ငြိမ်းချမ်းရေးသည် ပြည်သူတို့၏ လိုလားချက်ဆန္ဒ အစစ်အမှန်ဖြစ်သည်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြကုန်သော ရဟန်းရှင်လူပြည်သူများကို ငြိမ်းချမ်းရေးနှင့် ပတ်သက်တဲ့ ဆန္ဒသဘောထား ကောက်ယူကြည့်မည်ဆိုပါက မြန်မာနိုင်ငံတစ်ဝန်း ငြိမ်းချမ်းနေတာကို မြင်တွေ့လိုကြောင်း ဆန္ဒပြုကြမှာ မလွဲပါ။ ရဟန်းတော်များ ဟောကြားနေတဲ့ တရားတော်များမှာလည်း ငြိမ်းချမ်းရေးကို ဦးတည်ပြီး ဟောကြားတာ အများဆုံးနာကြားကြရမှာပါ။ မြန်မာတို့ရဲ့မေတ္တာပို့ အစမှာလည်း“လုံးစုံများစွာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ”ဆိုတဲ့ မေတ္တာတရားနဲ့စပါတယ်။ ငြိမ်းချမ်းခြင်းကို လူနတ်ဗြဟ္မာသတ္တဝါတိုင်းက နှစ်သက်မြတ်နိုးကြပါတယ်။ လူသားတို့ရဲ့ သက်တမ်းဟာ နှစ် တစ်ရာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး သက်တမ်းဟာ လာမယ့် ၂၀၂၃ ခုနှစ်မှာ ၇၅ နှစ်၊ စိန်ရတု လွတ်လပ်ရေးကို ရောက်ရှိတော့မှာဖြစ်ပါတယ်။
ဒါကြောင့်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ပြောကြားတဲ့ မိန့်ခွန်းမှာ “၇၅ နှစ်ကာလကြာပြီဖြစ်တဲ့ လွတ်လပ်ရေးရဲ့ အနှစ်သာရများကို တိုင်းရင်းသား ပြည်သူများ အပြည့်အဝ မခံစားရသေးတာကိုလည်း လက်ရှိပကတိဖြစ်ရပ်များက ပြဆိုနေပါတယ်။ အဓိကအကြောင်းအရာကတော့ သဘောထား ကွဲလွဲမှုများအပေါ်မှာ အခြေခံပြီး ဖြစ်ပေါ်လာခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခ များကြောင့်ပဲဖြစ်ပါတယ်။ ဒါကိုကျွန်တော်တို့ ဖြေရှင်းနိုင်မှသာ ဒီမိုကရေစီရဲ့ အနှစ်သာရ လွတ်လပ်ရေး အနှစ်သာရကို အပြည့်အဝခံစားနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီ ၂၀၂၂ ခုနှစ်ဟာ ငြိမ်းချမ်းရေးနှစ်ဖြစ်ကြောင်းနဲ့ တစ်နိုင်ငံလုံးမှာ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးကို ဆောင်ရွက်သွားမယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်”ဟူ၍ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် “ဒါကိုလက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်တဲ့အတွက်ကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များရဲ့ ခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးဖို့ အတွက် ဖိတ်ခေါ်ပါတယ်။ အဖွဲ့များအားလုံးကို ကျွန်တော်ကိုယ်တိုင် တွေ့ပါမယ်။ ပြီးလို့ရှိရင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ကိုယ်စားလှယ်အဖွဲ့များနဲ့ ဆွေးနွေးမှုများ ပြုလုပ်သွားပါမယ်။ လိုအပ်ရင်လည်း ထပ်မံဆွေးနွေးမှုတွေကိုလည်း ပြုလုပ်သွားပါမယ်”ဟူ၍ ၂၀၂၂ ခုနှစ် ဧပြီ ၂၂ ရက်မှာ ပြောကြားခဲ့ပါတယ်။
နိုင်ငံတော်အကြီးအကဲရဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ပြောကြားတဲ့မိန့်ခွန်းဟာ ငြိမ်းချမ်းရေးရစေချင်တဲ့ စေတနာ၊ မေတ္တာအရင်းခံနဲ့ ပြောကြားခြင်းဖြစ်သလို ငြိမ်းချမ်းခြင်းရဲ့အရသာကို ပြည်သူများ စံစားစေချင်တဲ့ စိတ်ရင်းအမှန်ကို ထုတ်ဖော်ပြလိုက်တာပဲဖြစ်ပါတယ်။ နိုင်ငံတော် အကြီးအကဲ၏ ရင်တွင်းစကားများမှာ နိုင်ငံတော်ကြီး သာယာဝပြောရေးအတွက် အဓိကလိုအပ်ချက်ဖြစ်တဲ့ ငြိမ်းချမ်းရေး ရရှိရေးကို ဦးတည်ခြင်းပါပဲ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ပြည်ထောင်စုသားအားလုံးရဲ့အကျိုးကို ရှေးရှုပြီး လိုက်ပါဆောင်ရွက်ပေးကြဖို့ လိုအပ်ပါတယ်။
“ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဆိုသည့်အတိုင်း တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး မျှော်လင့်နေတဲ့ ငြိမ်းချမ်းရေး လမ်းကြောင်းကို ပြည်ပစွက်ဖက်မှုကင်းစွာဖြင့် ညီရင်းအစ်ကိုစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်၊ တိုင်းရင်းသား အချင်းချင်း အပြန်အလှန် ယုံကြည်နားလည်မှု စိတ်ဓာတ်အပြည့်ဖြင့် အမြင်ချင်းဖလှယ် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြမည်ဆိုပါက ငြိမ်းချမ်းရေးခရီးမှာ အောင်မြင်မှုရာခိုင်နှုန်း ပြည့်ချောမွေ့နေမည်ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ဟာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး အတွက် ချုပ်ဆိုသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ချုပ်ဆိုခဲ့သည့် (၇) နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ချုပ်ဆိုခြင်း (၆)နှစ်မြောက်နှစ်ပတ်လည်နေ့ ပေးပို့ခဲ့တဲ့ သဝဏ်လွှာမှာ “မိမိတို့ အစိုးရသည် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်အား အခြေခံသည့် ပြည်ထောင်စု တည်ဆောက်နိုင်ရေးတို့အတွက် နိုင်ငံရေးလုပ်ငန်းစဉ်များ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ယင်းအတွက် မိမိတို့အစိုးရမှ ခိုင်ခိုင်မာမာ အာမခံပြီးဖြစ်သည်။
ထို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေဖြင့် NCA ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်တွင် ယုံယုံကြည်ကြည်နှင့် ခိုင်မာစွာဆက်လက် လျှောက်လှမ်းခြင်းဖြင့် နိုင်ငံတော်အစိုးရမှ လက်ရှိဦးတည်သွားနေသည့် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများအား သတ်မှတ်ချိန်အတွင်း ကျင်းပနိုင်ပြီး ပြည်သူမှရွေးချယ်ပေးသည့် ဒီမိုကရေစီအစိုးရသစ် တစ်ရပ် ပေါ်ပေါက်လာရေးအား အားပေးကူညီရာ ရောက်မည်ဖြစ်သည်”ဟု ဖော်ပြထားပါတယ်။
NCA စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေနဲ့ NCA စာချုပ်ပိုမိုခိုင်မာစေရေး၊ NCA မှာ လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှာ လက်ရှိအခြေအနေထက် ပိုမိုတဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး အဆင့်တစ်ဆင့်သို့ တက်လှမ်းနိုင်ရေး၊ ထို့နောက် NCA စာချုပ်တွင်ပါဝင် လက်မှတ်ရေးထိုးနိုင်ရေး အတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ဖိတ်ခေါ်နေတာဖြစ်ပါတယ်။ “အတိတ်ကို မသိလျှင် ထပ်ကျော့အမှားတွေ ကျူးလွန်နိုင်ပါတယ်။ ထို့အတူ အတိတ်ကိုအစွဲ သန်လွန်းလျှင်လည်း အနာဂတ်လမ်းပျောက်နိုင်သည်” ဟူ၍ နိုင်ငံတော်အကြီးအကဲက မိန့်ဆိုထားပါတယ်။ အစိုးရတွေ ဘယ်လိုပင် ပြောင်းပြောင်း မိမိတို့နိုင်ငံဟာ ပြည်ထောင်စု မြန်မာနိုင်ငံပဲဖြစ်ပါတယ်။ အားလုံးဟာ We are Myanmar ဆိုတဲ့ စိတ်ဓာတ်အပေါ် အခြေခံကြရမှာဖြစ်ပါတယ်။
အတိတ်ကိုမသိလျှင် ထပ်ကျော့အမှားတွေ ကျူးလွန်နိုင်ပါတယ်ဆိုတဲ့ စကားအတိုင်း လွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်လာခဲ့တဲ့ လက်နက်ကိုင်တွေ ဖြစ်ပေါ်လာရခြင်းကိုလည်း သိထားသင့်ပါတယ်။
ညီအစ်ကို နှစ်ဦး ဒါမှမဟုတ် မိတ်ဆွေနှစ်ဦး သဘောထားချင်း မတိုက်ဆိုင်လို့ စကားများကြတယ်ဆိုပါတော့။ သူတို့မှာ ဘာလက်နက်မှ ကိုင်မထားရင် ပဋိပက္ခအဆင့်အထိရောက်မလာနိုင်ပါဘူး။ သူတို့တွေရန်ဖြစ်ပြီး သတ်ပုတ်နေတာကိုမြင်တွေ့ချင်တဲ့ အခြားတစ်ဦးတစ်ယောက်ကနေ သွေးထိုးမြှောက်ပင့်ပေးပြီး တုတ်၊ ဓားလက်နက်တွေ ပေးလိုက်မယ်ဆိုရင် စိတ်သဘောချင်း မတိုက်ဆိုင်လို့ စကားများတဲ့အဆင့်ကနေ မဆုံးနိုင်တဲ့ ရန်ပွဲကြီး ပေါ်လာတော့မှာအမှန်ပါပဲ။ အဲဒီဥပမာလိုပါပဲ၊ မြန်မာနိုင်ငံကို အ င်္ဂလိပ်တွေက လွတ်လပ်ရေး ပေးမယ်လို့ ပြင်ဆင်နေတဲ့အချိန်မှာ သူတို့မှာရှိတဲ့ လက်နက်တွေကို စာရင်းဇယားတိတိကျကျနဲ့ ထိန်းသိမ်းပြီး တရားမဝင် လက်နက်ကိုင်ဆောင်ခြင်းမျိုး မရှိအောင် လုပ်ဆောင်ခဲ့မယ်ဆိုရင် ဒီကနေ့ပေါ်ပေါက်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ အစပြုလာမှာ မဟုတ်ပါဘူး။
နယ်ချဲ့တွေရဲ့ ပင်ကိုစိတ်ရင်းမှာကိုက မြန်မာနိုင်ငံနဲ့ပြည်သူတွေရဲ့ နောင်ရေးကို မစဉ်းစားဘဲ ပျက်စီးရေးကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒါကိုထင်သာမြင်သာ အောင်ပြရမယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးများကို ပစ်ခတ်သတ်ဖြတ်တဲ့ လက်နက်တွေဟာ အင်္ဂလိပ်တွေက တစ်ဖက်လှည့်နဲ့ ထုတ်ပေးခဲ့တာ အမှန်တရားတစ်ခုပါပဲ။
လွတ်လပ်ပြီးစမြန်မာနိုင်ငံမှာ အချို့သော တပ်ရင်းတွေက ဝါဒအစွဲအလမ်းနဲ့ လက်နက်ကိုင်ဆောင် တောခိုကြတယ် ဆိုပေမယ့် ဒါဟာ အနည်းစုပဲဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ တပ်မတော်အပေါ် သစ္စာဖောက်သူတွေရဲ့ သွားလာလမ်းဟာ နောက်ဆုံးမှာတော့ ကျဆုံးခြင်းပါပဲ။ အဲဒီလူတွေအားလုံးဟာ ကျဆုံးခဲ့ပါပြီ။ တိုင်းရင်းသား အချင်းချင်းကို အင်္ဂလိပ်တွေက သွေးခွဲအုပ်ချုပ်ခဲ့တယ်။ ဒါ့ကြောင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်ရတယ်။ အကယ်၍ သူတို့မှာလက်နက် ကိုင်ဆောင်ထားခြင်း မရှိဘူးဆိုရင် ပြဿနာ အရပ်ရပ်ကို ဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းဖြင့် ဆောင်ရွက်အောင်မြင်မှာ ဖြစ်ပါတယ်။
လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးအတွက် ဆောင်ရွက်တဲ့နေရာမှာ ကာယကံရှင်များ ကိုယ်တိုင် တွေ့ဆုံညှိနှိုင်း အဖြေရှာမယ်ဆိုပါက ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အောင်မြင်မှာပါ။ ဒါပေမဲ့ လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေကို ပြောရမယ်ဆိုရင် အတိတ်ကာလ တစ်လျှောက်လုံးမှာ ပြည်ပသွေးထိုး လှုံ့ဆော်နှောင့်ယှက်မှုတွေ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြားအောင် လုပ်ဆောင်မှုတွေ ရှိနေတာကြောင့် ငြိမ်းချမ်း ရေးဟာ ရချိန်တန်ပါလျက် နှောင့်နှေးနေခြင်းဖြစ်ပါတယ်။ အချို့သော လက်နက်ကိုင်တွေကလည်း ပြည်ပကိုအားကိုးမှု ရှိနေပါတယ်။ ပြည်ပနိုင်ငံအချို့ကလည်း မြန်မာတို့ငြိမ်းချမ်းရေးရပြီး တိုးတက်သာယာမှာကို စိုးရိမ်ကြပါတယ်။ ဘာဖြစ်လဲဆိုတော့ အဆိုပါပြည်ပနိုင်ငံ အချို့အတွက် အကျိုးအမြတ် ဖြစ်ထွန်းနေတာတွေ ရပ်တန့်သွားမှာဖြစ်လို့ပါပဲ။
ပြည်သူတစ်ရပ်လုံးရဲ့ မျှော်လင့်ချက်အစစ်အမှန်က မိမိတို့နေထိုင်တဲ့မြန်မာနိုင်ငံတော်ကို တိုးတက်ဖွံ့ဖြိုးစေချင်တယ်။ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး မြန်မာနိုင်ငံ ပိုင်နက်နယ်မြေအတွင်း စိတ်အေးချမ်းသာစွာ ကူးသန်းရောင်းဝယ်မှု၊ ခရီးသွားလာမှု ပြုချင်တယ်။ တိုက်ပွဲတွေဖြစ်၊ ပစ်သံခတ်သံတွေကို ပြည်သူ တစ်ရပ်လုံးက မကြားချင်၊ မမြင်ချင်၊ မတွေ့ချင်ကြပါဘူး။ မြန်မာနိုင်ငံ တစ်နံတစ်လျား ကွန်ရက်သဖွယ် ဆက်သွယ် ဖောက်လုပ်ထားတဲ့ လမ်းတံတားတွေကို လက်နက်ကိုင်တွေက ဖျက်ဆီးပစ်တာမျိုး၊ လျှပ်စစ်ဓာတ်အားနဲ့ ဆက်သွယ်ရေးစနစ်တွေ ပြတ်တောက်အောင် လုပ်တာမျိုး၊ အပြစ်မဲ့ရဟန်းရှင်လူပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့ အကြမ်းဖက် လုပ်ရပ်မျိုးမလိုလားပါဘူး။ တပ်မတော်အနေနဲ့ ထာဝရငြိမ်းချမ်းရေး ရရှိဖို့အတွက် ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ထားပါတယ်။ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ အကြမ်းဖက် အဖွဲ့အစည်းကို အားပေးထောက်ခံနေတဲ့အဖွဲ့တွေက လွဲလို့ ကျန်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ လွတ်လပ်ပြီး ကြိုတင် ကန့်သတ်ချက်မထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်သွားမယ့် အကြောင်းကို ထုတ်ဖော်ပြောကြားထားပြီး ဖြစ်သလို တစ်ဖက်သတ် ပစ်ခတ်တိုက်ခိုက်မှုတွေကိုလည်း တပ်မတော်အနေနဲ့ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအထိ ရပ်ဆိုင်းပေးထားပြီး ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရနဲ့ တပ်မတော်အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အစဉ်အဆက် တောင်းဆိုလာခဲ့တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးကို ခိုင်ခိုင်မာမာ အာမခံထားပြီးဖြစ်ပါတယ်။ ယနေ့အချိန်အခါမှာ အောင်မြင်နေသော ငြိမ်းချမ်းရေးဆွေးနွေး ပွဲတွေကို မြင်တွေ့နေရတဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။ နိုင်ငံတော် အကြီးအကဲရဲ့ စိတ်ရင်းစေတနာအမှန်နဲ့ တပ်မတော်ရဲ့ သဘောထားအမှန်ကို သိမြင်ကြတဲ့ အဖွဲ့အစည်း (၁၀)ဖွဲ့နဲ့ပွင့်လင်းမြင်သာစွာ ငြိမ်းချမ်းရေး ဆွေးနွေးနေတာ ပထမအကြိမ်ပြီးမြောက်လို့ ဒုတိယအကြိမ်လည်း မကြာခင်ပြီးမြောက်တော့မှာဖြစ်ပါတယ်။ ဆွေးနွေးပွဲ တက်ရောက်ဖို့ ကျန်နေတဲ့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့လည်း ပြည်ပကသွေးထိုး လှုံ့ဆော်နှောင့်ယှက်နေမှုတွေကို နားမယောင်ဘဲ လာရောက်ဆွေးနွေး ကြည့်သင့်ပါတယ်။
ဆွေးနွေးပွဲကို ကောင်းကောင်းမွန်မွန်၊ ဂုဏ်သိက္ခာရှိစွာ ဆွေးနွေးဖို့ဖိတ်ခေါ်ထားတဲ့ အခွင့်အရေးကို လက်လွတ်မခံသင့်ပါဘူး။ မိမိဒေသ၊ မိမိလူမျိုး တိုးတက်ကြီးပွား ကောင်းစားတာကို မြင်တွေ့ချင်ရင် ဆွေးနွေးပွဲမှာ အဖြေရှာလို့ရပါတယ်။ ကိုယ်တိုင်တက်ရောက် ဆွေးနွေးမှုပြုကြည့်ပြီးမှ ဆုံးဖြတ်ချက် တစ်ခုခုချမှတ်မယ် ဆိုရင် အသင့်တော်ဆုံး အဖြေမှန်တစ်ခုဖြစ်လာမှာပါ။ ဆွေးနွေးပွဲကို တက်ရောက်ဆွေးနွေးခြင်း လုံးဝမပြုဘဲ ဒီအတိုင်းပဲ ဆက်လက် လျှောက်လှမ်းနေမယ် ဆိုရင်တော့ ပြည်သူ့ဆန္ဒနဲ့ အဝေးကြီးဝေးနေမှာပါ။
ပြည်ထောင်စုအကျိုးကို ရှေးရှု၍ လေးလေးနက်နက် ဆွေးနွေး ဆောင်ရွက်ကြနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ပြည်သူတွေကကြိုဆိုလျက်ပါ။ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးရာမှာ ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ကြေညာခဲ့ပြီး နိုင်ငံရေးအရ ဖြစ်ပေါ်နေသည့် သဘောထား ကွဲလွဲမှုများကို မည်သည့်ကန့်သတ်ချက်မျှ မထားရှိဘဲ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ရန် ဖိတ်ခေါ်ဆွေးနွေးခဲ့ခြင်း ဖြစ်သည့် အခြေအနေများ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)တို့ကို အခြေခံ၍ ငြိမ်းချမ်းရေး လမ်းကြောင်းကို ဆက်လက်ဖော်ဆောင် သွားမည်ဖြစ်သည့် အခြေအနေများ၊ စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့်ပြည်ထောင်စု တည်ဆောက်ရေးကို နိုင်ငံရေး မျှော်မှန်းချက်အဖြစ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရာတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တောင်းဆိုချက်များ၊ ဒေသနှင့်တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်ပြီး ဖြစ်သင့်ဖြစ်ထိုက်သည်များကို ပွင့်လင်းစွာဖြင့် အကျေအလည် ဆွေးနွေးသွားမည်ဖြစ်ပြီး ပြည်ထောင်စုအကျိုးကို ရှေးရှု၍ အမြင်ကျယ်ကျယ်ဖြင့် လေးလေးနက်နက် ဆွေးနွေးဆောင်ရွက်သွားကြရန် လိုသည့် အခြေအနေများနှင့် ပတ်သက်၍ရှင်းလင်း ဆွေးနွေးခဲ့ပါတယ်။
မွန်ပြည်သစ်ပါတီ(NMSP)ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယခုကဲ့သို့ ဒုတိယအကြိမ် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးခွင့် ရပြီး မည်သည့် ကန့်သတ်ချက်မျှ မထားရှိဘဲ ဆွေးနွေးခွင့်ရရှိသည့်အတွက် အားရကျေးဇူးတင်ရှိသည့် အခြေအနေများ၊ မွန်ပြည်သစ်ပါတီ(NMSP)အနေဖြင့် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး ရရှိရေးကို ရည်မှန်းချက်ထားပြီး ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်တွင် အစဉ်တစိုက် ပါဝင်လျှောက်လှမ်းနေသည့် အခြေအနေများ၊ နိုင်ငံရေးအရ ဖြစ်ပေါ်လာသည့် သဘောထားကွဲလွဲမှုများကို နိုင်ငံရေးအရသာ ဆွေးနွေးဖြေရှင်းရေးကိုလည်း ရပ်တည်လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ သဘောထားအမြင်များကို တင်ပြဆွေးနွေးသည်။ ဤသည်မှာ အောက်တိုဘာ ၁၂ ရက်နေ့ထုတ် မြဝတီသတင်းစာတွင် ဖော်ပြပါရှိတဲ့ သတင်းကို ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်များ အနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုအပေါ် ကျေနပ်မှုရှိကြောင်း အထက်ပါကောက်နုတ်ချက်ကိုကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။ ဆွေးနွေးပြီးသမျှ တိုင်းရင်းသား လက်နက်ကိုင် အားလုံးကလည်း ငြိမ်းချမ်းရေး ဆွေးနွေးမှုအပေါ် ဝမ်းမြောက် ဝမ်းသာဖြစ်ရကြောင်းကို ယခင်သတင်းများမှာလေ့လာတွေ့ရှိနိုင်ပါတယ်။ နိုင်ငံတော် အကြီးအကဲအနေဖြင့် အပြောမဟုတ်ဘဲ အလုပ်ဖြင့် သက်သေပြနေခြင်းဖြစ်ပါတယ်။ တိုင်းရင်းသားတွေ အနေနဲ့ မိမိတို့ဒေသရဲ့ အခွင့်အရေးတွေကို တရားဥပဒေနဲ့အညီ တောင်းဆိုနိုင်ရေးအတွက် နိုင်ငံရေး စင်မြင့်လွှတ်တော်မှာ ပိုမိုပါဝင်လာနိုင်ရေး လမ်းခင်းပေးနေခြင်းဖြစ်ပါတယ်။
ဒီကနေ့ အောက်တိုဘာ ၁၅ ရက်နေ့ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို စတင်လက်မှတ်ရေးထိုးတဲ့ ၇ နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ ဒီစာချုပ်ဖြစ်မြောက်လာဖို့ အတွက် နိုင်ငံတော်အစိုးရနဲ့ တပ်မတော်တို့ဟာ ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့ကတည်းက စတင်ကြိုးပမ်းခဲ့ကြရတာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို အကြိမ်ကြိမ် အထပ်ထပ် ကျင်းပပြီးမှ ပေါ်ပေါက်လာခဲ့တဲ့ စာချုပ်တစ်ခု ဖြစ်ပါတယ်။ စတင်လက်မှတ်ရေးထိုးတဲ့ အချိန်ကာလမှာလည်း ပြည်ပအလိုကျ အနှောင့်အယှက် မပေါ်ပေါက်ခဲ့ဘူးဆိုရင် တိုင်းရင်းသား လက်နက်ကိုင်အားလုံး တညီတညွတ်တည်း ပါဝင်လက်မှတ် ရေးထိုးပြီးဖြစ်မှာပါ။
မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ရဟန်းရှင်လူပြည်သူ တစ်ရပ်လုံးက ငြိမ်းချမ်းရေးရရှိရေးကို မျှော်လင့်နေကြပါတယ်။ နိုင်ငံတော်အစိုးရက ဖိတ်ခေါ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ရန် ကျန်နေတဲ့အဖွဲ့တွေကိုလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတက်ရောက်ကြဖို့ မျှော်လင့်လျက်ရှိပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ပြီး နိုင်ငံအတွင်းမှာ ရှိနေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးက NCA မှာ ပါဝင်လက်မှတ်ရေးထိုးခြင်းဖြင့် အနာဂတ်နိုင်ငံတော်ကို ငြိမ်းချမ်းသာယာမှုအပေါင်း၊ ဖွံ့ဖြိုးတိုးတက်မှုအပေါင်းရရှိအောင် ဆောင်ရွက်ကြရန် မျှော်လင့်လျက်ရှိပါကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။ ။
အာကာမောင်မောင်