ယဉ်ကျေးသောစိတ်သည် ချမ်းသာခြင်းကိုရွက်ဆောင်နိုင်သည်

ယဉ်ကျေးသောစိတ်သည် ချမ်းသာခြင်းကိုရွက်ဆောင်နိုင်သည်

 

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၁ ရက် နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ကျင်းပခဲ့သည်။ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားရာတွင် ယဉ်ကျေးသော စိတ်သည် ချမ်းသာခြင်းကိုရွက်ဆောင်နိုင်၏ဟု အဆိုအမိန့်ရှိကြောင်း၊ ရိုးရာယဉ်ကျေးမှု၏ ယဉ်ကျေးသောစိတ်ကို အခြေခံသော(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးသည် နိုင်ငံတော်နှင့်နိုင်ငံသူ နိုင်ငံသားများအတွက် ချမ်းသာခြင်းကို ဆောင်ယူလာသည့် ပြိုင်ပွဲကြီးတစ်ရပ်ဟု နိမိတ်ကောင်းကိုဆောင် အဓိပ္ပာယ်ဖွင့်ဆိုနိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတစ်နိုင်ငံ၏ တန်ဖိုးကိုသတ်မှတ်သည့်အခါ အဆိုပါနိုင်ငံ၏စီးပွားရေး၊ ပညာရေးနှင့် ကာကွယ်ရေး စွမ်းအားများအပြင် သမိုင်းတန်ဖိုးကြီးမားသည့်  ယဉ်ကျေးမှုရေးရာအခန်းကဏ္ဍကိုလည်း ထည့်သွင်း သတ်မှတ်ကြသည်။ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ ရှည်လျားသည့် ယဉ်ကျေးမှုသမိုင်း ကြောင်းများနှင့်ပြည့်စုံသည့်နိုင်ငံအဖြစ်  ဂုဏ်ယူဖွယ်ကောင်းလှသည်။ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၁၈၈၃ ဦးပါဝင်ယှဉ်ပြိုင်ပြီး အကဲဖြတ်ပညာရှင် ၁၇၀ ဦးက ဘာသာရပ်အလိုက် စနစ်တကျ စိစစ်အကဲဖြတ်အမှတ်ပေးကြမည်ဖြစ်သည်။

မြန်မာတိုင်းရင်းသားတို့သည် အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားသူများဖြစ်ကြသဖြင့် အမျိုးသားယဉ်ကျေးမှုကို ချစ်မြတ်နိုးကာ ထိန်းသိမ်းစောင့်ရှောက်ကြသည်။ မျိုးဆက်သစ်အဆက်ဆက်သို့ လက်ဆင့်ကမ်းအမွေ ကောင်းများပေးအပ်သည့် အစဉ်အလာများရှိကြသည်။ လူမျိုးတစ်မျိုး၏ဂုဏ်သိက္ခာသည် စာပေ၊ ဂီတအနု သုခုမယဉ်ကျေးမှုအဆင့်အတန်းပေါ်တွင် တည်မှီနေသည်။ စာပေမြင့်မှလူမျိုးတင့်မည် ဂီတစွမ်းအား ပြည်ထွန်းကား ဟူသောဆောင်ပုဒ်တို့မှာ အမျိုးသားယဉ်ကျေးမှုတိုးတက်မြင့်မားရေး၊ အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားရေးတို့အတွက် အမျိုးသားရေးအင်အားဖြစ်စေသည့် ဆောင်ပုဒ်များဖြစ်သည်။

မိမိတို့၏ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် အမျိုးကိုစောင့်ရှောက် သည့်အမျိုးသားရေး စိတ်ဓာတ်ပင်ဖြစ်သည်။  မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်နှင့် အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်အောင်ထိန်းသိမ်းရာ၌  အရိုးကိုအရွက်မဖုံးစေရန် အထူးသတိပြုကြရမည်။

တီထွင်ဆန်းသစ်မှုမှန်သမျှကိုကြိုဆိုသော်လည်း မြန်မာ့ယဉ်ကျေးမှုကို ရုပ်ပျက်ဆင်းပျက်ဖြစ်လောက်အောင် တီထွင်ခြင်းမျိုးကိုမူ အားပေးရန်သင့်မည်မဟုတ်ပါ။

မြန်မာတို့၏အနုသုခုမပညာရပ်များသည် သရေခေတ္တရာ ပျူခေတ်ကပင်ထွန်းကားနေပြီဖြစ်ကြောင်း ခိုင်မာသောသမိုင်းအထောက်အထားအရသိနိုင်သည်။ ခရစ်နှစ် ၈၀၂ ခုနှစ်တွင် ပျူအနုပညာရှင် ၃၅ ဦးပါဝင်သော အကအဖွဲ့သည် တရုတ်နိုင်ငံ ချန်အန်းမြို့သို့သွားရောက်ခဲ့ကြောင်း မှတ်တမ်းတင်ထားသည်။

ထိုအဖွဲ့ကို တရုတ်တို့က လှိုက်လှဲစွာကြိုဆိုခဲ့ကြသည်။ တရုတ်ဘုရင်ခံဝေကောင်းသည် ပျူဂီတကို သင်္ကေတ ဖြင့်လည်းကောင်း၊ ပျူတို့၏ကဟန်ကကွက်နှင့်တူရိယာများကို ရုပ်ပုံများရေးဆွဲ၍လည်းကောင်း မှတ်တမ်းတင်ခဲ့သည်။ ထိုအကြောင်းအရာကို ထန်မင်းဆက် သမိုင်းသစ်တွင်ဖော်ပြခဲ့ကြသည်။  ပျူတီးဝိုင်းတွင် တူရိယာပစ္စည်း ၂၂ မျိုးပါရှိပြီး သံစဉ်ခုနစ်မျိုးဖြင့်တီးမှုတ်၍ရသည့် ပလွေတူရိယာလည်း ပါရှိကြောင်း ဖော်ပြထားသည်။

မြန်မာတို့သည် လွန်ခဲ့သည့်နှစ်ပေါင်း နှစ်ထောင်ကျော်ကပင် သံစဉ်ခုနစ်ပါးကိုအသုံးပြုလျက် တူရိယာများကိုတီးမှုတ်ခြင်း၊  ကခုန်ခြင်းများရှိခဲ့ကြောင်း သိရှိနိုင်သည်။  ပုဂံခေတ်ကျောက်စာများတွင်  အက ပညာရှင်နှင့် တူရိယာပညာရှင်များ၏ အမည်များရေးထိုးကြသည်။ ပထမအင်းဝခေတ်ဟုအမည်တွင်သည့် မြင်စိုင်း၊ ပင်းယခေတ်များတွင် ကဗျာ၊ လင်္ကာ၊ တေးသီချင်းများပိုမိုထွန်းကားလာခဲ့သည်။ ဘုရင်မင်းများ၊ မင်းညီမင်းသားများကိုယ်တိုင် အနုပညာလိုက်စားခဲ့ကြသည်။ ငါးစီးရှင်ကျော်စွာ၏ မြင်စိုင်းရွှေပြည်ကာချင်း သည် ယနေ့တိုင်ထင်ရှားလှသောသက်သေဖြစ်သည်။

ဒုတိယအင်းဝခေတ်ခေါ် ညောင်ရမ်းခေတ်တွင် အဆို၊ အကများပါဝင်သည့် ပြဇာတ်စတင်ပေါ်ပေါက်လာပြီး နတ်ချင်းများရေးသား ဖွဲ့သီဆိုကပြလာခဲ့သည်။ မြန်မာ့ဂီတနှင့်စာပေနှင့်ဆက်နွှယ်မှုရှိသည်။ ရတု၊ ရကန်၊ အဲ၊ အန်၊ လူးတား၊ တေးထပ်၊ လေးချိုး၊ တျာချင်း စသည့်ကဗျာလင်္ကာများသည် စာပေပုံသဏ္ဌာန်များဖြစ်ပြီး တေးသီချင်းအဖြစ်သီဆိုနိုင်သည်မှာ ရှေးမြန်မာတို့၏ တီထွင်ဆန်းသစ်မှုဖြစ်သည်။ ဒုတိယအင်းဝခေတ် ခေါ်ညောင်ရမ်းခေတ် နှောင်းပိုင်းတွင် ဝန်ကြီးပဒေသရာဇာရေးဖွဲ့ခဲ့သော ကြိုးသီချင်းများမှာ ယနေ့ အဆိုအကအတီးပညာများအတွက် အခြေခံဂီတသီချင်းများ ဖြစ်လာသည်။ ပျူခေတ်ကိုဆက်ခံသည့် ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်းနှင့်ကုန်းဘောင် အစရှိသည့် ခေတ်အဆက်ဆက်၌ဘာသာ၊ သာသနာနှင့် ယဉ်ကျေးမှုရေးရာ အနုသုခုမပညာရပ်များ အဆင့်ဆင့်ထွန်းကားခဲ့သည်မှာ ယနေ့မျက်မှောက်ကာလ အထိပင်ဖြစ်သည်။

အနုသုခုမပညာသည် ယဉ်ကျေးသောစိတ်ကိုဖြစ်စေပြီး ယဉ်ကျေးသောစိတ်သည် ချမ်းသာခြင်းကို ရွက်ဆောင်နိုင်ပေရာ နိုင်ငံသူ နိုင်ငံသားအားလုံး ကျန်းမာချမ်းသာကြပါစေကြောင်း ဆုတောင်း ရေးသားလိုက်ရပေသည်။    ။