နိုင်ငံပေါင်း ၁၄ နိုင်ငံသို့ နိုင်ငံတကာအဆင့်မီ မြန်မာ့ကော်ဖီများ တင်ပို့နေ

နိုင်ငံပေါင်း ၁၄ နိုင်ငံသို့ နိုင်ငံတကာအဆင့်မီ မြန်မာ့ကော်ဖီများ တင်ပို့နေ

ရန်ကုန်  အောက်တိုဘာ  ၈

ရေခံမြေခံကောင်းသော မြန်မာနိုင်ငံတွင် ကုန်းမြင့်ကော်ဖီနှင့် မြေနိမ့်ကော်ဖီကို စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ကမ္ဘာ့နိုင်ငံပေါင်း ၁၄ နိုင်ငံသို့ နိုင်ငံတကာအဆင့်မီသော မြန်မာ့ ကော်ဖီများ တင်ပို့လျက်ရှိကြောင်း ပြင်ဦးလွင် ကော်ဖီနည်းပညာ ဖွံ့ဖြိုးရေးခြံ(ပွေးတောင်)မှသိရသည်။

မြန်မာနိုင်ငံတွင် စိုက်ပျိုးထွက်ရှိသော အာရေးဗီးကားကော်ဖီနှင့် ရိုဘက်စတာ ကော်ဖီနှစ်မျိုးသည်  သောက်သုံးမှုအနံ့၊  အရသာနှင့် သမိုင်းကြောင်း ကောင်းမွန်မှုကြောင့် ကမ္ဘာတွင်  သောက်သုံးမှုစံနှုန်း သတ်မှတ်ချက် အမှတ်ပေးစနစ်ဖြစ်သော Speciality Coffee Association of America (SCAA)  မှ ကုန်းမြင့်တွင် စိုက်ပျိုးသည့် အာရေးဗီးကား ကော်ဖီကို ၈၉ မှတ်နှင့် မြေနိမ့်ဒေသတွင်စိုက်ပျိုးသော ရိုဘတ်စတာကော်ဖီကို ၉၂ မှတ်ဖြင့် နိုင်ငံတကာအဆင့်မီ မြန်မာ့ကော်ဖီအဖြစ် လက်ခံထားလျက်ရှိသည်။ နိုင်ငံတကာစံနှုန်းတွင် အမှတ် ၆၀ ရရှိသော ကော်ဖီကို သာမန်ကုန်သွယ်မှုပြုလုပ်သော ကော်ဖီအဖြစ် လည်းကောင်း၊ ၇၀ အမှတ်နှင့်အထက် ရရှိသောကော်ဖီကို နိုင်ငံတကာတန်းဝင် ကော်ဖီ အဖြစ်လည်းကောင်း ကမ္ဘာ့နိုင်ငံများက လက်ခံထားသည်။

ပြင်ဦးလွင် Coffee   Knowledge Center  တွင် စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီရာသီ သီးနှံဌာနခွဲနှင့် မြန်မာနိုင်ငံကော်ဖီ အသင်းတို့ ပူးပေါင်း၍ အောက်တိုဘာ ၅ ရက်နှင့် ၆ ရက်တို့တွင် သောက်သုံးသူ အရည်အသွေးဆန်းစစ်သော အခြေခံသင်တန်းကို ဖွင့်လှစ်ပြီး  အပြစ်အနာအဆာမပါသော ကော်ဖီကို ကျွမ်းကျင်စွာ ထုတ်လုပ်နိုင်သော အဆင့် Cre- ၊ Pre-Test သင်တန်းတက်ရောက်၍ သင်တန်းဆင်း လက်မှတ်ရရှိကာ ထိုသင်တန်းဆင်း လက်မှတ်ရရှိထားသူများက ပြန်လည်သင်ကြား ပို့ချလျက်ရှိသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသောကော်ဖီကို    UK ၊ အမေရိကန်၊ နယ်သာလန်၊ နယူးဇီလန်၊ သြစတြေးလျ၊ ဂျာမနီနှင့် ဂျပန်၊ တရုတ်၊ ကိုရီးယား၊ ထိုင်ဝမ်(တရုတ်)၊ ထိုင်းနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံတို့မှ  ဝယ်ယူလျက်ရှိပြီး   ကုန်သွယ်မှုပုံစံဖြင့် ထုတ်လုပ်မှုထက် အရည်အသွေးပြည့်မီစွာ ထုတ်လုပ်မှုဖြင့် နိုင်ငံခြားဝင်ငွေရရှိရန် ကော်ဖီစိုက်တောင်သူများ ကြိုးပမ်းလျက် ရှိသည်။ ပြည်တွင်း၌ ကော်ဖီယဉ်ကျေးမှု ပိုမိုထွန်းကားလာလျက်ရှိရာ မန္တလေးမြို့တွင် တစ်လလျှင် ကော်ဖီဆိုင်လေးဆိုင်မှ ငါးဆိုင်အထိ ဖွင့်လှစ်လာလျက်ရှိပြီး ရန်ကုန်မြို့တွင်လည်း အသင့်သောက်ကော်ဖီထုပ် သောက်သုံးမှုမှ ကော်ဖီစစ်စစ်ကို အသုံးပြုရောင်းချသော ကော်ဖီထုပ်၊ ကော်ဖီဆိုင်၊ ကော်ဖီဘားတို့တွင် သောက်သုံးမှုများလာကာ ဆိုင်များတိုးချဲ ဖွင့်လှစ်လာမှုဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုပွင့်လန်းခဲ့သည်။ 

ကော်ဖီသည်   ကမ္ဘာ့ကုန်သွယ်မှုတွင် နံပါတ်(၁) ရေနံပြီးပါက ဒုတိယကုန်သွယ်မှု အများဆုံး ပို့ကုန်တစ်ခုဖြစ်ပြီး   နေ့စဉ်သောက်သုံးနေသော ရေနှင့်အဖျော်ယမကာ ပြီးလျှင် ဒုတိယအများဆုံး သောက်သုံးလျက် ရှိသည်။ ပြင်ဦးလွင်တွင် တစ်နှစ်လျှင် ကော်ဖီမက်ထရစ်တန် ၅၀၀၊ ရွာငံတွင် မက်ထရစ်တန် ၇၀၀ ထွက်ရှိ၍ ရှမ်းပြည်နယ်မှ အများဆုံးထွက်ရှိကာ နိုင်ငံပေါင်း ၁၄ နိုင်ငံသို့ တင်ပို့လျက်ရှိပြီး    ပြည်တွင်း စိုက်ပျိုးထုတ်လုပ်မှု    ပိုလျှံသောကြောင့် နိုင်ငံခြားဝင်ငွေ ပိုမိုရရှိရန်     ကြိုးစား လုပ်ဆောင်နိုင်သော   အခွင့်အလမ်းများစွာ စောင့်ကြိုလျက် ရှိကြောင်း သိရသည်။