အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလားခြေစစ်ပွဲ ဒုတိယအဆင့်အုပ်စု လက်ကျန်ပွဲများ ကျင်းပမည့်ရက်ကို ထပ်မံအတည်ပြုမည် ဖြစ်သည်။ ယင်းခြေစစ်ပွဲလက်ကျန်ပွဲများကို ယခုနှစ်အတွင်း ကျင်းပရမည်ဖြစ်သော် လည်း COVID-19 ရောဂါအခြေအနေ ကြောင့် ရွှေ့ဆိုင်းထားရခြင်းဖြစ်သည်။
အာရှဘောလုံးအဖွဲ့ချုပ်သည် ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ်က သတ်မှတ်ထားသည့် နိုင်ငံတကာရက်သတ္တပတ်ဖြစ်သော ၂၀၂၁ ခုနှစ် မတ်လနှင့် ဇွန်လတွင် ပြိုင်ပွဲများ ပြန်လည်ကျင်းပဖွယ်ရှိနေပြီး COVID-19 ရောဂါအခြေအနေပေါ် မူတည်၍ ကျင်းပမည့်ရက်ကို အတည်ပြုမည်ဖြစ်သည်။
၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှ ဖလား ဒုတိယအဆင့်ခြေစစ်ပွဲကို အုပ်စု ရှစ်ခုခွဲ၍ ကျင်းပလျက်ရှိပြီး ဒုတိယ အကျော့ ပထမပွဲစဉ်အပြီးတွင် ပြိုင်ပွဲများ ရပ်နားထားရခြင်းဖြစ်ကာ ပြိုင်ပွဲဝင်အသင်း များအနေဖြင့် သုံးပွဲနှင့် လေးပွဲကစားရန် ကျန်ရှိနေသည်။ မြန်မာအသင်းသည် အုပ်စု (F) တွင် ဂျပန်၊ တာဂျစ်ကစ္စတန်၊ ကာဂျစ္စတန်၊ မွန်ဂိုလီးယားအ သင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး ငါးပွဲကစား ခြောက်မှတ်ရရှိထားသည်။ မြန်မာ အသင်းသည် ပထမသုံးပွဲဆက်တိုက် ရှုံးနိမ့် ခဲ့သော်လည်း နောက်ဆုံးနှစ်ပွဲဆက် အနိုင်ရခဲ့သဖြင့် အုပ်စု စတုတ္ထနေရာတွင် ရပ် တည်နေခြင်းဖြစ်သည်။
မြန်မာအသင်းသည် အုပ်စုလက်ကျန်ပွဲများအဖြစ် သုံးပွဲကစားရန် ကျန်ရှိနေပြီး ဂျပန်အသင်းနှင့် အဝေးကွင်း၊ ကာဂျစ္စတန် အသင်းနှင့် အိမ်ကွင်း၊ တာဂျစ်ကစ္စတန် အသင်းနှင့် အဝေးကွင်းကစားရမည်ဖြစ်သည်။
အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲများကို တပေါင်း တစည်းတည်း ကျင်းပခဲ့သော်လည်း တတိယအဆင့်တွင် သီးခြားစီကျင်းပမည် ဖြစ်သည်။ ကမ္ဘာ့ဖလား တတိယအဆင့် ခြေစစ်ပွဲ တက်ရောက်ခွင့်ရသည့် အသင်းများမှာ အာရှဖလားပြိုင်ပွဲတွင် တတိယအဆင့်ခြေစစ်ပွဲကစားစရာ မလိုတော့ဘဲ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။ ဒုတိယအဆင့် ခြေစစ်ပွဲတွင် အုပ်စုပထမရသည့် ရှစ်သင်းနှင့် အုပ်စု ဒုတိယရသည့် အသင်းများအနက် အကောင်းဆုံးလေးသင်း စုစုပေါင်း ၁၂ သင်းမှာ ကမ္ဘာ့ဖလားတတိယအဆင့် ခြေစစ်ပွဲသို့ တက်ရောက်ခွင့်ရမည် ဖြစ်ကြောင်း သိရသည်။
ကိုရဲ