နေပြည်တော်၊ အောက်တိုဘာ - ၁၇
ဘုန်းတော်ကြီး ကျောင်းများနှင့် သာသနာနွယ်ဝင် သီလရှင်ကျောင်းများ၌ ဆွမ်း၊ ကွမ်းအဆင်ပြေစေရေးအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင်သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် (၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများအား ဆောင်ရွက်လျက်ရှိ သည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တို့တွင် မြို့နယ်စုစုပေါင်း ၉ မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင်သီလရှင် စာသင်တိုက်များနှင့် ဘာသာရေးကျောင်းများ၊ စုစုပေါင်း ၁၅ ကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများ အားလည်းကောင်း၊ မြို့နယ်စုစုပေါင်း ၅၆ မြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်စာသင်တိုက်စုစုပေါင်း ၁၅၈ ကျောင်းရှိ ဆရာတော်သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား နေ့ဆွမ်းများအားလည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်၍ဆက်ကပ်လှူဒါန်းကြသည်။
ထို့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်းရှိ မြို့နယ်ပေါင်း ၈ မြို့နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နှင့် ကယားပြည်နယ် အတွင်းရှိ မြို့နယ်ပေါင်း ၄ မြို့နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ မွန်ပြည်နယ်၊ ပေါင်မြို့နှင့် သံဖြူဇရပ်မြို့၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့၊ တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်း ၃ မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၇ မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နှင့် မော်လမြိုင်ကျွန်းမြို့၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်တို့၌ တပ်မတော်မှ ဆေးအဖွဲ့များက ဆရာတော်သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူများအား လိုအပ်သည့်ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။