နေပြည်တော် အောက်တိုဘာ ၁၆
မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးပူးတွဲကော်မတီ၏ သတ္တမအကြိမ် နှစ်နိုင်ငံအဆင့်မြင့်အရာရှိကြီးများအဆင့် (Senior Officials' Meeting) အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ Video Conferencing စနစ်ဖြင့်ကျင်းပရာ မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း နှင့် အိန္ဒိယနိုင်ငံဘက်မှ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ကူးသန်းရောင်း ဝယ်ရေးဦးစီးဌာန Joint Secretary Mr. Anant Swarup တို့က ဦးဆောင်ပြုလုပ်သည်။
အဆိုပါ အဆင့်မြင့်အရာရှိကြီးများအဆင့် (Senior Officials' Meeting) အစည်းအဝေးတွင် ယခင်နှစ် များ၏ နှစ်နိုင်ငံကုန်သွယ်မှုအခြေအနေတို့ကို ပြန်လည်သုံးသပ်ကာ နှစ်နိုင်ငံကုန်သွယ်မှုပမာဏ တိုးတက်စေ ရေး၊ ပဲမျိုးစုံအပါအဝင် မြန်မာပို့ကုန်များ အိန္ဒိယနိုင်ငံသို့ ပိုမိုတင်ပို့နိုင်ရေးနှင့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ကုန်သွယ်မှုတိုးတက်စေရန်အတွက် ယခင်ထက် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်သည့် နယ်ပယ်များကို ဖော်ထုတ် ခဲ့ကြပြီး မြန်မာနိုင်ငံသို့ အိန္ဒိယနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာနိုင်ရေး၊ မြန်မာ့အထည်အလိပ် ကဏ္ဍ ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်ရေးအတွက် အိန္ဒိယနိုင်ငံမှ ပူးပေါင်းပါဝင်ထောက်ပံ့ကူညီနိုင်ရေး၊ မြန်မာ-အိန္ဒိယ ကုန်သွယ်မှုလမ်းကြောင်း တစ်လျှောက် ကုန်စည်စီးဆင်းမှု လျင်မြန်စေရေးနှင့် ကုန်သွယ်မှု လမ်းကြောင်းတစ်လျှောက်ရှိ လမ်း/တံတားများ အဆင့်မြှင့်တင်နိုင်ရေး၊ ဌာနဆိုင်ရာဝန်ထမ်းများ စွမ်းဆောင် ရည်မြှင့်တင်နိုင်ရေးနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍတို့တွင် အိန္ဒိယနိုင်ငံမှ နည်းပညာများ ထောက်ပံ့ပေးနိုင်ရေး တို့ကို ဆွေးနွေးကြသည်။
ယခုအစည်းအဝေးသည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ခိုင်မာသည့် ချစ်ကြည်ရင်းနှီးမှုအရ နှစ်နိုင်ငံ ကုန်သွယ်မှု ပိုမိုချောမွေ့စေရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးနိုင်ခဲ့ကြပြီး နှစ်နိုင်ငံစလုံးအတွက် အပြန်အလှန် အကျိုးဖြစ်ထွန်းကာ အောင်မြင်သည့် အဆင့်မြင့်အရာရှိကြီးများ အဆင့်အစည်းအဝေးတစ်ခု ဖြစ်ကြောင်း သိရသည်။
(၅၀၀)