တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဘုရား၊ စေတီပုထိုးများ၌ အများပြည်သူများ စိတ်အေး ချမ်းသာစွာ ဖူးမြော်ကြည်ညို၊ အပန်းဖြေနေရာများ၌ အများပြည်သူများဖြင့် စည်ကား
နေပြည်တော်၊ အောက်တိုဘာ - ၉
ယနေ့သည် ၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော် နေ့ဖြစ်သည်နှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီ၊ ပုထိုး များ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်ကြည်ညိုခြင်း၊ တရားဘာဝနာ ပွားများ ကျင့်ကြံအားထုတ်ခြင်း၊ ဒါနပြုကုသိုလ်ယူ သီလတည်ဆောက်ခြင်း၊ အထင်ကရနေရာများ၊ ပန်းခြံများ၊ အပန်းဖြေနေရာများ၌ အပန်းဖြေခြင်းတို့ဖြင့် အထူးစည်ကားလျက်ရှိသည်။
ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေရှိ ဉပ္ပါတသန္တိစေတီတော်မြတ်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးရှိ ရွှေတိဂုံ စေတီတော်မြတ်ကြီး၊ မန္တလေးမြို့ရှိ မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ၊ မိဘ ပြည်သူများက ဝါကျွတ်ကာလ အခါသမယအဖြစ် ဆီမီးများ ပူဇော်ခြင်းနှင့် ဖူးမြော် ကြည်ညိုခြင်းများကို ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖူးမြော် ကြည်ညို ကုသိုလ်ယူခဲ့ကြသည်။ ၎င်းအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ သက်ကြီး အဘိုးအဘွားများအား ပူဇော်ကန်တော့၍ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းများ၊ အာဟာရဖြည့် စားသောက်ဖွယ်ရာများ ကျွေးမွေးခြင်းများ၊ ဘုရားဖူးလာ မိဘပြည်သူများအား စတုဒီသာကျွေးမွေးခြင်းများကိုလည်း မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်လာများနှင့် အညီ ပြုလုပ်ခဲ့ကြသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များမှ လမ်းများပေါ်တွင်လည်း ဘုရားဖူးပြည်သူများ၊ အပန်းဖြေ ခရီးသွားရောက်သူများဖြင့် စည်ကားလျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပန်းခြံများ၊ အပန်းဖြေ ဉယျာဉ်များနှင့် ကမ်းခြေများ၌လည်း သီတင်းကျွတ် ရုံးပိတ်ရက် လာရောက် အပန်းဖြေ အနားယူကြသူများဖြင့် အထူးစည်ကား များပြားလျက်ရှိသည်။
အလားတူ ညပိုင်းတွင်လည်း နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး အနီးရှိ တပေါင်းကွင်းနှင့် ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်တို့၌လည်း FIREWORK အမျိုးအစား မီးရှူးမီးပန်းများကို ဝါကျွတ်ကာလ အခါသမယအဖြစ် ပစ်ဖောက်ပူဇော် ခဲ့ရာ အများပြည်သူများ အနေဖြင့် စိတ်ဝင်တစားလာရောက် ကြည့်ရှုလေ့လာခဲ့ကြပြီး အမှတ်တရ ဓာတ်ပုံရိုက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
ထို့အပြင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်း အတွင်းရှိ လမ်းများနှင့် ပန်းအလှသစ်ပင်များတွင် ရောင်စုံမီးအလှများ တပ်ဆင်ခြင်း၊ မီးရောင်စုံများ တပ်ဆင် ထားသည့် ပုံစံငယ်များဖြင့် မီးအလှများ ဆင်ယင်ထားသကဲ့သို့ နေပြည်တော်၊ ရေပန်း ဥယျာဉ်တွင်လည်း ရောင်စုံမီးများ တပ်ဆင်ထားပြီး လာရောက် အပန်းဖြေသူများဖြင့် စည်ကားများပြားလျက်ရှိသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး၌လည်း ဆီမီး ၅၀၀၀ ပူဇော်ထွန်းညှိခြင်းများကို စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး ဥယျာဉ်၊ ပန်းခြံများနှင့် အများပြည်သူအပန်း ဖြေနေရာများတွင်လည်း ရောင်စုံမီးများဖြင့် မီးအလှများ တပ်ဆင်ထားရှိကာ ပြည်သူများလာရောက် အနားယူ အပန်းဖြေလျက် ရှိကြကြောင်း သတင်းရရှိသည်။