COVID-19 ရောဂါ ကြိုတင်ကာကွယ်ရာတွင် အခြေခံအကျဆုံးအသုံးပြုသည့် Mask များကို တပ်မတော်သားများက အခမဲ့ပေးဝေလှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၁၇
    
COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး ထိန်းချုပ်ကာကွယ်ရာတွင် အခြေခံအကျဆုံးမှာ Mask  များ တပ်ဆင်အသုံးပြုခြင်းပင်ဖြစ်ပြီး တပ်မတော်အနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး အရည်အသွေးကောင်းမွန်သည့်  Mask  များကို ပြည်သူများ လက်ဝယ်အရောက် အခမဲ့ပေးဝေလှူဒါန်းလျက်ရှိသည်။
    
ထိုသို့ပေးဝေလှူဒါန်းလျက်ရှိရာ အောက်တိုဘာ ၁၆ ရက်နှင့် ယနေ့တို့တွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်အနေဖြင့် Mask ၅၀၀၀ ခုကို တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ မြို့မစည်ပင်သာယာဈေး အဝင်/အထွက်နေရာများ၌ လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်အနေဖြင့် Mask ၂၀၀၀၀ ခုကို ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ အမှတ်(၁၇)ရပ်ကွက်၊ အမှတ်(၁၅)ရပ်ကွက်၊ အမှတ်(၁၃)ရပ်ကွက်နှင့် လှိုင်သာယာမြို့နယ်၊ အလယ်ရွာတို့၌လည်းကောင်း၊ အနောက် တောင်တိုင်းစစ်ဌာနချုပ်အနေဖြင့် Mask ၂၀၀၀ ခုကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကမ်းနားလမ်း၊ အောင်ဧရာဈေး၊ အောင်ရတနာဈေးနှင့် မြေနုတံတားဆိပ်ကမ်း နေရာများ၌ လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့်  Mask  ၂၀၀၀ ခုကို ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အရှေ့ဘက်မုခ်ဦးအဝင်ပေါက်နှင့် ပုတီးကုန်းမြို့၊ ချမ်းမြေ့ သာယာရပ်ကွက် တို့၌လည်းကောင်း ဒေသခံပြည်သူများ၏ နေအိမ်များနှင့် ဖြတ်သန်း သွားလာလျက်ရှိသော ပြည်သူတစ်ဦးချင်း၏ လက်ဝယ်အရောက် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူ များနှင့် နယ်မြေခံတပ်မတော်သားများက အခမဲ့ပေးဝေလှူဒါန်းခြင်းနှင့် ဒေသခံပြည်သူများ၏ နေအိမ်များသို့ သွားရောက်ပို့ဆောင်ပေးခြင်းများ အသီးသီး ဆောင်ရွက်ပေးသည်။
    
COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကာကွယ်တားဆီးရေးတွင် အထောက် အကူဖြစ်စေရန်အတွက် အရည်အသွေးကောင်းမွန်သည့် Mask များကို ပြည်သူများလက်ဝယ် အရောက် သက်ဆိုင်ရာနယ်မြေခံတပ်မတော်သားများက အခမဲ့ဆက်လက်ဖြန့်ဝေလှူဒါန်းသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။