စိတ်ဖိစီးမှုများနေသော မက်ဂွိုင်ယာကို ခေတ္တအနားပေးသင့်ဟု ဖာဒီနန်အကြံပြုကစားသမားဘက်မှ အနားမ ယူလိုဘဲဆက်ကစားရန် တောင်းဆိုထား

မန်ချက်စတာ၊ ဘောလုံး

ကမ္ဘာ့တန်ကြေးအကြီးဆုံး ခံစစ်မှူးအဖြစ် လက်စတာမှ မန်ယူသို့ ပေါင်သန်း ၈၀ ဖြင့်ပြောင်းရွှေ့လာခဲ့သော အင်္ဂလန်လက်ရွေးစင် ဗဟိုခံစစ်မှူး ဟယ်ရီမက်ဂွိုင်ယာသည် ယခုရာသီတွင် စွမ်းဆောင် ရည်ညံ့ဖျင်းမှုများ အပြင် ဆုံးဖြတ်ချက်အမှားများကြောင့် ဝေဖန်မှုခံနေရပြီး မန်ယူခံစစ်မှူးဟောင်း ရီယိုဖာဒီနန်က နည်းပြ ဆိုးလ်ရှားအနေဖြင့် မက်ဂွိုင်ယာကို ပုံမှန်ခြေစွမ်း ကောင်းပြန်ရနိုင်ရန် ခေတ္တအနားပေးစေချင်သည်ဟု တိုက် တွန်းခဲ့သည်။

မက်ဂွိုင်ယာသည် သြဂုတ်လက ဂရိနိုင်ငံ မိုင်ကိုနော့စ်ကျွန်းသို့ အပန်းဖြေခရီးထွက်စဉ် ခိုက်ရန်ဖြစ်ပွားကာ  ဂရိရဲတပ်ဖွဲ့ဝင်များကိုလည်း ထိုးကြိတ်ခဲ့သည်ဆိုပြီး ဖမ်းဆီးခံခဲ့ရကာထိုပြစ်မှုတွင် မိမိ၌အပြစ်မရှိဟုဆိုကာ  အယူခံဝင်ထားသဖြင့် ထိုအယူခံကို နောက်နှစ်တွင် ပြန်လည်ကြားနာ စစ်ဆေးမည်ဖြစ်သည်။

ထိုအမှုအခင်းပြီးကတည်းက ဘောလုံးရာသီ ပြန်စချိန်တွင် မက်ဂွိုင်ယာသည် အမှားများစွာ ကျူးလွန်ခဲ့ပြီး  အောက်တိုဘာ ၁၄ ရက်က အင်္ဂလန်အသင်းအတွက် ကစားပေးသည့် ဒိန်းမတ်နှင့်  ယူအီးအက်ဖ်အေနေးရှင်း လိဂ်ပွဲတွင်လည်း ပထမပိုင်းမှာပင်နှစ်ဝါတစ်နီဖြင့်ထွက်ခဲ့ရသည့်အတွက် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကြောင့် စွမ်းဆောင်ရည်များ ညံ့ဖျင်းနေခြင်းဖြစ်မည်ဟု ရီယိုဖာဒီနန်ကယူဆပြီး ခေတ္တအနားပေးရန် ဆိုးလ်ရှားအား အကြံပေးခဲ့ခြင်း ဖြစ်သည်။

ဖာဒီနန်က “ကျွန်တော်သေသေချာချာမြင် တွေ့သိရှိနေတာကတော့ မက်ဂွိုင်ယာအတွက် အခုချိန်က     ခက်ခဲတဲ့ အခိုက်အတန့်တွေကို ရင်ဆိုင်နေရတယ်ဆိုတာပါပဲ။ ဒီလိုအခြေအနေမျိုးမှာ အသင်းကနေ ခဏ ထွက်ပြီး အနားယူဖို့လိုတယ်။ ဒါကြောင့် ဆိုးလ်ရှားဘက်က မက်ဂွိုင်ယာ ကိစ္စအတွက်လည်း  အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ဖြေရှင်းပေးရမယ်လို့မြင်တယ်။ အချိန် အနည်းငယ်အနားပေးပြီး သူ့ကိုယ်သူပြန်သုံးသပ် နိုင်ဖို့နဲ့ စိတ်ဖိစီးမှုတွေလျော့ပါးသွားဖို့ လုပ်ပေး သင့်တယ်”ဟု တိုက်တွန်းပြောကြားခဲ့သည်။

သို့သော် မက်ဂွိုင်ယာသည် မန်ယူအသင်း အတွက် ရှေ့လာမည့်ပွဲများမှာ အရေးကြီးသော ပွဲစဉ်များဖြစ်နေ၍ အနားမယူလိုဘဲ ဆက်လက်ပွဲထွက်ကစားခွင့်ပြုရန် ဆိုးလ်ရှားထံတောင်းဆို ထားသည်။ မန်ယူသည် လာမည့် သီတင်းပတ်တွင် နယူးကာဆယ်နှင့်ပွဲပြီးနောက် နောက်တစ်ပတ်ကြားရက်၌  ပီအက်စ်ဂျီနှင့် ချန်ပီယံလိဂ်ပွဲ ကစား ရမည်ဖြစ်သည်။                  

Ref:Dailymail