လာမည့်နှစ်တွင် အာဆီယံကလပ် ချန်ပီယံရှစ်ပြိုင်ပွဲ ကျင်းပဖြစ်ပါက ရှမ်းယူနိုက်တက်အသင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိ

လာမည့်နှစ်တွင်    အာဆီယံကလပ် ချန်ပီယံရှစ်ပြိုင်ပွဲ ကျင်းပဖြစ်ပါက ရှမ်းယူနိုက်တက်အသင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း   ပြိုင်ပွဲကျင်းပရေးမှ ထုတ်ပြန်ထားသည်။

အာဆီယံဘောလုံး အဖွဲ့ချုပ်က ကြီးမှူး ကျင်းပသည့်  အဆိုပါပြိုင်ပွဲကို  ယခုနှစ် ဧပြီနှင့် မေလအတွင်း ထိုင်းနိုင်ငံ၌ကျင်းပ ရန်စီစဉ်ထားသော်လည်း  COVID-19 ရောဂါအခြေအနေကြောင့် ၂၀၂၁ ခုနှစ်သို့ ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်။

ယင်းပြိုင်ပွဲကို အရှေ့တောင်အာရှနိုင်ငံ ၁၁ နိုင်ငံမှ ပြည်တွင်းလိဂ်ချန်ပီယံ အသင်းများဖြင့် ကျင်းပမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် ကျင်းပဖြစ်ပါက ရှမ်းယူနိုက်တက်အသင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည် ဖြစ်သည်။

၂၀၂၁  အာဆီယံကလပ်  ချန်ပီယံရှစ်ပြိုင်ပွဲတွင် အဆင့်သတ်မှတ်ချက်အရ ရှမ်း ယူနိုက်တက်အသင်းက    အုပ်စုအဆင့်မှ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်    ရရှိမည်ဖြစ်ပြီး ဘရူနိုင်း၊  ဖိလစ်ပိုင်၊  ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့မှ    ကလပ်အသင်းများက ခြေစစ်ပွဲအဆင့်မှ   စတင်ယှဉ်ပြိုင်ရမည် ဖြစ်သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယင်း ပြိုင်ပွဲကို  ၂၀၀၃ ခုနှစ်နှင့်  ၂၀၀၅ ခုနှစ် တို့တွင် ကျင်းပခဲ့ဖူးပြီး ယခုအခါ ဆယ်စု နှစ်တစ်ခုကျော်ကြာမှ ပြန်လည်ကျင်းပရန် စီစဉ်ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲကို  မြန်မာနိုင်ငံမှ     ဘဏ္ဍာအခွန်ကလပ်အသင်း  ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးကြောင်း     သိရသည်။

            ကိုရဲ