တီးတိန်မြို့မှ ကလေးမြို့သို့ ထွက်ခွာလာသည့် ခရီးသည်တင် မော်တော်ယာဉ်အား  PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်မိုင်းများဖြင့် အကြောင်းမဲ့ဖောက်ခွဲ တိုက်ခိုက်မှုကြောင့် ခရီးသွားပြည်သူများ ထိခိုက်ဒဏ်ရာရရှိ

တီးတိန်မြို့မှ ကလေးမြို့သို့ ထွက်ခွာလာသည့် ခရီးသည်တင် မော်တော်ယာဉ်အား  PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်မိုင်းများဖြင့် အကြောင်းမဲ့ဖောက်ခွဲ တိုက်ခိုက်မှုကြောင့် ခရီးသွားပြည်သူများ ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော်၊ အောက်တိုဘာ - ၁၄

     NUG နှင့် PDFအမည်ခံ အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင် လျက်ရှိသည့်ပြည်သူလူထုများနှင့် တရားဥပဒေစိုးမိုးရေး အတွက်ဆောင်ရွက်နေသည့် အုပ်ချုပ်ရေး တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် လမ်းပန်း ဆက်သွယ်မှုများ လုံခြုံချောမွေ့မှုမရှိစေရေး ရည်ရွယ်ချက်များဖြင့် အများပြည်သူ အသုံးပြုသည့် လမ်းကြောင်းများတွင် မိုင်းထောင်ခြင်း၊ ဖြတ်သန်း သွားလာလျက်ရှိသော မော်တော်ယာဉ်များနှင့် ခရီးသွားပြည်သူများအား အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဆက်ကြေးကောက်ခံခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိ သည်။

     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ချင်းပြည်နယ်၊ တီးတိန်မြို့မှ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့သို့ ထွက်ခွာလာသည့် ခရီးသည်တင် မော်တော်ယာဉ်အား ယနေ့ညနေ ၃ နာရီခန့်တွင် တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာ၏ အရှေ့ဘက် ၁၀ မိုင်ခန့်အကွာသို့ ရောက်ရှိစဉ် မော်တော်ယာဉ်အား PDF အမည်ခံအကြမ်းဖက်သမား များက လက်လုပ်မိုင်း ၅ လုံးဖြင့် အကြောင်းမဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် အသက် ၁၃ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၄ ဦးတို့တွင် မိုင်းစထိမှန် ဒဏ်ရာများရရှိကာ မော်တော်ယာဉ် လေကာမှန်များ မိုင်းစထိမှန်ပျက်စီး ခဲ့ကြောင်း သိရှိရသည်။

      မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည့် ခရီးသွားပြည်သူများအား လုံခြုံရေး တပ်ဖွဲ့ဝင်များက ကလေးမြို့ရှိ နယ်မြေခံတပ်မတော် ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူစေလျက်ရှိသည်။

     ယခုကဲ့သို့ အများပြည်သူသွားလာ အသုံးပြုလျက်ရှိသော လမ်းမပေါ်၌ မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။