆရာများ၏ စေတနာနှင့် အနစ်နာခံမှုကို နေရာဒေသမရွေး တွေ့နိုင်သည်။ မည်သည့်နေရာ ဒေသတွင်မဆို အားလုံးကောင်း၊ အားလုံးအဆင်ပြေနေသည်ဟု မဆိုသာပေ။ အခက်အခဲများ၊ ပြဿနာများ၊ မပြည့်စုံမှုများ စသည့် အဆင်မပြေမှုနှင့် လိုအပ်ချက်များ ရှိနေမြဲဖြစ်သည်။ ဆရာများသည် တာဝန်ထမ်းဆောင်ရာတွင် အဆင်မပြေမှုနှင့် လိုအပ်ချက် မည်သို့ပင်ရှိနေစေကာမူ ကြံ့ကြံ့ခံကာ ဇွဲနပဲဖြင့် တာဝန်ကျေပွန်အောင် ထမ်းဆောင်နေကြသည်မှာ လေးစားဖွယ်ရာဖြစ်သည်။ သွားရေးလာရေး ခက်ခဲသောနေရာများသို့ ရောက်အောင်သွား၍ ပညာသင်ပေးကြသည်။ တချို့နေရာဒေသများတွင် အမျိုးမျိုးသော ဘေးအန္တရာယ်များကိုပင် ရင်ဆိုင်ကျော်လွှားကာ အသက်ကိုပင်မငဲ့ကွက်ဘဲ တာဝန်ထမ်းရွက်ကြသည်။ မည်သည့်အခက်အခဲများကို မဆို စိတ်မပျက်ဘဲ ဆရာ့စိတ်ရင်းကို အရင်းတည်လျက် တပည့်များအပေါ် စေတနာထား သင်ကြားပြသကြသည်။ ဝေးလံခေါင်ဖျားသော ဒေသများရှိ ဒေသခံလူငယ်များ ပညာတတ်စေရေးအတွက် ဝါယမစိုက်ထုတ် ကြိုးပမ်းနေကြသော ဆရာများလည်း ရှိသည့်အတွက် စံတင်ဂုဏ်ပြုဖွယ်ရာဖြစ်သည်။
မြန်မာတို့၏ ယဉ်ကျေးမှုအစဉ်အလာအရ ဆရာများကို ဘုရားနှင့်တစ်ဂိုဏ်း တည်းထားပြီး အနန္တော အနန္တငါးပါးတွင်ထည့်သွင်းကာ ကြည်ညိုလေးမြတ်မှု ပြုထားသည်။ အလားတူစွာ ဆရာကို ကျေးဇူးဂုဏ်ကြီးမားသော ခင်ပွန်းကြီးဆယ်ပါး၌လည်း တွေ့မြင်နိုင်သည်။ ဆရာတို့၏ အလုပ်ဂုဏ်၊ သမားဂုဏ်နှင့် သိက္ခာဂုဏ်များကိုကျေးဇူးပြုတတ်ခြင်းသည် မင်္ဂလာတစ်ပါးပင် ဖြစ်သည်။ ဆရာများ၏ သွန်သင်ညွှန်ပြမှုနှင့်အတူ စာပေတတ်မြောက်ကြသည်။ စာရိတ္တကောင်းကြသည်။ လိမ္မာယဉ်ကျေးကြသည်။ တန်ဖိုးရှိသောလူသားများ ဖြစ်လာကြသည်။ ထိုသို့သော ကျေးဇူးတရားကို မည်သည့်အခါမျှ မမေ့အပ်ပေ။
တချို့ဆရာများသည် ဆင်းရဲသော တပည့်များအတွက် ငွေကြေး၊ အဂတိအစား၊ အသုံးအဆောင်ပစ္စည်းများကိုပင် ပံ့ပိုးထောက်ပံ့ကြသည်။ ဝမ်းသာကြည်နူး ဖွယ်ရာပင်ဖြစ်သည်။
မြန်မာ့ဓလေ့စရိုက်အရ ကျောင်းသား၊ ကျောင်းသူ တပည့်များသည် လည်းကောင်း၊ တပည့်များ၏ မိဘအုပ်ထိန်းသူများသည် လည်းကောင်း ဆရာ့ဂုဏ်နှင့် ကျေးဇူးကို အထူးသိတတ်ကြသည်။ ထိုအစဉ်အလာသည် ရှေးယခင်ကတည်းက အမြစ်တွယ်လာပြီး ယနေ့အထိ ရှင်သန်နေဆဲဖြစ်၍ ဂုဏ်ယူစရာဖြစ်သည်။ မိမိတို့ ရပ်ရွာသို့ တာဝန်ကျရောက်ရှိလာသော ဆရာများကို အလေးအမြတ်ထားကာ နွေးထွေးပျူငှာစွာ ကြိုဆိုကြသည်။ နေထိုင်ရေး၊ စားသောက်ရေး၊ သွားလာရေးနှင့် လူမှုရေးကိစ္စများကအစ အဆင်ပြေအောင် ဝိုင်းဝန်းဖြည့်ဆည်း ပံ့ပိုးပေးသည်။ လုံခြုံမှုရှိအောင် စောင့်ရှောက်ပေးတတ်သည်။ ရပ်ရေးရွာရေးတွင်လည်း ဆရာများ၏ ဦးဆောင်မှုအတိုင်း လိုက်နာကျင့်ကြံတတ်ကြသည်။
အထူးသဖြင့် ကျောင်း၏ မိဘဆရာအသင်းနှင့် အကျိုးဆောင်များ၏ ကူညီပံ့ပိုးပေးမှုများအရ ကျောင်းအတွက် လိုလေသေးမရှိ ပြည့်စုံမှုကိုဖြစ်စေသည်။ အဆိုပါအစဉ်အလာများသည် မြန်မာတို့၏ ချစ်ခင်မြတ်နိုးဖွယ်ရာ ဓလေ့စရိုက်ဖြစ်သဖြင့် ရေရှည်ထိန်းသိမ်းတတ်ရမည်ဖြစ်ပါသည်။
ဆရာဟူသည် ကျောင်းသား၊ ကျောင်းသူတိုင်း၏ စံနမူနာယူဖွယ်စံပြပုဂ္ဂိုလ်ဖြစ်သည်။ အသင်အပြ၊ အနေအထိုင်၊ အပြောအဆို၊ အပြုအမူ၊ အကျင့်အကြံ အားလုံးသည် ကောင်းမြတ်သော အသွင်ဆောင်လျက် ထိရောက်ထက်မြက်လှသဖြင့် ဆရာတို့သည် စံပြနေရာတွင် အမြဲရပ်တည်လျက်ရှိသည်။ ဆရာတစ်ဦးတွင် သင်ကြားပြသရေး တာဝန်သာမကဘဲ အမျိုးအမည် သတ်မှတ်မထားသော ထူးခြားသိမ်မွေ့သည့် ကိုယ်ပိုင်ဝတ္တရားများလည်း ပြည့်စုံကြောင်း တွေ့ရသည်။ တပည့်များ၏ ကိုယ်ခန္ဓာနှင့် စိတ်ပိုင်းဆိုင်ရာ အရည်အသွေးများ မြင့်မားအောင် အထောက်အကူ ပြုပေးခြင်း၊ သင်ယူမှု ဝန်းကျင်ကောင်းများ ဖန်တီးပေးတတ်ခြင်း၊ ဆရာနှင့်တပည့် အပြန်အလှန် နားလည်မှုရှိစေခြင်း၊ မိဘအုပ်ထိန်းသူများ၏ ယုံကြည်အားထားမှုကို ဖန်တီးပေးခြင်း စသည့် အချက်များသည် ဆရာများ၏ သတ်မှတ်ချက်မထားသော သိမ်မွေ့သည့် ကိုယ်ပိုင်ဝတ္တရား တချို့ပင်ဖြစ်သည်။
ဆရာဆိုသည်မှာ စိတ်ဓာတ်နှင့် စည်းကမ်းကောင်းပြီး ပညာပြည့်ဝသော တပည့်များပေါ်ထွန်းလာစေရန်၊ တာဝန်ခံ၍ တာဝန်ယူတတ်သူများ ဖြစ်လာစေရန်၊ အများအကျိုး သယ်ပိုးတတ်သူများ ဖြစ်လာစေရန် ပြုစုပျိုးထောင်နိုင်စွမ်းရှိသည်။ ဆရာဟူသည် ပန်းပေါင်းစုံဖူးပွင့်လာအောင် မြေတောင်မြှောက်ပေးနိုင်စွမ်း ရှိသော ပန်းမြိုင်လယ်က ဥယျာဉ်မှူးများဖြစ်ကြသည်နှင့်အညီ လူ့ဘောင်အဖွဲ့အစည်း အကျိုးကို သယ်ပိုးထမ်းရွက် နေကြသူများဖြစ်ပေရာ ဆရာများအား လေးမြတ်စွာ ဂါရဝပြုရင်း “ကမ္ဘာ့ဆရာများနေ့”ကိုဂုဏ်ပြုရေးသားလိုက်ရပါသည်။ ။