ပေါ်တူဂီအသင်းနှင့် နိုင်ငံတကာပွဲသွားကစားစဉ် COVID-19 ရောဂါ ကူးစက်ခံခဲ့ရသော တိုက်စစ်မှူးစီရော်နယ်ဒိုသည် ပေါ်တူဂီမှ အီတလီနိုင်ငံ တူရင်မြို့ရှိ မိသားစုနေအိမ်သို့ သီးသန့်အရေးပေါ် လူနာတင်လေယာဉ်ဖြင့် ပြန်လာခဲ့ခြင်းကို အီတလီအားကစားဝန်ကြီး စပါဒါဖိုရာက သတ်မှတ်ထားသော COVID-19 ရောဂါနှင့်ပတ်သက်သည့် စည်းမျဉ်းများကို ချိုးဖောက်ပြီး ပြန်လာခြင်းဖြစ်မည်ဟု ဝေဖန်ခဲ့ရာ စီရော်နယ်ဒိုက အင်စတာဂရမ်၌တင်ပြီး မိမိသည် မည်သည့် စည်းမျဉ်းမျှ မချိုးဖောက်ဘဲ ပြန်လာခြင်းသာဖြစ်ကြောင်းနှင့် စပါဒါဖိုရာစကားသည် လိမ်ညာမှုသာ ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။
စီရော်နယ်ဒိုသည် အောက်တိုဘာ ၁၄ ရက်က အရေးပေါ်လေယာဉ်ဖြင့် အီတလီသို့ပြန်လာခြင်းကို အာရ်အေအိုင်ရေဒီယိုက ဝန်ကြီးစပါဒါဖိုရာအား မေးမြန်းရာ စည်းကမ်းချိုးဖောက်တယ်လို့ ထင်တယ်။ ကျန်းမာရေးဌာနတာဝန် ရှိသူတွေရဲ့ အထူးအခွင့်အရေး ခွင့်ပြုချက်မရှိရင် ပြန်လာလို့မရဘူး ဟုပြောသည်။
ထိုစွပ်စွဲချက်ကို စီရော်နယ်ဒိုက အင်စတာဂရမ်၌တင်ပြီး ကျွန်တော် ပေါ်တူဂီကနေပြန်လာတယ်။ ကျွန်တော်ရော အသင်းဖော်အားလုံးပါ COVID-19 ရောဂါနဲ့ပတ်သက်တဲ့ ကျန်းမာရေး လမ်းညွှန်ချက်တွေအတိုင်း လိုက်နာခဲ့ကြတယ်။ အီတလီကို အရေးပေါ် လေယာဉ်နဲ့ ပြန်လာတယ်။ ဘယ်သူနဲ့မှ မထိတွေ့ခဲ့ဘူး ဟု ပြောသည်။
Ref:Dailymail