“သေဆုံးဒဏ်ရာရသူများနဲ့ပတ်သက်ပြီး နိုင်ငံတော်အစိုးရအနေနဲ့ အထူးဝမ်းနည်းကြောင်း ပြောလိုပါတယ်။ PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေအနေနဲ့ အခုဆိုရင် ဘုရားဖူးပြည်သူတွေကိုပါ လိုက်လံပစ်ခတ်တဲ့ အကြမ်းဖက်မှုမျိုးတွေ လုပ်ဆောင်လာတာကိုတွေ့ရပါတယ်။”

“သေဆုံးဒဏ်ရာရသူများနဲ့ပတ်သက်ပြီး နိုင်ငံတော်အစိုးရအနေနဲ့ အထူးဝမ်းနည်းကြောင်း ပြောလိုပါတယ်။ PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေအနေနဲ့ အခုဆိုရင် ဘုရားဖူးပြည်သူတွေကိုပါ လိုက်လံပစ်ခတ်တဲ့ အကြမ်းဖက်မှုမျိုးတွေ လုပ်ဆောင်လာတာကိုတွေ့ရပါတယ်။”

ကျိုက်ထီးရိုးဖြစ်စဉ်နှင့်ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏   ပြောကြားချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

မေး။            ။        ဒီနေ့နံနက်ပိုင်းက မွန်ပြည်နယ်ကျိုက်ထိုမြို့ရှိ   ကျိုက်ထီးရိုးဘုရားကို လာရောက်ဖူးမြော်တဲ့ ဘုရားဖူးပြည်သူများကို ပစ်ခတ်ခံခဲ့ရတယ်လို့ကြားသိရပါတယ်။  ဘုရားဖူးပြည်သူများ သေဆုံးဒဏ်ရာရရှိမှုများ ရှိတယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်နှင့်ပတ်သက်ပြီး   ဗိုလ်ချုပ်အနေနဲ့သတင်းထုတ်ပြန်ဖြေကြားပေးစေလိုပါတယ်။

ဖြေ။             ။        ဒီနေ့မနက် ၁၀ နာရီ ၂၅ မိနစ်အချိန်ခန့်မှာ ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာ ကျိုက်ထီးရိုးတောင်တက်တဲ့ မော်တော်ယာဉ်ဂိတ်အနီးမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။    အဲဒီဒေသမှာရှိတဲ့ ဒေသခံတွေ၊ မျက်မြင်တွေ ပြောပြချက်အရ  လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့စုံစမ်းချက်အရ အဲ့ဒီဘက်မှာရှိနေတဲ့ PDF  အကြမ်းဖက်အဖွဲ့  ၁၂ ဦးခန့်က  ကျိုက်ထိုမြို့နယ်  ဆောင်နိုင်ကြီးကျေးရွာဘက်ကနေ   ကားတစ်စီးနဲ့ ရောက်လာတယ်။    ရောက်လာပြီး  ကျိုက်ထီးရိုးတောင်တက် တောင်ဘက်ကားဂိတ် အရှေ့ဘက် ကိုက် ၅၀ ခန့်အကွာ  တောင်တက်ကားလမ်းပေါ်ကနေ ကားဂိတ်ဘက်ကို ၄၀ မမ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ကျိုက်ထီးရိုးဘုရားကို ဘုရားဖူးလာတဲ့ပြည်သူတွေထဲက အမျိုးသမီးသုံးဦးသေဆုံးခဲ့ပါတယ်။  ဘုရားဖူးလာတဲ့ အမျိုးသား ကိုးဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၁၉  ဦး ဒဏ်ရာရရှိခဲ့တယ်။ လုံခြုံရေးဆောင်ရွက်နေတဲ့  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရဲတပ်ဖွဲ့ဝင်တစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရပါတယ်။ ဒဏ်ရာရရှိတဲ့သူများကို ကျိုက်ထိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားပါတယ်။ ၁၁ နာရီ မိနစ် ၄၀ လောက်မှာ ကျိုက်ထိုပြည်သူ့ဆေးရုံကြီးကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။  လိုအပ်လာရင် တပ်မတော်ဆေးရုံတွေမှာ ပို့ဆောင်ကုသပေးဖို့ စီစဉ်လျက်ရှိပါတယ်။  ကျွန်တော် ပထမဦးဆုံးပြောလိုတာက သေဆုံးဒဏ်ရာရ သူများနဲ့ပတ်သက်ပြီး  နိုင်ငံတော်အစိုးရအနေနဲ့ အထူးဝမ်းနည်းကြောင်း ပြောလိုပါတယ်။ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေ အနေနဲ့ အခုဆိုရင် ဘုရားဖူးပြည်သူတွေကိုပါ လိုက်လံပစ်ခတ်တဲ့အကြမ်းဖက်မှုမျိုးတွေ လုပ်ဆောင်လာတာကို တွေ့ရပါတယ်။ ဒါတွေက   ဘာတွေနဲ့ဆက်စပ်နေသလဲဆိုတော့ မနေ့တစ်နေ့ကပဲ အကြမ်းဖက် NUG အဖွဲ့ရဲ့သမ္မတလို့ အမည်ခံထားတဲ့သူ ကိုယ်တိုင်က တိုက်ခိုက်မှုများ အရှိန်အဟုန်မြှင့်ပြီး ဆက်လုပ်သွားမယ်ဆိုတဲ့နောက်မှာ ပေါ်ထွက်လာတာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ NUG / CRPH /PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေကို ဆက်လက်ပြီးတော့ ပြတ်ပြတ်သားသား ချေမှုန်းနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကင်မွန်းချောင်းကျေးရွာမှာရှိတဲ့    ဘုရားဖူးဂိတ်ကို  ပစ်ခတ်ခဲ့တဲ့   အကြမ်းဖက် PDF သောင်းကျန်းသူတွေရဲ့ နောက်ကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံချေမှုန်းလျက် ရှိပါတယ်။ ပြည်သူလူထုအနေနဲ့ သီတင်းကျွတ်အခါ သမယမှာ မြန်မာ့ရိုးရာယဉ်ကျေးမှုအရ ဒီနှစ်မှာ ပိုမိုစည်ကားလာတာကိုတွေ့ရတယ်။ တန်ခိုးကြီးဘုရားတွေမှာဆိုလည်း သွားရောက်ဖူးမြော်နေတာရှိတယ်။ ဒါဟာ ရိုးရာအစဉ်အလာပဲ ဖြစ်ပါတယ်။ ဒါတွေကို ဆန့်ကျင်ပြီးလုပ်ရင် အမျိုးဘာသာသာသနာကိုပါ တိုက်ရိုက်ထိပါးစော်ကားတဲ့လုပ်ရပ်၊  အကြမ်းဖက်တဲ့ လုပ်ရပ်တွေဖြစ်ပါတယ်။   ပြည်သူလူထုအနေနဲ့ အကြမ်းဖက် NUG / CRPH /PDF အဖွဲ့တွေကို   ဝိုင်းဝန်းဆန့်ကျင်ကြဖို့၊  လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီး နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ တိုင်းပြည်ငြိမ်းချမ်းသာယာရေးကို    ဆက်လက်ဆောင်ရွက်သွားကြဖို့  ပြောလိုပါတယ်။   

ကျွန်တော်တို့အနေနဲ့လည်း လုပ်ဆောင်စရာရှိတဲ့  လုံခြုံရေးအရ လုပ်ဆောင်မှုတွေကို ပြတ်ပြတ်သားသား လုပ်ဆောင်သွားမယ်လို့   ပြောလိုပါတယ်။