သန့်ရှင်းသာယာသောမြို့၊ ရွာများဖြစ်စေရေး ဒေသခံပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့ အစည်းများနှင့် စည်ပင်သာယာရေးအဖွဲ့များက အားတက်သရော ဆောင်ရွက်

သန့်ရှင်းသာယာသောမြို့၊ ရွာများဖြစ်စေရေး ဒေသခံပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့ အစည်းများနှင့် စည်ပင်သာယာရေးအဖွဲ့များက အားတက်သရော ဆောင်ရွက်

နေပြည်တော်၊ အောက်တိုဘာ - ၁၅

     မိမိတို့၏ နေ့စဉ်လူမှုဘဝ နေထိုင်ဖြတ်သန်းရာတွင် ကျန်းမာရွှင်လန်းသော လူမှုပတ်ဝန်းကျင်ကို ပိုင်ဆိုင်နိုင်ရေးအတွက် ကိုယ်စိတ်နှလုံးချမ်းမြေ့ဖွယ်ရာ မျက်စိ ပသာဒဖြစ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် ပတ်ဝန်းကျင်တစ်ခုရှိရန် အလွန်လိုအပ် အရေးကြီးလှပါသည်။ မိမိတို့ တစ်ဦးချင်းနေထိုင်ကြသည့် ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ် နေမှသာလျှင် သန့်ရှင်းသာယာလှပသောမြို့၊ ရွာ  Clean city၊ Clean Village များဖြစ် လာမည်ဖြစ်ပြီး ကျန်းမာရေးနှင့် ညီညွတ် မျှတမည်ဖြစ်သည့်အတွက် မိမိဒေသ၊ မိမိ မြို့ရွာသန့်ရှင်းသာယာရေးကို ဒေသခံများ၊ ဒေသတွင် တာဝန်ထမ်းဆောင်နေကြသည့် အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် စည်ပင်သာယာရေး တာဝန်ရှိသူများက မဖြစ်မနေ ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။

     ယခုအချိန်အခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးဆောင်မှုနှင့်အတူ နိုင်ငံတစ်ဝန်းလုံး၌ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများအားလုံးက နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်လျက် ရှိကြပြီး အပတ်စဉ် စနေနေ့တိုင်းတွင်လည်း မိမိတို့၏ မြို့၊ ရွာဒေသများ သန့်ရှင်းသာယာ လှပရေးကို အားတက်သရော ဆောင်ရွက်လျက်ရှိကြပါသည်။

   ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာ သီရိမြို့နယ်အပါအဝင် မြို့နယ်(၈)မြို့နယ်တို့၌ လည်းကောင်း၊ ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့အပါအဝင်မြို့နယ်(၄)မြို့နယ်တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုး မြို့နယ်အပါအဝင် မြို့နယ်(၅)မြို့နယ် တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုးနဲမြို့အပါအဝင် မြို့နယ်(၃)မြို့နယ်တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့အပါအဝင် မြို့နယ်(၇)မြို့နယ်တို့၌ လည်းကောင်း၊   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အပါအဝင် မြို့နယ်(၁၀)မြို့နယ်တို့၌ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၄၅)မြို့နယ်တို့၌ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ လည်းကောင်း၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အပါအဝင် မြို့နယ် ၈ မြို့နယ်တို့၌ လည်းကောင်း၊   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အပါအဝင် မြို့နယ် ၁၇ မြို့နယ်တို့၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် အပါအဝင် မြို့နယ်(၁၀)မြို့နယ်တို့၌ လည်းကောင်း၊  ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၈ မြို့ နယ်နှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တို့၌လည်းကောင်း ဘုရား၊ စေတီပုထိုးများ၊ ဌာနဆိုင်ရာ အဆောက်အဦများ၊ အခြေခံပညာကျောင်းများ၊ တက္ကသိုလ် များ၊ ဆေးရုံများ၊ ဘိုးဘွားရိပ်သာများ၊ ဈေးများ၊ ပန်းခြံများနှင့် လမ်း၊ တံတားများ၌ ဒေသခံပြည်သူများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ စည်ပင်သာယာရေး အဖွဲ့များ၊ ကြက် ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်း မွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းနှင့် ခြင်ဆေးဖျန်းပေးခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။

            ယင်းသို့ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ  တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ  တိုင်းမှူးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များက လိုက်လံကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိသည်။