မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်၊ ကင်မွန်းချောင်း တောင်တက်ကားဂိတ်ရှိ ဘုရားဖူးပြည်သူလူထုအား အကြမ်းဖက်အဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်၊ ကင်မွန်းချောင်း တောင်တက်ကားဂိတ်ရှိ ဘုရားဖူးပြည်သူလူထုအား အကြမ်းဖက်အဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်

၁။      မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်၊ ကင်မွန်းချောင်း တောင်တက်ကားဂိတ်အား အောက်တိုဘာ ၁၂ ရက်နေ့ နံနက် ၁၀၄၅ နာရီခန့်တွင် KNU/KNLA တပ်မဟာ(၁)နှင့် NUG၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက ကျိုက်ထိုမြို့နယ်၊ ဆောင်နိုင်ကြီး ကျေးရွာဘက်မှ မော်တော်ယာဉ်တစ်စီးဖြင့် ရောက်ရှိလာပြီး လက်နက်ကြီး/လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ရက်စက်စွာ ပစ်ခတ်ခဲ့သည့်အတွက် ဘုရားဖူးပြည်သူ အမျိုးသမီး ၃ ဦးသေဆုံးခဲ့ပြီး ၁၉ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

၂။       KNU/KNLA အနေဖြင့် နိုင်ငံတော်အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်ရာ လက်ရှိကာလတွင် တပ်မတော်နှင့် သဘောထားချင်း မတိုက်ဆိုင် သည့်တိုင်အောင် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရမည့် တာဝန်ရှိရာ ယခုကဲ့သို့ သီတင်းကျွတ်ကာလ ကျိုက်ထီးရိုးဘုရားဖူး ပြည်သူများ မော်တော်ယာဉ်စီးရန် စောင့်ဆိုင်းနေသည့် ကင်မွန်းချောင်း တောင်တက်ကားဂိတ်သို့ လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ရက်စက်ယုတ်မာ ရိုင်းစိုင်းစွာ  ပစ်ခတ်ခဲ့ခြင်းအား အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ သည်။

၃။      NCA သဘောတူစာချုပ် အခန်း(၃)ပါ အရပ်သားများကို အကာအကွယ်ပေးခြင်း ကဏ္ဍတွင်လည်း ပြည်သူ လူထု စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ဒေသန္တရ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို လိုအပ်သလို ပံ့ပိုး ကူညီမှုများ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရန်အပြင် ပြည်သူလူထုအပေါ် အကြမ်းဖက်ခြင်း၊ လူသားမဆန်စွာ ပြုမှုဆက်ဆံခြင်း၊ သတ်ဖြတ်ခြင်းများ မပြုလုပ်ရန်နှင့် ပြည်သူလူထု၏ ဘာသာရေး၊ စာပေ၊ ယဉ်ကျေးမှုနှင့် ဓလေ့ ထုံးတမ်းဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်မှုများကို နှောင့်ယှက်ခြင်း၊ ဂုဏ်သိက္ခာညိုးနွမ်း စေခြင်းနှင့် ပျက်စီးစေခြင်း တို့အား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မပြုလုပ်ရ ဆိုသည့် လိုက်နာရမည့် အချက်များကိုလည်း ဖောက်ဖျက်ကျူးလွန်ခဲ့ပြီး လက်နက်မဲ့ ပြည်သူများကို ရက်စက်စွာ အကြမ်းဖက်ပြစ်မှု ကျူးလွန်ခဲ့သူများကို ထိထိရောက်ရောက် အပြစ်ပေး အရေးယူရမည်ဖြစ်သည်။

၄။      ကျိုက်ထီးရိုးဆံတော်ရှင်စေတီ၊ ကင်မွန်းချောင်းတောင်တက်ကားဂိတ်ရှိ ဘုရားဖူး ပြည်သူများအား အကြမ်းဖက်သမားများက အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ရာတွင် ၎င်းတို့ လာရောက်ခဲ့သည့်နေရာဖြစ်သည့် ကျိုက်ထိုမြို့နယ်၊ ဆောင်နိုင်ကြီးကျေးရွာသည် KNU/ KNLA တပ်မဟာ(၁)က လွှမ်းမိုးသည့်နေရာဖြစ်သည်။ ၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ အကြမ်းဖက် PDF များကို စစ်သင်တန်းပေးခြင်း၊ အကြမ်းဖက်သင်တန်းပေးခြင်း ပြုလုပ်ပြီး ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ပံ့ပိုးပေးနေသည့် KNU/KNLA အဖွဲ့၌ အဓိက တာဝန်ရှိသည်။ ဘုရားဖူးလာပြည်သူများ၊ ဒေသခံပြည်သူများ၏ ပြောကြား ချက်နှင့် သက်သေခံချက်များအရလည်း ၎င်းတို့၌ အဓိကတာဝန်ရှိကြောင်းပေါ်လွင်သည်။

၅။      သို့ဖြစ်၍ အပြစ်မဲ့ ဘုရားဖူးပြည်သူများအား ရက်စက်စွာ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူအမျိုးသမီး ၃ ဦးသေဆုံးပြီး ၁၉ ဦးဒဏ်ရာ ရရှိအောင် ပြုမူလုပ်ဆောင်ခဲ့သည့် NUG၊ CRPH အကြမ်းဖက်အဖွဲ့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများနှင့် KNU/KNLA တပ်မဟာ(၁)မှ တပ်ဖွဲ့ဝင်များအား KNU/KNLA အဖွဲ့အနေဖြင့် အမြန်ဆုံး စုံစမ်းစစ်ဆေးဖော်ထုတ်၍ တရားဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှုများကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ