မြန်မာ့ငရုတ်အစို ဝယ်ယူရန် စင်ကာပူနိုင်ငံက ကမ်းလှမ်းလာသဖြင့် ငရုတ်ထွက်ရှိချိန်တွင်​​​​​​​  စမ်းသပ် တင်ပို့မည်

မြန်မာ့ငရုတ်အစို ဝယ်ယူရန် စင်ကာပူနိုင်ငံက ကမ်းလှမ်းလာသဖြင့် ငရုတ်ထွက်ရှိချိန်တွင်  စမ်းသပ် တင်ပို့မည်

မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသော ငရုတ်အစိုကိုဝယ်ယူရန်  စင်ကာပူနိုင်ငံက ကမ်း လှမ်းလာသဖြင့်   ငရုတ်ထွက်ရှိချိန်တွင် စမ်းသပ် တင်ပို့မည်ဖြစ်ကြောင်း   မြန်မာ့ငရုတ်သီးဈေးကွက်နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်ဥမ္မာကျော်၏ ပြောကြားချက်အရ သိရသည်။

ထိုသို့ကမ်းလှမ်းရာတွင် မိုးမျှော်ငရုတ်သီးကို ဝယ်ယူရန် ကမ်းလှမ်းခြင်းဖြစ်သော်လည်း  မိုးမျှော်ငရုတ်သီးမှာ  လက်ရှိတွင် ထွက်ရှိမှု  နည်းပါးနေသေးသောကြောင့် ဧရာဝတီတိုင်းဒေသကြီးမှ    ထွက်ရှိမည့် ငရုတ်များကို စမ်းသပ်တင်ပို့ရန် ဆွေးနွေးထားသည်။

“စင်ကာပူနိုင်ငံက  မြန်မာ့ငရုတ်အစိုကို ဝယ်ယူဖို့ ကမ်းလှမ်းလာတယ်။   ဒီအချိန်  မြန်မာနိုင်ငံ အထက်ပိုင်း   ဒေသဘက်မှာလည်း  ငရုတ်လက်ကျန်နည်းနေပြီ။   အဲဒီအတွက် ဧရာဝတီတိုင်း ဒေသကြီးဘက်က  ငရုတ်ထွက်ရှိတော့မှပဲ အရင်စမ်းသပ်တင်ပို့မယ်လို့ အကြောင်းပြန်ထားပါတယ်။ အခုမှစပြီး  ဝယ်ယူချင်တာဆိုတော့ မိုးမျှော်သီးတွေကို လိုချင်နေတယ်။    မိုးမျှော်သီးက ဒီဘက်မှာ   အထွက်နည်းနေသေးတယ်။ ဒါ့ပြင် ဆွတ်ခူးဖို့ အလုပ်သမားအခက်အခဲ ရှိတော့ ဧရာဝတီတိုင်း ဒေသကြီးဘက်က ထွက်ရှိတော့မှ သင်္ဘောနဲ့တင်ပို့မှာပါ” ဟု ဒေါ်ဥမ္မာကျော်ကပြောသည်။

ပြည်တွင်းမှငရုတ်များကို    မလေးရှား  နှင့် တရုတ်နိုင်ငံတို့ အပါအဝင် တခြားနိုင်ငံများသို့   တင်ပို့လေ့ရှိကြောင်း၊   ငရုတ်ကို မန္တလေးတိုင်းဒေသကြီး၊  ဧရာဝတီတိုင်း ဒေသကြီးနှင့်  မကွေးတိုင်းဒေသကြီးတို့၌ အဓိက စိုက်ပျိုးလေ့ရှိပြီး လတ်တလောတွင်  မန္တလေးတိုင်းဒေသကြီး ရမည်းသင်းဒေသမှ ငရုတ်များ ထွက်ရှိနေကြောင်း သိရသည်။