ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာ့ကပ်ရောဂါအဆင့်မှ ဒေသန္တရကပ်ရောဂါအဆင့်သို့   ပြောင်းလဲနေပြီလော 

ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာ့ကပ်ရောဂါအဆင့်မှ ဒေသန္တရကပ်ရောဂါအဆင့်သို့   ပြောင်းလဲနေပြီလော 

 

အမေရိကန်ပြည်ထောင်စုတွင် သုံးနှစ်နီးပါးကြာမျှ ကိုဗစ်-၁၉ ရောဂါ၏ဒဏ်ကို အလူးအလဲခံစားခဲ့ရပြီးနောက် ယခုအခါ ၎င်းင်းရောဂါသည် ကမ္ဘာ့ကပ်ရောဂါအဆင့်မှ လျော့ကျသွားပြီဖြစ်ကြောင်း သမ္မတဂျိုးဘိုင်ဒန်က ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၉ ရက်တွင်  ပြောကြားခဲ့ကြောင်းသိရသည်။ ယခုထိတိုင်အမေရိကန်ပြည်ထောင်စုတွင် ကိုဗစ်ရောဂါကြောင့် တစ်ရက်လျှင် လူ ၄၀၀ ခန့်သေဆုံးနေဆဲဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ကိန်းဂဏန်းအချက်အလက်များအရ ယခုအခါတွင်   ကိုဗစ်ကြောင့်သေဆုံးမှုများ သိသိသာသာ လျော့နည်းသွားပြီဖြစ်သည်ကိုလည်း တွေ့ရှိနေရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်ကလည်း  ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာ့ကပ်ရောဂါအဆင့်မှ လျော့ကျသွားပြီဟု မပြောနိုင်သေးသော်လည်း ထိုသို့လျော့ကျတော့မည့် အလားအလာများ   တွေ့မြင်နေရပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။  ကူးစက်ရောဂါတစ်မျိုးသည် နိုင်ငံတကာ  နယ်နိမိတ်များကို  ဖြတ်ကျော်ကူးစက်မှုများ ဖြစ်ပွားကာ တစ်ကမ္ဘာလုံးအနှံ့ဖြစ်ပွားပါက  ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ခေါ်ဝေါ်လေ့ရှိသည်။  ကိုဗစ်ရောဂါပိုး  SARS-CoV-2 ဗိုင်းရပ်ကြောင့်  ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေဖြစ်ခဲ့ပြီး ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုလျော့ကျရေး  အထူးအားစိုက်လုပ်ဆောင်ခဲ့ကြရသည်။ ထိုသို့လုပ်ဆောင်ရာတွင် နိုင်ငံများအနေဖြင့် အသွားအလာ ကန့်သတ်ခြင်းများ အပါအဝင် ပြည်သူလူထုလှုပ်ရှားမှု ကန့်သတ်ခြင်းများကို  ပြင်းပြင်းထန်ထန် ဆောင်ရွက်ခဲ့ကြရသည်။ ကမ္ဘာ့ကပ်ရောဂါများသည် ပြည်သူ့ကျန်းမာရေး   အရေးပေါ်အခြေအနေ ဖြစ်ပေါ်စေရခြင်းမှာ ရောဂါပြင်းထန်ကာ  ဆေးရုံတက်ကုသမှုခံယူရနှုန်း မြင့်မားခြင်းကြောင့် အချိန်တိုအတွင်း ဆေးရုံဆေးခန်းများ ပြည့်လျှံသွားနိုင်ကာ ဆေးရုံတင်ကုသမှုခံယူနိုင်ခြင်းမရှိသဖြင့်  သေဆုံးမှုနှုန်းများ မြင့်တက်လာခြင်း၊ ဒုတိယအချက်အနေဖြင့်   ကပ်ရောဂါကိုယ်၌က ပြင်းထန်သဖြင့်ဆေးမတိုးဘဲ သေဆုံးနှုန်းမြင့်တက်စေခြင်းတို့ကြောင့် ဖြစ်သည်။  ကိုဗစ်-၁၉ ရောဂါမှာ ကူးစက်မှုနှုန်းမြန်ဆန်ကာ  ဆေးရုံတင် ကုသရမှုနှုန်းလည်း မြင့်မားစေသည့်အပြင် ရောဂါပြင်းထန်မှုကြောင့် သေဆုံးမှုနှုန်းလည်း မြင့်မားစေသည်ကို ပြီးခဲ့သည့် ကိုဗစ်-၁၉ ရောဂါကာလများတွင် တွေ့မြင်နိုင်ပါသည်။

ကပ်ရောဂါဘယ်လိုအဆုံးသတ်မလဲ

နည်းလမ်းနှစ်ခုရှိသည်။  ပထမတစ်ခုမှာ ကပ်ရောဂါဖြစ်စေသည့် ပိုးကို  အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း ဖြစ်သည်။  ဆိုလိုသည်မှာ ပိုးသည် ရှာဖွေရန်နှင့် ထိန်းချုပ်ကုသရန်လွယ်ကူလာခြင်း ဖြစ်သည်။ ဒုတိယ နည်းလမ်းမှာ  ရောဂါပိုးကိုလူများက ယဉ်ပါးလာကြခြင်းဖြစ်သည်။     မျိုးဗီဇဆင့်ကဲ ပြောင်းလဲမှုများ ဖြစ်လာသောအခါ ရောဂါလက္ခဏာ ပြင်းထန်မှုလျော့ကျခြင်း၊ ဆေးရုံတက်ရောက်ကုသရမှု လျော့ကျလာခြင်းတို့ ဖြစ်လာခြင်းဖြစ်သည်။ ယခုအချိန်တွင်   ကိုဗစ်-၁၉ ရောဂါသည်  ဒုတိယ လမ်းကြောင်းသို့ ရွေ့လျားနေပုံရသည်။ ၎င်းသည် ကမ္ဘာ့ကပ်ရောဂါမှ  ဒေသန္တရကပ်ရောဂါအဖြစ်သို့ ကူးပြောင်းနေသည်။  ဤအကူးအပြောင်းသည် ၂၀၂၁ ခုနှစ် နှောင်းပိုင်းတွင်   အိုမီခရွန်မျိုးကွဲထွက် ပေါ်လာပြီးသည့်နောက်ပိုင်း စတင်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအခြေအနေ

မြန်မာနိုင်ငံတွင်  ကိုဗစ်-၁၉ ရောဂါသည် ပထမလှိုင်းနှင့် ဒုတိယလှိုင်းတို့တွင်  ပြင်းထန်မှုမရှိဘဲ  ကျန်းမာရေးစောင့်ရှောက်မှုစနစ်အပေါ်တွင်လည်း များစွာ သက်ရောက်မှုမရှိခဲ့ပါ။ ထို့နည်းတူ ရောဂါဖြစ်ပွားမှု၊ သေဆုံးမှုများမှာလည်း  အထိုက်အလျောက်သာ ရှိခဲ့သည်။  တတိယလှိုင်းကာလတွင်မူ ကိုဗစ်-၁၉  ဗိုင်းရပ်ပိုးသည် ဒယ်တာမျိုးကွဲသစ်ဖြစ်လာသည့်နည်းတူ ကူးစက်မှုနှုန်းရော ရောဂါပြင်းထန်မှုပါ  ပိုမိုဆိုးရွားလာသဖြင့်  ဆေးရုံ၊ ဆေးခန်းများ မနိုင်မနင်းဖြစ်ကာ  သေဆုံးမှုများလည်း  များပြားလာခဲ့သည်။ သို့သော် ၂၀၂၂ ခုနှစ်  ဇန်နဝါရီလတွင် အိုမီခရွန်ကြောင့်ဖြစ်သော စတုတ္ထလှိုင်းကာလတွင်မူ ဂျပန်နှင့် ဟောင်ကောင် အပါအဝင်အခြားသော အာရှနိုင်ငံများနှင့်မတူညီဘဲ   အိုမီခရွန်ကူးစက်မှုများကို တည်ငြိမ်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။  ထိုသို့ကျော်ဖြတ်နိုင်ခဲ့ခြင်းမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပြီးစီးမှု ရာခိုင်နှုန်းများခြင်း၊ ယခင်ကိုဗစ်လှိုင်းများတွင် ကူးစက်ခံရသူ များပြားခဲ့သောကြောင့်  ကိုယ်ခံစွမ်းအားများ အထိုက်အလျောက်ရှိနေခြင်း တို့ကြောင့် ဖြစ်သည်။ လက်ရှိအချိန်တွင် BA.5 မျိုးကွဲကူးစက်မှုများ နေ့စဉ်နှင့်အမျှရှိနေသေးသော်လည်း တစ်ပြည်လုံး အတိုင်းအတာကူးစက်မှုများမှာ မြင့်တက်လာခြင်း မရှိသည့်အပြင် သေဆုံးမှုနှင့် ရောဂါပြင်းထန်မှုများ အလွန်နည်းပါးကြောင်း တွေ့ရှိရသည်။  ဤရလဒ်မှာ ပြည်သူများအနေဖြင့်  အိုမီခရွန်နှင့် ဒယ်တာ မျိုးကွဲများအတွက် သိသာထင်ရှားသော Hybrid Immunity ခံနိုင်ရည်ရှိလာခြင်းနှင့်  အထူးသဖြင့် လူနေထူထပ်သော မြို့ပြဒေသများတွင်  ကာကွယ်ဆေးထိုးနှံပြီးသူ လူဦးရေမြင့်တက် လာခြင်းတို့ကြောင့် ဖြစ်ကြောင်း တွေ့ရှိရသည်။ Hybrid Immunity သည်  ယခင်ကူးစက်မှု အများအပြားဖြစ်ခဲ့ခြင်းနှင့် ကာကွယ် ဆေးထိုးနှုန်း မြင့်မားခြင်းတို့ကြောင့် ကျွန်ုပ်တို့ တွေ့မြင်နေရသည့် လူ့အဖွဲ့အစည်းတစ်ခုအတွင်းတွင်  လူဦးရေတစ်ခုလုံးအနေဖြင့်  ခုခံအားစနစ်ကောင်းမွန်လာစေခြင်းပင်ဖြစ်သည်။   ထို့ကြောင့် မြန်မာနိုင်ငံတွင် ဉာငခမသည မျိုးကွဲစိတ်များ ကူးစက်မှုကြောင့်ဖြစ်သော ကိုဗစ်လှိုင်းသည် ယခင်ကိုဗစ်လှိုင်းများလောက် ဆိုးရွားပြင်းထန်ခြင်းမရှိသည်ကို တွေ့ရခြင်းဖြစ်သည်။

အရေးကြီးဆုံးသည်  အားဖြည့်ကာကွယ်ဆေးများထိုးနှံခြင်း

ဤအခြေအနေကို ထောက်ရှုခြင်းအားဖြင့် ကျွန်ုပ်တို့သည်  ယခုအချိန်တွင်  ကျွန်ုပ်တို့ပိုင်ဆိုင်သော Hybrid Immunity မျိုးစပ်  ကိုယ်ခံစွမ်းအားကို သက်တမ်းရှည်ကြာစေရန်အတွက်  ကာကွယ်ဆေးထိုးနှံမှုနှင့် Booster ထိုးနှံမှုများကို  အရှိန်တိုးမြှင့် လုပ်ဆောင်ရန် လိုအပ်သည်။  ပြီးခဲ့သော  လပိုင်းအတွင်း ရောဂါကူးစက်မှုများ အနည်းငယ်ပြန်လည်မြင့်တက်လာခြင်းသည် လူဦးရေအတွင်း  အဆိုပါ Hybrid Immunity စွမ်းအားကျဆင်းလာမှုကို ညွှန်းပြနေသည်။ သို့သော်လည်း စိုးရိမ်ဖွယ်အခြေအနေအထိ ကျဆင်းလာခြင်းမျိုးမဟုတ်ပါ။  ပဋိပစ္စည်းထုတ်လုပ်သည့် ဆဲလ်များ   အခြေပြုကိုယ်ခံစွမ်းအားစနစ်မှာ ကူးစက်မှုများပြားလာသည်နှင့်အမျှ ပိုမိုအားကောင်းသန်မာ လာသောကြောင့်ဖြစ်သည်။ ဆိုလိုသည်မှာ ပဋိပစ္စည်း (Antibodies)သည်  လူ့ခန္ဓာကိုယ်တွင် အချိန်ကာလတစ်ခု၌ လျော့နည်းသွားကာ ကူးစက်မှုကို   မခုခံမကာကွယ်နိုင်သော်လည်း အဆိုပါပဋိပစ္စည်းထုတ်လုပ်ပေးနိုင်သည့် ဆဲလ်များကမူ ဗိုင်းရပ်ပိုးအား မှတ်သားထားပြီးဖြစ်သောကြောင့် ပိုးဝင်လာပါက ပဋိပစ္စည်းများကို ချက်ချင်း ထုတ်လုပ်နိုင်စွမ်းရှိသည်။  အဆိုပါ  ဆဲလ်များ၏ သက်တမ်းသည်ရှည်သဖြင့်  အချိန်ကာလပိုမိုကြာရှည်စွာ  ခုခံစွမ်းအားစနစ်ကို ပံ့ပိုးနိုင်မည်ဖြစ်သည်။

ယခုအချိန်တွင် ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါသည် ဒေသန္တရရောဂါ အဆင့်သို့ ကျဆင်းသွားမည်ဆိုသော်လည်း ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်နေရဦးမည် ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ Positive လူနာများကို ဆေးစစ်မှုနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် ဆက်လက်တောင့်ခံထားရဦးမည်ဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေးဝန်ထမ်းများအား လေ့ကျင့်ပေးရန်လိုအပ်သည်။ တစ်ပြိုင်နက်တည်းမှာပါ  ကျန်းမာရေးဝန်ထမ်းများသည်လည်း လူသားများဖြစ်သည့်အတွက် အိုမီခရွန်ရောဂါ ကူးစက်မှုဒဏ်ခံနိုင်ရန် ြိုးပမ်းနေကြဆဲဖြစ်သည်။ ပြည်သူများကူးစက်ခံရပါက  နေအိမ်တွင်သာ ကုသနိုင်ရန် အိမ်သုံးဆေးဝါးများကို ဈေးကွက်အတွင်း အလျဉ်မီအောင် ဖြည့်ဆည်းထားရှိပေးရန် လိုအပ်မည် ဖြစ်သည်။ အလားတူပင် ရောဂါကူးစက်ခံရပြီးနောက် ရေရှည်တွင် နောက်ဆက်တွဲ ဖြစ်ပွားလာနိုင်သည့် ရောဂါများကို  ကောင်းမွန်စွာကုသပေးနိုင်ရန် အတွက်လည်း ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့အစည်းများနှင့် ဆေးရုံ၊ဆေးခန်းများအနေဖြင့် အဆင်သင့်ပြင်ထားရမည်ဖြစ်သည်။

ဒေသန္တရကပ်ရောဂါအဆင့်ရောက်ပြီလား

လက်ရှိအခြေအနေတွင် အများစုမေးမြန်းလေ့ရှိသည့် မေးခွန်းမှာ ကမ္ဘာလုံးဆိုင်ရာ  ကိုဗစ်ကပ်ရောဂါသည်  မည်သည့်အချိန်တွင် ဒေသန္တရကပ်ရောဂါ အဆင့်သို့ ရောက်ရှိမည်လဲဆိုသည့် အချက်ပင်ဖြစ်သည်။ ထိုမေးခွန်းအတွက် အဖြေမှာ  ကူးစက်ခံရမှု ကိန်းဂဏန်းအတက်အကျနှင့် သက်ဆိုင်ခြင်းရှိမည်မဟုတ်ပါ။ မိမိအမြင်အရ ဆိုရလျှင် ကိုဗစ်-၁၉ ရောဂါသည် နိုင်ငံများ၏ ကျန်းမာရေး စောင့်ရှောက်မှုအခြေခံ အဆောက်အဦများကို  ခြိမ်းခြောက်နိုင်သည့် အနေအထား မရှိတော့ဘူးဆိုလျှင်  ဒေသန္တရကပ်ရောဂါ အဆင့်ဖြစ်ပြီဟု ဆိုနိုင်မည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ သည် လူဦးရေအများအပြားကို ကူးစက်လျက်ရှိပြီး သေဆုံးမှုများလည်း  ရှိနေဆဲဖြစ်သည်။ သို့သော် ကူးစက်ခံရသူအများစုမှာ  အသက်ရှင်ကျန်ရစ်ပြီး အများစုမှာ နေအိမ်တွင်ကုသခြင်းဖြင့်  ပြန်လည် ကောင်းမွန်လာပါက ကပ်ရောဂါ၏ဗဟိုချက်ဖြစ်သော ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေအဖြစ်သို့ ရောက်ရှိမည်မဟုတ်တော့ပါ။

 မည်သို့ပင်ဆိုစေကာမူ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုသည်  မိမိတို့လူသားများအတွက် အတွေ့အကြုံကောင်းများကို ရရှိစေခဲ့သည်။ လက်ရှိအခြေအနေတွင်  မိမိတို့အနေဖြင့်  ကိုဗစ်-၁၉ ရောဂါကို ကြောက်ရွံ့နေရန် မလိုအပ်တော့ပါ။ ကိုဗစ်-၁၉ သည် အိုမီခရွန်မျိုးကွဲ  ထွက်ပေါ်လာချိန်မှစ၍ ကမ္ဘာလုံးဆိုင်ရာ  ကပ်ရောဂါအဆင့်မှ ဒေသန္တရကပ်ရောဂါအဆင့်သို့  တဖြည်းဖြည်းကူးပြောင်းနေပြီဖြစ်သည့် အတွက် မိမိတို့အနေဖြင့် ထိုကူးပြောင်းမှုကို ကာကွယ်ဆေးထိုးနှံခြင်းဖြင့်  အရှိန်မြှင့်စက်တပ်ပေးရန်သာ လိုအပ်မည်ဖြစ်ပါတော့သည်။    ။

ကိုဇေ