ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တစ်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ချုပ်ဆိုခြင်း()နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ပြောကြားသည့်မိန့်ခွန်း

       ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ခင်ဗျာ-

      ဒီကနေ့ဟာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအကြား ချုပ်ဆိုတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)ကို ချုပ်ဆိုခဲ့တာ (၇)နှစ်ပြည့်မြောက်တဲ့နေ့ဖြစ်ပါတယ်။ ယနေ့ကျရောက်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း (၇)နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပြီး အားလုံး လိုလားတောင့်တနေကြတဲ့ ငြိမ်းချမ်းရေးရဲ့အကျိုးကို ထာဝစဉ် ရှေးရှု ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း နှုတ်ခွန်း ဆက်သအပ်ပါတယ်။

       ယနေ့ ကျွန်တော်တို့နိုင်ငံရဲ့ အခြေခံနဲ့ အဓိကအကျဆုံး ပကတိလိုအပ်ချက်ဟာ တိုင်းပြည်တည်ငြိမ် အေးချမ်းရေးပဲ ဖြစ်ပါတယ်။ အတိတ်သမိုင်းအရ ကျွန်တော်တို့ တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းတည်ထောင်ထားတဲ့ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုနိုင်ငံတော်ကြီးဟာ တိုင်းတစ်ပါး လက်အောက်မှာ နှစ်ကာလ တစ်ရာကျော်ကြာ ဖြတ်သန်းနေထိုင်ခဲ့ရ ပါတယ်။ ကိုလိုနီနယ်ချဲ့အင်္ဂလိပ်တို့က ကျွန်တော်တို့ တိုင်းရင်းသား တွေရဲ့ သွေးစည်းညီညွတ်မှု၊ စည်းလုံးခြင်း အင်အားတို့ကို စနစ်တကျ အစီအစဉ်ချကာ သွေးခွဲအုပ်ချုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေ တစ်ဦးကိုတစ်ဦး ရန်သူသဖွယ်ထင်မြင်လာအောင် ဆောင်ရွက်ခဲ့ပါတယ်။ မလွှဲသာ၍ လွတ်လပ်ရေး ပေးရတော့မယ့်အချိန်အထိ ခွဲခြားအုပ်ချုပ်မှု တွေ၊ သပ်လျှိုသွေးခွဲမှုတွေနဲ့ အချင်းချင်းစည်းလုံး ညီညွတ်မှုပြိုကွဲအောင် လုပ်ဆောင်ခဲ့ကြပါတယ်။

     မည်သို့ပင်သွေးခွဲစေကာမူ ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ မျိုးချစ်စိတ်ကို အရင်းတည်ပြီး ပြည်ထောင်စုစိတ်ဓာတ်၊ ပင်လုံစိတ်ဓာတ်ကို တည်ဆောက်ပြီး လွတ်လပ်ရေးကို ပြန်လည်ရယူခဲ့ကြပါတယ်။ သို့သော်လည်း နယ်ချဲ့တို့ရဲ့ သွေးခွဲသပ်လျှိုမှု အကျိုးဆက်က ယနေ့တိုင်ထင်ကျန်နေဆဲ ဖြစ်သလို  လွတ်လပ်ရေးရပြီး ခေတ်အဆက်ဆက်မှာလည်း မြန်မာနိုင်ငံကို လွှမ်းမိုးနိုင်ရေး နည်းမျိုးစုံနဲ့ ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ကျွန်တော်တို့နိုင်ငံအတွင်း မတည်ငြိမ်တဲ့ နယ်မြေတွေ ရှိနေရခြင်းဟာလည်း နယ်ချဲ့တို့ရဲ့ သွေးထိုးလှုံ့ဆော်မှု အရှိန်နဲ့ နောက်ပိုင်းမှာလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့မှုတွေကြောင့် ဖြစ်ပါတယ်။ ဒီအရှိန်၊ ဒီအမွေဆိုးတွေကို ကျွန်တော်တို့ တိုင်းရင်းသားညီအစ်ကိုတွေ ဖြေရှင်းနေတာ နှစ်ပေါင်း ၇၀ ကျော်ကြာပြီဖြစ်ပါတယ်။

တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျာ-

   ကျွန်တော့်အနေနဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ တွေ့ဆုံဆွေးနွေးမှု တွေတိုင်းမှာ NCA နဲ့ပတ်သက်ပြီး အမြဲထည့်သွင်း ပြောဆိုခဲ့ပါတယ်။ ဒီလိုထည့်သွင်း ပြောကြားရခြင်းဟာ NCA စာချုပ်သည် ကျွန်တော်တို့ နိုင်ငံအတွက် အရေးတကြီးလိုအပ်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အဓိကအကျဆုံး အခြေခံ လုပ်ဆောင်ရမယ့်အချက်ဖြစ်လို့ပဲ ဖြစ်ပါတယ်။ NCA စာချုပ်ဟာ တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တည်းက ရေးဆွဲတာ မဟုတ်ဘဲ ကျွန်တော်တို့ တိုင်းရင်းသားညီအစ်ကိုတွေဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ကနဦး အဆိုပြုချက်တွေအပေါ်မှာ အခြေခံပြီး အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံး ဆွေးနွေးညှိနှိုင်း သဘောတူရေးဆွဲထားတဲ့ စာချုပ်ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာရှိ နိုင်ငံအချို့နဲ့ အဖွဲ့အစည်း အသီးသီးတို့က အသိအမှတ်ပြု ပါဝင်လက်မှတ်ရေးထိုးထားတဲ့ စာချုပ် ဖြစ်ပါတယ်။ ဒီလို ခိုင်မာအတည်ပြုပြီးသား လမ်းကြောင်းပေါ်ကို လျှောက်လှမ်းနိုင်မှသာ ကျွန်တော်တို့အားလုံး မျှော်မှန်းထားတဲ့ အေးချမ်း သာယာတဲ့ နိုင်ငံတော်ကြီးကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်မှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေး ကိစ္စရပ်တွေဟာ ပြည်ပ စွက်ဖက်မှု ကင်းစင်စွာဖြင့် တိုင်းရင်းသား ညီအစ်ကိုအချင်းချင်း မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်မှသာ အောင်မြင်မှုရရှိမှာပဲ ဖြစ်ပါတယ်။ ပြည်တွင်း၊ ပြည်ပက မြန်မာ့ငြိမ်းချမ်းရေး အကျိုးကို မလိုလားသူတွေရှိနေသရွေ့ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု တွေဟာ ထင်သလောက်ခရီးပေါက်မှာ မဟုတ်ကြောင်းနဲ့ ငြိမ်းချမ်းရေးကို ပျက်စီးရာပျက်စီးကြောင်း ဝေဖန်အပုတ်ချနေမှုတွေ အပေါ်မှာ နားယောင်ဖို့ မလိုကြောင်း ကျွန်တော်တို့ညီအစ်ကိုတွေ သတိပြုမိဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျာ-

    ယနေ့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အစိုးရအနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ရာမှာ လက်တွေ့ကျတဲ့၊ ဖြစ်နိုင်တဲ့ လုပ်ဆောင်ချက်တွေကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါတယ်။ တပ်မတော်အနေနဲ့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ကစပြီး ယခုနှစ် နှစ်ကုန်ပိုင်းအထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနဲ့ ထာဝရ ငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်ပေါင်း ၂၁ ကြိမ်ထုတ်ပြန်ပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲပေးခဲ့ပါတယ်။ ယနေ့တပ်မတော်က နိုင်ငံတော် တာဝန်ကို ထမ်းဆောင်နေရချိန်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ လက်တွေ့ကျကျ တိုးတက်လာနိုင်စေရေး နိုင်ငံတော်နဲ့ တပ်မတော်အကြီးအကဲ ဖြစ်တဲ့ ကျွန်တော်ကိုယ်တိုင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ အခုဆိုရင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့နဲ့ ၂ ကြိမ်တွေ့ဆုံခဲ့ပြီး ဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးကြရာမှာ ပြည်သူလူထုရဲ့ လိုလားချက်ဖြစ်ပြီး ကျွန်တော်တို့အစိုးရရဲ့ မူဝါဒနှစ်ရပ်ဖြစ်တဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုစနစ် တည်ဆောက်ရေးကို အားလုံးက လက်ခံသဘောတူကြပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အနေနဲ့ သူတို့ရဲ့လိုအင် ဆန္ဒတွေ၊ ဖြစ်ချင်တာတွေ၊ မျှော်မှန်းချက်တွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြပါတယ်။ ကျွန်တော်တို့ဘက်ကလည်း ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိစေဖို့ ဖြစ်သင့်တာတွေ၊ ဖြစ်နိုင်တာတွေ၊ ဆက်လက်ဆောင်ရွက်သွားရမယ့် ကိစ္စရပ်တွေကို ပြန်လည်ဆွေးနွေးခဲ့ ပါတယ်။ တွေ့ဆုံမှုတိုင်းမှာ ပြည်သူလူထုနဲ့ နိုင်ငံတော်အတွက် ကောင်းမွန်တဲ့ ရလဒ်တွေရရှိခဲ့တယ်လို့ အသိပေး ပြောကြားလိုပါတယ်။

တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျာ-

      ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဆက်လက် ဆောင်ရွက်ရာမှာ ရပ်တည်သွားရမယ့် အခြေခံအချက် ၂ ခု ရှိပါမယ်။ ဒါတွေကတော့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)အပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်သွားပါမယ်။ နောက်တစ်ခုကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည် သွားပါမယ်။ NCA အပေါ်မှာ ဘာကြောင့် ရပ်တည်သင့်တယ် ဆိုတာကို ကျွန်တော်ပြောခဲ့ပြီးဖြစ်ပါတယ်။ အလားတူ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)ဟာလည်း တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုရဲ့ သဘောဆန္ဒအရ ရေးဆွဲထားတာ မဟုတ်ပါဘူး။ နိုင်ငံရေးပါတီများ အစုအဖွဲ့၊ ရွေးကောက်ပွဲတွင် ရွေးချယ်ခံထားရသည့် ကိုယ်စားလှယ်များ အစုအဖွဲ့၊ တိုင်းရင်းသား လူမျိုးများအစုအဖွဲ့၊ တောင်သူလယ်သမား အစုအဖွဲ့၊ အလုပ်သမားအစုအဖွဲ့၊ အသိပညာရှင်/ အတတ်ပညာရှင်များ အစုအဖွဲ့၊ နိုင်ငံ့ဝန်ထမ်းများ အစုအဖွဲ့၊ အခြားဖိတ်ကြားသင့်သည့် ပုဂ္ဂိုလ်များအစုအဖွဲ့စတဲ့ အစုအဖွဲ့ ၈ ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ အခြေခံဥပဒေ မူကြမ်းရေးဆွဲရာမှာ ၁၉၉၃ ခုနှစ်၊ စက်တင်ဘာလကနေ ၁၉၉၆ ခုနှစ် အထိ ၂ နှစ်ကျော်ကြာကျင်းပခဲ့တဲ့ အမျိုးသား ညီလာခံမှာ ခုနကပြောခဲ့တဲ့ အစုအဖွဲ့ ၈ ဖွဲ့က ကိုယ်စားလှယ် ၇၀၂ ဦးက ဆွေးနွေးရေးဆွဲခဲ့တာဖြစ် ပါတယ်။ ၂၀၀၄ ခုနှစ်၊ မေလကနေ ၂၀၀၇ ခုနှစ်၊ ဧပြီလအထိ ပြုလုပ် ခဲ့တဲ့ ဒုတိယအကြိမ် အမျိုးသားညီလာခံမှာ ကိုယ်စားလှယ် အရေ အတွက်ကို ၁,၀၈၆ ဦးအထိ တိုးချဲ့ပြီးဆောင်ရွက်ခဲ့ပါတယ်။ အမျိုးသား ညီလာခံကို တက်ရောက်ရမယ့် ကိုယ်စားလှယ်များကို ရွေးချယ်ခဲ့ရာမှာ လည်း နိုင်ငံရေးပါတီများ အစုအဖွဲ့နဲ့ ရွေးချယ်ခံ ကိုယ်စားလှယ်များ အစုအဖွဲ့မှအပ ကျန်အစုအဖွဲ့များရဲ့ ကိုယ်စားလှယ်တွေကို ကိုယ်စားလှယ် ရွေးချယ်ရေး အဖွဲ့များဖွဲ့စည်းခြင်း၊ ၎င်းအဖွဲ့များက မဲဆန္ဒပြု ရွေးချယ်ခြင်း၊ အရည်အချင်း သတ်မှတ်ချက်များ သတ်မှတ်ခြင်း စတဲ့ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းများနဲ့အညီ ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရပါတယ်။  ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အသက်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ အနှစ်သာရ ဖြစ်တဲ့ အခြေခံမူ ၁၀၄ ချက်ကို ချမှတ်ရာမှာလည်း အမျိုးသားညီလာခံမှာ အစုအဖွဲ့အသီးသီးက တင်သွင်းခဲ့တဲ့ စာတမ်း ၂၂ စောင်၊ စာမျက်နှာ ၉၀၀ ကျော် အပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့်၊ အခြေအတင် ဆွေးနွေးပြီး သဘောတူညီချက်များ ရယူချမှတ်ခဲ့တာကို တွေ့ရပါတယ်။ အဲ့ဒီ အထဲမှာ အခြားဖိတ်ကြားသူများ အစုအဖွဲ့ထဲမှာ ပါဝင်တဲ့ အချို့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ခေါင်းဆောင်တွေ၊ NLD အပါအဝင် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား ပါတီတွေက ခေါင်းဆောင်များနဲ့ ကိုယ်စားလှယ်များပါ ပါဝင်ခဲ့ကြောင်း သမိုင်း မှတ်တမ်းရှိပြီးဖြစ်တယ်။ အခြေခံဥပဒေမူကြမ်းကို အတည်ပြုရာမှာလည်း ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွေကို ၂၀၀၈ ခုနှစ်၊ မေလအတွင်း မှာ ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်းလုံးမှ ဆန္ဒမဲပေးခွင့်ရှိသူ ၉၈ ဒသမ ၁၂ ရာခိုင်နှုန်းက ဆန္ဒမဲပေးခဲ့ပြီး ဆန္ဒမဲ ပေးသူတွေအနက် ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းက ထောက်ခံမဲပေးပြီး ဒီမိုကရေစီနည်းလမ်းကျ အတည်ပြုခဲ့ တာဖြစ်ပါတယ်။ အမျိုးသားညီလာခံကို တက်ရောက်ခဲ့သူတွေ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို မဲပေးခဲ့သူများဟာ ခုထိရှိနေပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အစိုးရအနေနဲ့ အခုတိုင်းပြည်တာဝန်များကို ထမ်းဆောင်နေရချိန်မှာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ တာဝန် ထမ်းဆောင်နေခြင်းသာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ ရပ်တည်နေခြင်းတို့ဟာ ဒီမိုကရေစီ နည်းလမ်း ကျ ပေါ်ထွက်လာတဲ့ အခြေခံဥပဒေကို ထိန်းသိမ်း စောင့်ရှောက်နေတာ၊ တစ်နည်းအားဖြင့် ပြည်သူလူထု လိုလားတောင့်တတဲ့ ဒီမိုကရေစီစနစ် ကို ထိန်းသိမ်းစောင့်ရှောက်နေတာပဲ ဖြစ်တယ်လို့ ခိုင်ခို်ငမာမာ ပြောလိုပါတယ်။ ဒါ့ကြောင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အနေနဲ့လည်း အစိုးရနဲ့လက်တွဲပြီး ဒီမိုကရေစီစနစ်ကို ကာကွယ် စောင့်ရှောက်ကြဖို့၊ ငြိမ်းချမ်းရေးလမ်းကို လျှောက်လှမ်းကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်။

တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျာ-

     ကျွန်တော့်အနေဖြင့် နိုင်ငံတော်ရဲ့ ပကတိလိုအပ်ချက်ဖြစ်တဲ့ အမျိုးသားရေး လုပ်ငန်းစဉ်(၂)ရပ်၊ နိုင်ငံရေး လုပ်ငန်းစဉ်(၂)ရပ်၊ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နဲ့ ဦးတည်ချက်(၉)ရပ်ကို ချမှတ်အကောင်အထည် ဖော်ဆောင်ရွက်နေပါတယ်။

   ဒီအထဲမှာ တိုင်းရင်းသား ညီအစ်ကိုတွေအတွက် အလေးပေး ထားတာတွေ များစွာပါရှိပါတယ်။  ရှေ့လုပ်ငန်းစဉ် (၅)ရပ်အနက် အမှတ်စဉ်(၄)မှာလည်း “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေး အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ပါ သဘောတူညီချက်များအတိုင်း အလေးအနက်ထား လုပ်ဆောင်သွားမည်” ဆိုတဲ့အချက်ကို အတိအလင်း ထည့်သွင်းထားပါတယ်။ နိုင်ငံရေး ဦးတည်ချက်မှာလည်း ထည့်သွင်းထားပါတယ်။ ဒီလုပ်ဆောင်ချက် တွေကတစ်ဆင့် အမျိုးသားရေး လုပ်ငန်းစဉ်တွေ၊ နိုင်ငံရေးလုပ်ငန်းစဉ်တွေကို ပုံဖော်နိုင်မှာဖြစ်ပါတယ်။ ဒီလိုပုံဖော်နိုင်ဖို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဟာ ရှိကိုရှိရမှာ ဖြစ်ပါတယ်။

    ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ ညှိနှိုင်းရေး ကော်မတီဆိုပြီး ကော်မတီ ၃ ရပ်ဖွဲ့စည်းပြီး ငြိမ်းချမ်းရေး ဆိုင်ရာလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။ ညှိနှိုင်းရေးကော်မတီ အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့တွေနဲ့ (၈၈)ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီလိုတွေ့ဆုံဆွေးနွေးရာမှာလည်း သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ၊ သဘောထားတွေ၊ ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာတွေကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ညှိနှိုင်းဆွေးနွေး ခဲ့ကြပါတယ်။

တိုင်းရင်းသား ညီအစ်ကိုမောင်နှမများခင်ဗျာ-

     ကျွန်တော်တို့ရဲ့ နိုင်ငံရေးလုပ်ငန်းစဉ် ၂ ရပ်မှာပါဝင်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ်ကို တည်ဆောက်ရာမှာ နိုင်ငံရဲ့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့ တာကို သတိရဖို့လိုပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ပြည်ထောင်စုနိုင်ငံ ထူထောင်ကြဖို့နဲ့ ပတ်သက်ပြီး ဗမာပြည်သစ်ကို တည်ထောင်တော့ ပြည်ထောင်စုသဘော တည်ထောင်မလား၊ လူမျိုးကြီးတစ်မျိုးတည်းပဲ ဆိုတဲ့ တိုင်းပြည်မျိုး(Unitary State)တည်ထောင်မလားဆိုတော့  ပြည်ထောင်စု(Union) သဘောမျိုးပဲ ဖြစ်ရမယ်။ ဒါမှ လူမျိုးအားလုံး တိုင်းသူပြည်သား အများဆုံး တိုးတက်မှုကို လုပ်နိုင်မှာပဲလို့ ပြောကြားခဲ့တာရှိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပြည်ထောင်စု(Union)ဆိုတဲ့ စကားကို သတိပြုမိဖို့ လိုအပ်မှာဖြစ်ပါတယ်။

      ကျွန်တော်တို့နိုင်ငံမှာ အဓိကတိုင်းရင်းသား လူမျိုးကြီး ၈ မျိုး၊ လူမျိုးစု ၁၃၀ ကျော်ရှိပါတယ်။ တိုင်းရင်းသား လူမျိုးတိုင်းဟာ တူညီတဲ့ အခွင့်အရေးများ ရဖို့လိုပါတယ်။ တည်ဆဲဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း တိုင်းရင်းသားများ အရေးနဲ့ပတ်သက်ပြီး ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ ဖြစ်သင့်ဖြစ်ထိုက်တ အခွင့်အရေးတွေ၊ ရသင့်ရထိုက်တဲ့ ရပိုင်ခွင့်တွေရရှိအောင် ဆက်လက် ဆောင်ရွက်သွား ပါမယ်။

တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျာ-

     ဖက်ဒရယ်ဆိုတာဟာ မတူကွဲပြားနေတဲ့ တိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေ၊ လူမျိုးတွေ၊ လူမျိုးစုတွေကို စုစည်းလုပ်ကိုင်ရာမှ လုပ်ကိုင်နိုင်ခွင့်တွေကို ခွဲဝေကျင့်သုံးတဲ့ အယူအဆသဘောတရား ဖြစ်ပြီး ပေါင်းစည်းနေထိုင်ခြင်း၊ မျှဝေခံစားခြင်း ဖြစ်ပါတယ်။ တိုင်းရင်းသားပါတီများအပါအဝင် နိုင်ငံရေးပါတီများဟာ ၎င်းတို့ကို ထောက်ခံတဲ့ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ သူတွေဖြစ်ပါတယ်။ ဒါ့ကြောင့် မတူကွဲပြားတဲ့ ကိုယ်စားပြုမှုတွေရှိပြီး ပါတီတွေ၊ တိုင်းရင်းသား လူမျိုးစုတွေကို ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုနိုင်ဖို့အတွက် အချိုးကျ ကိုယ်စားပြုစနစ်(PR)ကို ကျင့်သုံးနိုင်ရေး ဆောင်ရွက်နေပါတယ်။

       ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာလည်း ကျွန်တော့်အနေနဲ့ EAO ခေါင်းဆောင်များကို ဆွေးနွေးရှင်းပြပြီးဖြစ်ပါတယ်။ အခု တိုင်းရင်းသားများရဲ့ဆန္ဒနဲ့ လိုလားချက်တွေကို ဒီမိုကရေစီနည်းလမ်းကျ ဆောင်ရွက် ပေးနိုင်ဖို့က နိုင်ငံရေးစင်မြင့်ဖြစ်တဲ့ လွှတ်တော်ထဲကို တိုင်းရင်းသား ကိုယ်စားလှယ်များ စုံစုံညီညီရောက်ရှိလာဖို့ လိုအပ်ပါတယ်။ ဒါမှလည်း လူမျိုးစုအလိုက် လိုလားချက်တွေ၊ ရည်မှန်းချက်တွေကို ပွင့်လင်းမြင်သာစွာ ဆွေးနွေး၊ စုပေါင်းဆုံးဖြတ်၊ စုပေါင်း အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ တိုင်းရင်းသားများရဲ့ တောင်းဆိုချက်၊ လိုလားချက်တွေထဲက ဖြစ်နိုင်တာ၊ ဖြစ်သင့်တာတွေကို အကောင်အထည် ဖော်နိုင်ဖို့ အချို့သော ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ပြင်သင့်တာပြင်ရပါလိမ့်မယ်။ ဥပမာအနေနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ဆိုပြီးရှိတယ်။ တိုင်းရင်းသား တွေကို ကိုယ်စားပြုမှုအများဆုံးဖြစ်တဲ့ အမျိုးသားလွှတ်တော်က အဆိုပြုလိုက်တဲ့ အဆိုပြုချက်တွေ၊ ဥပဒေမူကြမ်းတွေဟာ ပြည်သူ့ လွှတ်တော်နဲ့ သဘောထားကွဲလွဲမှုရှိလို့ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရင် လူများစုဖြစ်တဲ့ ပြည်သူ့လွှတ်တော်ဘက်ကပဲ လွှမ်းမိုး သွားတာ များပါတယ်။ ကျွန်တော်တို့ဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ်ကို တည်ဆောက်မယ်ဆိုရင် ဒီလိုကိစ္စမျိုးမှာ တိုင်းရင်းသားတွေ အရေးကို ထည့်သွင်းစဉ်းစားရပါလိမ့်မယ်။

   ဒါ့ကြောင့် ဥပဒေပြုရေး မဏ္ဍိုင်အတွင်းမှာကိုပဲ ထိန်းညှိမျှတမှု (Check and Balance)ရှိစေရေးနဲ့ တိုင်းရင်းသားလူမျိုးများ အခွင့်အရေးကို အလေးထားသောအားဖြင့် သီးခြားဥပဒေပြုခွင့်တွေကို လွှတ်တော်အလိုက်ပေးထားပြီး လုပ်ဆောင်နိုင်ရင် ပိုမိုကောင်းမွန်မယ်လို့ ကျွန်တော် ယူဆပါတယ်။ ပြည်သူ့လွှတ်တော်ကတော့ ဘာဥပဒေတွေကို ပြဋ္ဌာန်းနိုင်တယ်။ အမျိုးသား လွှတ်တော်ကတော့ မည်သည့်ဥပဒေတွေကို ပြဋ္ဌာန်းနိုင်တယ်။ ပြည်ထောင်စုလွှတ်တော်ကတော့ ဘာဥပဒေတွေကို ပြဋ္ဌာန်းနိုင်တယ် စသဖြင့် ပြဋ္ဌာန်းပေးရပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ ဒါတွေကို ဆောင်ရွက်နိုင်ဖို့ တည်ဆဲဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရ ပါလိမ့်မယ်။ ဒါမှသာ တိုင်းရင်းသားအားလုံး ဒီမိုကရေစီရဲ့အနှစ်သာရ၊ ပြည်ထောင်စု စနစ်ရဲ့ ကောင်းမွန် အဓိပ္ပာယ်ပြည့်ဝမှုတွေကို ခံစားနိုင်မှာ ဖြစ်ပါတယ်။

တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျာ-

   ကျွန်တော်တို့အားလုံး ဖြတ်သန်းလာခဲ့တဲ့ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ချုပ်ဆိုခဲ့တဲ့ (၇)နှစ်ပြည့် ကာလမှာ ကျွန်တော့် အနေနဲ့-

    - ဖြတ်သန်းလာခဲ့ရတဲ့ ကာလတစ်လျှောက် အတွေ့အကြုံတွေ အရ တည်ငြိမ်အေးချမ်းမှု ရှိခြင်းနဲ့ တည်ငြိမ်အေးချမ်းမှု မရှိခြင်းတို့ရဲ့ အကျိုးအပြစ်တွေကို သုံးသပ်ဆင်ခြင်ပြီး NCA စာချုပ်ရဲ့ တန်ဖိုးအနှစ်သာရ ပိုမိုပီပြင်လာအောင် ဝိုင်းဝန်း ဆောင်ရွက်ကြပါ။

    - ဒို့တာဝန်အရေးသုံးပါး မူဝါဒကို လေးစားတန်ဖိုးထားပြီး ပေါင်းစည်းညီညွတ်သော ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုဖော်ဆောင် အောင်မြင်နိုင်ဖို့ NCA စာချုပ်ပါ ကတိကဝတ်တွေကို လေးလေးစားစား လိုက်နာကြပါ။

    -အမျိုးသားနိုင်ငံရေး အတွေးအမြင်ကြွယ်ဝသော၊ နိုင်ငံသား သစ္စာတရား ပြည့်ဝသော နိုင်ငံကြီးသားစိတ်ထားရှိသူတွေ ဖြစ်လာစေရန် မိမိတို့ကိုယ်တိုင်နှင့် မိမိတို့ပတ်ဝန်းကျင်ကို ပြုစုပျိုးထောင်သွားကြပါ။

    - NCA မှာ လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသည့် အဖွဲ့အစည်းတွေ ပါဝင်လာစေဖို့အတွက် နှိုးဆော်တိုက်တွန်း မှုတွေ၊ စည်းရုံး သိမ်းသွင်းမှုတွေကို တတ်စွမ်းနိုင်သမျှ ပံ့ပိုးလုပ်ဆောင်ခြင်းဖြင့် သမိုင်းမှတ်တမ်းကောင်း တစ်ခု စိုက်ထူ သွားကြပါစို့လို့ နှိုးဆော်တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။