ပေါ့ဂ်ဘာကို စာချုပ်ပါသဘောတူညီထားမှုအရ မန်ယူ တစ်နှစ်စာချုပ်သက်တမ်းတိုး

ပြီးခဲ့သည့်ရက်ပိုင်းကပင်    ရီးယဲလ်သို့ ပြောင်းကစားခွင့်ရရေးသည် ဘဝ၏အိပ်မက်ဖြစ်ကြောင်း  ထပ်မံဖွင့်ပြောလာသော ပြင်သစ်ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကို မန်ယူအသင်းသည်  ယခင်စာချုပ်ပါ သဘောတူညီထားမှုအရ စာချုပ်သက်တမ်း တစ်နှစ်ထပ်တိုး လိုက်ပြီဖြစ်ကြောင်း  Dailymail သတင်းစာ ကဖော်ပြခဲ့သည်။

ပေါ့ဂ်ဘာကို မန်ယူအသင်း ဂျူဗင်တပ်စ်ထံမှ ပေါင် ၈၉ သန်းဖြင့် ခေါ်ယူခဲ့မှုတွင်  ယခုရာသီကုန်ချိန်၌  စာချုပ်သက်တမ်းကုန်ဆုံးမည့် ပေါ့ဂ်ဘာကို နောက်ထပ်တစ်နှစ်စာချုပ် သက်တမ်းတိုးခွင့်ပါ  ထည့်သွင်းသဘောတူ ထားခဲ့သည်။ ပေါ့ဂ်ဘာသည် လက်ရှိအနေအထားအတိုင်းဆိုလျှင်   လာမည့်ဇန်နဝါရီ ဈေးကွက်တွင်  နောက်ရာသီ ပြောင်းရွှေ့ချင်သည့်  အသင်းများနှင့် ကြိုတင်သဘောတူ နိုင်ခွင့်ရှိနေရာ မန်ယူအသင်း တာဝန်ရှိသူများသည်    ထိုသို့အဖြစ် မခံနိုင်သည့်အတွက်  ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး    တစ်နှစ်စာချုပ် သက်တမ်းထပ်တိုးလိုက်ခြင်း ဖြစ်သည်။

မန်ယူတွင် တစ်ပတ်လစာ ပေါင် ၂၉၀၀၀၀ ရရှိနေသော ပေါ့ဂ်ဘာနှင့်ပတ်သက်ပြီး နည်းပြဆိုးလ်ရှားက ပေါ့ဂ်ဘာက  ကျွန်တော်တို့ ကစားသမားပါ။ သူ့ရဲ့အကောင်းဆုံးပုံစံကို မြင်ရမှာပါ ဟုပြောသည်။

Ref:Dailymail