ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင် အသင်း၌ မီးလင်းအခေါက်ရွှေ ရောင်းချမည်

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင် အသင်း၌ မီးလင်းအခေါက်ရွှေ ရောင်းချမည်

ရန်ကုန်  အောက်တိုဘာ  ၈

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်အသင်း လပတ် အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကို ယနေ့တွင်  အသင်းရုံး၌ ကျင်းပရာ အခမ်းအနားတွင် အသင်းနာယက ဦးဆန်းလွင်က   အဖွင့်အမှာစကား ပြောကြားသည်။  ထို့နောက်  အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က အမှာစကား ပြောကြားပြီး မီးလင်းအခေါက်ရွှေ အတုံးအခဲ ရောင်းချနိုင်ရေးအတွက်   အလုပ်အမှုဆောင် အဖွဲ့ဝင်များက    ဝိုင်းဝန်း ဆွေးနွေးကြသည်။

အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ မီးလင်း အခေါက်ရွှေ အတုံးအခဲ ၁၀ ပိဿာကျော်ကို အောက်တိုဘာ ၁၂ ရက်မွန်းလွဲ ၁ နာရီမှ ၃ နာရီထိ (ရွှေလုပ်ငန်းရှင် အသင်းဝင်များမှအပ) မည်သူမဆို ရွှေ ၁ ကျပ်သားမှ ၁၀ ကျပ်သားအထိ တစ်ကြိမ်စီ ဝယ်ယူနိုင်မည်ဖြစ်သည်။

ဝယ်ယူလိုသူများ အနေဖြင့် မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်း မိတ္တူနှင့်အတူ ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင် အသင်းရုံး တည်ရှိရာ ပန်းဘဲတန်းမြို့နယ် ရွှေဘုံသာလမ်းတွင် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။