အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါ လုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ် အရေးယူ

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါ လုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ် အရေးယူ

နေပြည်တော် အောက်တိုဘာ ၈

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထား သော CRPH ၊ NUG နှင့်  ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့ နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည်  နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို  လူမှုကွန်ရက်များမှ တစ်ဆင့် နည်းမျိုးစုံဖြင့်ပြုလုပ်လျက် ရှိပါသည်။

ပြည်သူများအနေဖြင့်   ယင်းတို့၏ လှုံ့ဆော်မှု၊  ဝါဒဖြန့်မှုများအပေါ်  မသိနားမလည်၍ဖြစ်စေ၊  ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူ အနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီ ခြင်းများပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့်သက်ဆိုင် သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး   ပြစ်မှုထင်ရှားစီရင်ခြင်း ခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင်  နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေးသတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

ထိုကဲ့သို့အသိပေးသတင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်သော်လည်း  မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်နေ ဇော်မိုးထိုက် သည် ၎င်းအသုံးပြုသည့် “Zaw Moe Htike” Facebook အကောင့်၊ တောင်သာမြို့နယ်၊ ကန်မြဲကျေးရွာနေ နေအောင်ထက် သည် ၎င်းအသုံးပြုသည့် “Nay Aung Htet” Facebook အကောင့်တို့သည် အသိပေး သတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊  ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့် အတွက်   တရားဥပဒေနှင့်အညီ  ဖမ်းဆီး ထိန်းသိမ်းအမှုဖွင့်လှစ် အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။

ထိုကဲ့သို့ CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့ နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရ ယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊  ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှု အပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေး ယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း မိဘ ပြည်သူများ သိရှိနိုင်ရေး အသိပေး သတင်း ထုတ်ပြန်အပ်ပါသည်။