၀င်းဂါး၏စာအုပ်တွင် သူ့အကြောင်းတစ်လုံးမျှမပါခဲ့ခြင်းကို မော်ရင်ဟိုခနဲ့ ဝင်းဂါးသည် မိမိကိုတစ်ခါမျှနိုင်ခဲ့ခြင်းမရှိ၍ စာအုပ်ထဲထည့်မရေးခြင်းဟု ပြော

အာဆင်နယ်အသင်းကို ၂၂ နှစ်ကြာ နည်းပြခဲ့ပြီး ၂၀၁၈ ခုနှစ်တွင်  အသင်းမှထွက်ခွာခဲ့ကာ ဖီဖာနည်းစနစ်  ဖွံ့ဖြိုးရေး အကြီးအကဲဖြစ်သည့် ပြင်သစ်နည်းပြကြီး အာစင်ဝင်းဂါးသည် ပြီးခဲ့သည့် ရက်ပိုင်းက ဘောလုံးနည်းပြဘ၀ အတွေ့အကြုံ များကို  ရေးသားဖော်ပြထားသော  ကိုယ်ရေး  အတ္ထုပ္ပတ္တိစာအုပ်ထုတ်ဝေခဲ့သည်။

ထိုစာအုပ်ထဲတွင် ဝင်းဂါးသည်  ဖာဂူဆန်နှင့် ပရီးမီးယားလိဂ်တွင်  ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး ရှိခဲ့ကြောင်း၊  တစ်ဦးနှင့်တစ်ဦး   ပွဲကစားစဉ် မုန်းတီးကြောင်း၊ ပွဲပြီးလျှင် လေးစားသမှုဖြင့်သာ ဆက်ဆံဖြစ်ကြောင်းနှင့် တခြားသော လူအများ မသိသေးသည့် ထူးခြားဖြစ်စဉ်များကို ရေးသား ဖော်ပြထားကြောင်း သိရသည်။

သို့သော်  ပရီးမီးယားလိဂ်တွင်  ဝင်းဂါးနှင့်မော်ရင်ဟိုတို့သည် နှစ်ပေါင်းအတော်ကြာ အခါးသီးဆုံးပြိုင်ဘက်များအဖြစ်  အချေအတင်စကားများ ခဲ့သော်လည်း ဝင်းဂါးသည်  စာအုပ်ထဲတွင်  မော်ရင်ဟိုအကြောင်း တစ်လုံးတစ်ပါဒမျှ ထည့်သွင်းရေးသားခဲ့ခြင်း မရှိခဲ့သည်ကို  မီဒီယာများက မည်သို့ကြောင့်ဖြစ်နိုင်သနည်းဟု မော်ရင်ဟိုအား မေးမြန်းခဲ့သည်။

ထိုမေးမြန်းမှုနှင့်ပတ်သက်ပြီး  လက်ရှိ စပါးနည်းပြမော်ရင်ဟိုက သူ ကျွန်တော့်ကို ဘယ်တုန်းကမှမနိုင်ခဲ့ဖူး။ ၁၂ ပွဲ ဒါမှမဟုတ် ၁၄ ပွဲလောက် ကစားပြီး  နိုင်ပွဲမရခဲ့တဲ့ ကျွန်တော့်အကြောင်းကို အခန်းခွဲတစ်ခုအနေနဲ့  ဘယ်ဖွဲ့နွဲ့ချင်မလဲ။ သူ့စာအုပ်ထဲမှာ ဘာကြောင့် ကျွန်တော့်အကြောင်း ဖော်ပြသင့်မလဲဗျာ။ ကျွန်တော့်အကြောင်းမပါတာကို  လုံးဝနားလည်ပေးနိုင်တာပေါ့ ဟု  ခနဲ့စကားဖြင့် တုံ့ပြန်ခဲ့သည်။

ပရီးမီးယားလိဂ်တွင် အောင်မြင်ခဲ့သည့် ဝင်းဂါးနှင့် မော်ရင်ဟိုတို့သည် တင်းမာသောဆက်ဆံရေး ရှိခဲ့သည့် ပြိုင်ဘက်များ ဖြစ်ပြီး မော်ရင်ဟိုသည် ချယ်လ်ဆီးသို့ စရောက်သည့် ၂၀၀၄ ခုနှစ်မှာပင် ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်နိုင်ခဲ့သည်။

၂၀၁၃ ခုနှစ်တွင်  မော်ရင်ဟို  ချယ်လ်ဆီးသို့ တစ်ကျော့ပြန်လည်ရောက်ရှိစဉ် အာစင်ဝင်းဂါးကို ပွဲပေါင်းများစွာရှုံးပြီး   ဖလားမရသည်မှာ ကြာသော်လည်း ရာထူးတည်မြဲ၍ ဘေးကင်းလုံခြုံဆုံး ရာထူးပိုင်ဆိုင်ထားသူဟုတစ်မျိုး ကျရှုံးခြင်း ပါရဂူဟုတစ်ဖန်   ထပ်မံဝေဖန် တိုက်ခိုက်ခဲ့ပြန်သည်။   သို့သော် ၂၀၁၅ ခုနှစ်တွင်  ဝင်းဂါး၏  အာဆင်နယ်သည် မော်ရင်ဟို၏ ချယ်လ်ဆီးကို ကွန်မြူနတီဒိုင်း၌ တစ်ကြိမ်နိုင်ခဲ့ပြီး  မော်ရင်ဟို မန်ယူကို နည်းပြစဉ် ၂၀၁၇ ခုနှစ်တွင် ဝင်းဂါးသည်  မန်ယူကို  နှစ်ဂိုးပြတ်နိုင်ပွဲ ရခဲ့ဖူးကြောင်း  သိရသည်။                                  

Ref:BT