ကောင်းမွန်ပြည့်ဝအာဟာရ ဝန်းကျင်လှပကျန်းမာစွ

ကောင်းမွန်ပြည့်ဝအာဟာရ ဝန်းကျင်လှပကျန်းမာစွ

ကျန်းမာစွာ အသက်ရှင်သန်နေထိုင်ရေးအတွက် ရေနှင့်အစားအစာသည် တွဲဖက်လိုအပ်လျက်ရှိသည်။ အာဟာရဖြစ်ဖွယ်စားသောက်စရာ စပါး၊ ဂျုံ၊ ပဲ၊ပြောင်း၊ သစ်သီးဝလံစားစရာတစ်ခုမျှမရရှိလျှင် ချည့်နဲ့အင်အားကွယ်ပျောက်ကြရမည်သာဖြစ်သည်။ စားစရာပြည့်စုံသော်လည်း အာဟာရမပြည့်စုံလျှင် ရောဂါ

ထူပြောမည်ဖြစ်သည်။ အစာအာဟာရမရရှိလျှင် ရပ်တည်ရှင်သန်ရန် မဖြစ်နိုင်သဖြင့် စား၊ ဝတ်၊ နေရေးတွင် စားရေးသည် အခြေခံအကျဆုံးနှင့် အရေးပါဆုံး လိုအပ်

ချက်တစ်ရပ်ဖြစ်သည်။  နေ့စဉ်နှင့်အမျှ အာဟာရပြည့်စုံသော အစားအသောက်ကို မှီဝဲသုံးဆောင်ရန် လိုအပ်သည်။ ကံ၊ စိတ်၊ ဥတု၊ အာဟာရလေးပါး  စုံညီမျှတမှ သက်ရှည်ကျန်းမာလူ့ဘဝစာချိုးအတိုင်း လူသားအားလုံး အာဟာရပြည့်ဝကျန်းမာ ကြမည်ဖြစ်သည်။

တိုးတက်ပြောင်းလဲလျက်ရှိသည့် နည်းပညာခေတ်နှင့်အပြိုင် နှစ်စဉ်တိုးပွားလျက်ရှိသော ကမ္ဘာ့လူဦးရေနှင့် စားနပ်

ရိက္ခာပမာဏ အချိုးမညီမျှဖြစ်လာသည်ကို လေ့လာတွေ့ရှိရသည်။ စစ်မက်ပဋိပက္ခဖြစ်ပွားခြင်းနှင့် ရာသီဥတု ဖောက်ပြန်ခြင်းသည် စိုက်ပျိုးမွေးမြူထုတ်လုပ်ရေးလုပ်ငန်းများကိုတုံ့နှေးစေသည်။ လူတစ်ဦးချင်းစီ၏ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများပါ   ဆုံးရှုံးစေသည်။ အာဟာရမပြည့်ဝမှုနှင့် ဆင်းရဲမှုသည် ဆက်စပ်တည်ရှိခြင်းကြောင့် ပတ်ဝန်းကျင် ငြိမ်းချမ်းမှသာလျှင် အလုပ်အကိုင် အခွင့်အလမ်းများလည်း တည်တံ့ခိုင်မြဲစေမည်ဖြစ်သည်။   ဆာလောင်ငတ်မွတ်မှုဒဏ်ကို ခံစားနေရသူ အများစုသည် ဖွံ့ဖြိုးဆဲနိုင်ငံများမှဖြစ်ပြီး အရွယ်အားဖြင့် အဘိုးအဘွား၊ အမျိုးသမီးများနှင့် ကလေးသူငယ်များဖြစ်ကြပြီး စားနပ်ရိက္ခာမလုံလောက်မှု၊ အာဟာရချို့တဲ့မှုပြဿနာကြောင့် ကမ္ဘာပေါ်တွင် ပျမ်းမျှတစ်မိနစ်လျှင် ကလေးငယ်တစ်ဦး အသက်ဆုံးရှုံးလျက်ရှိနေခြင်းကြောင့် စားရေးလိုအပ်ချက် ပြဿနာကို လူသားချင်းစာနာမှုအသွင်ဖြင့်  ဝိုင်းဝန်းဖြေရှင်းဆောင်ရွက်ရန်   လိုအပ်လာခဲ့သည်။

နိုင်ငံတိုင်းသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော  နိုင်ငံတစ်နိုင်ငံဆီသို့   ဦးတည်လျှောက်လှမ်းရာတွင် ေ့စဉ်အာဟာရပြည့်ဝစွာရရှိရေး၊ သန့်ရှင်းလတ်ဆတ်သော အစားအစာထုတ်လုပ်ရေးအခန်းကဏ္ဍကို အလေးထား ဆောင်ရွက်ရန်   လိုအပ်ပေသည်။ စားသောက်မှုပုံစံကိုပြုပြင်ရန် လိုအပ်ပြီး ဘေးကင်းလုံခြုံသော အစားအစာကို စားသောက်ကြရန်လည်းလိုအပ်ပေသည်။ အမျှင်ဓာတ်ပါသောအစားအစာ၊ ဘေးထွက်ဆိုးကျိုး နည်းသော  အစားအစာများကို မှီဝဲသုံးဆောင်သင့်သည်။ တာရှည်ခံပြုပြင်ထုတ်လုပ်ထားသည့် အစားအသောက်များကို ရှောင်ကြဉ်သင့်ပြီး  လတ်ဆတ်သော ဟင်းသီးဟင်းရွက်၊    ဓာတုဆိုးဆေးကင်းသော အစာ၊ အေးခဲအစားအစာတို့ကို သတိပြုဆင်ခြင်သင့်ပေသည်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏လူ့လောကအသိုက်အဝန်းတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်(၁၇)ရပ်ချမှတ်ခဲ့ပြီး  ငတ်မွတ်ခေါင်းပါးမှုအဆုံးသတ်ရေး၊ အစားအစာဖူလုံရေး၊ အာဟာရပြည့်ဝရေးနှင့်စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအစရှိသည့် စားနပ်ရိက္ခာဖူလုံရေး   လုပ်ငန်းများကို အသားပေးဖော် ဆောင်လျက် ရှိသော်လည်း အာဟာရမပြည့်ဝသူဦးရေမှာ တိုးပွားလျက်ရှိကြောင်း ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ကြီး၏ ထုတ်ပြန်ချက်အချို့တွင် ဖော်ပြထားသည်ကိုတွေ့ရှိရသည်။ စားနပ်ရိက္ခာထုတ်လုပ်မှုပမာဏ   လျော့ကျမှု၊အရည်အသွေးမပြည့်ဝမှု၊  စားသောက် နေထိုင်မှုပုံစံမမှန်ကန်မှုများကြောင့်ရောဂါ

ဘယထူပြောနိုင်ပေသည်။ ကျန်းမာရေးကို အထောက်အကူပြုစေနိုင်သည့် စားသောက်မှုပုံစံပြောင်းလဲရန်နှင့် အရည်အသွေးပြည့်ဝသည့် စားနပ်ရိက္ခာ ထုတ်လုပ်မှုပမာဏ ပိုမိုတိုးတက်ထုတ်လုပ်ရန် လိုအပ်လာသည်ကို  လေ့လာဆန်းစစ်ချက်များမှတစ်ဆင့်တွေ့ရှိရသည်။

၂၀၃၀ ပြည့်နှစ်တွင် ငတ်မွတ်ကင်းစင်သောအနာဂတ်ကို ကြိုတင်ပြင်ဆင်သွားရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးလုပ်ငန်းကို အခြေခံထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်သဖြင့် နှစ်စဉ် ရာသီအလိုက် သီးနှံ ၆၀ ကျော် စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ ဘေးကင်းလုံခြုံ၊ အာဟာရပြည့်ဝသောစားနပ်ရိက္ခာထုတ်လုပ်မှု   အခန်းကဏ္ဍကို ရေတို၊ ရေရှည်နည်းလမ်းများ၊

စားရေရိက္ခာ ဖူလုံရေး   စီမံကိန်းများဖြင့်  ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ လူဦးရေတိုးပွားမှုနှင့် စားရေရိက္ခာ ဖြည့်တင်းရေး၊  ရာသီဥတု   ပြောင်းလဲဖောက်ပြန်မှုနှင့် သဘာဝဘေးပြန်လည်ထူထောင်ရေး အခြေအနေများကို လွှမ်းခြုံနိုင်သည့် လယ်ယာကဏ္ဍတစ်ရပ်ပေါ်ပေါက်ရေး၊  ပန်းတိုင်အထွက်နှုန်းရရှိရေး ဟန်ချက်ညီညီကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ထို့ပြင်  ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် လယ်ယာကဏ္ဍ တစ်ခေတ်ဆန်းသစ်လာစေရေးအတွက် တောင်သူလယ်သမားများ ဝင်ငွေဖွံ့ဖြိုး စီးပွားတိုးတက်စေသည့် ဈေးကွက်ဝင်   မျိုးကောင်းမျိုးသန့်များပြောင်းလဲစိုက်ပျိုးခြင်း၊ ရေသွယ်မြောင်းများ

ဖြင့် ရေသွင်းနည်းစနစ်များကို အသုံးပြုပြောင်းလဲခြင်း၊ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းခြင်း ဆိုင်ရာ   အလေ့အကျင့်ကောင်းများကို ဖော်ဆောင်ပေးလျက်ရှိသည်။  ခေတ်မီ နည်းပညာများဖြင့်    ပိုးမွှားကင်းစင်ပြီး ရာသီဥတုဒဏ်ခံနိုင်သည့် စပါးမျိုးသစ်များ သုတေသနပြု ထုတ်လုပ်ခြင်း၊  စိုက်ပျိုးမှုပုံစံများဆန်းသစ်ခြင်း၊ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့   ကူးပြောင်းခြင်း၊ စနစ်ကျလယ်ယာမြေများ  ဖော်ထုတ်ခြင်း လုပ်ငန်းများဖြင့် ခိုင်မာသောစားနပ်ရိက္ခာ ထုတ်လုပ်မှုလုပ်ငန်း များကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။ လယ်ယာကဏ္ဍတွင် မရှိမဖြစ်အရေးပါသည့် အရာမှာ စိုက်ပျိုးရေရရှိရေးဖြစ်သည်။ ရာသီမလပ်သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက်  ဆည်ရေမှာလိုအပ်ချက်တစ်ရပ်ဖြစ်သည်။ မြစ်ချောင်းများမှစီးဆင်းလျက်ရှိသည့်ရေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး နည်းပညာအကူအညီဖြင့်လူသားအကျိုးပြုဆည်မြောင်း၊ တာတမံတည်ဆောက်  သိုလှောင်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်ကြသည်။ စိုက်ပျိုးရေရရှိရေး အလေးထားသောနိုင်ငံအများစုသည် ဆည်မြောင်းတာတမံစနစ်တစ်ရပ် အခိုင်အမာ တည်ဆောက်လျက် ဆည်ရေကို သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းအပိုင်းနှစ်ပိုင်းဖြင့် တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းများကို   အကျိုးပြုလျက်ရှိသည်။

သီးနှံစိုက်ပျိုးရာတွင်အသုံးပြုလေ့ရှိသော ပိုးသတ်ဆေး၊   ပေါင်းသတ်ဆေးများ အလွန်အကျွံသုံးစွဲခြင်းကို သတိပြုဆင်ခြင်သုံးစွဲရန်လိုအပ်လာသည်။စားသုံးသူများ ဘေးကင်းလုံခြုံရေး၊ ကျန်းမာရေးအတွက် ဓာတုဆေးပါဝင်မှုနည်းပါးသော စားသောက်ကုန်များ ထုတ်လုပ်ကြရမည်။ ပိုးသတ်ဆေးသုံးစွဲမှုဆိုင်ရာ   အသိပညာပေး လုပ်ငန်းများမှတစ်ဆင့် ကိုင်တွယ်ထိတွေ့အသုံးပြုသူများ ကျယ်ကျယ်ပြန့်ပြန့်နားလည်သိရှိခြင်း၊ မြေသြဇာဥပဒေ၊ ပိုးသတ်ဆေးဥပဒေများ၏လိုက်နာဖွယ်ရာ ဥပဒေအချက်အလက်များကို  ပိုမိုသဘောပေါက်ခြင်းသည် စိုက်ပျိုးရေးကဏ္ဍအတွက် အပေါင်းလက္ခဏာကို ဆောင်စေမည်ဖြစ်သည်။အလားတူ ကျေးလက်ဒေသ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အလေးပေးဆောင်ရွက်ခြင်းဖြင့် ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်း  ပေါများလာခြင်း၊ ဆင်းရဲမှု   တိုက်ဖျက်ခြင်းလုပ်ငန်းစဉ်ကို လက်တွေ့ကျကျ ဆောင်ရွက်ခြင်းဖြစ်သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဟန်ချက်ညီညီ  ထုတ်လုပ်ခြင်းဖြင့် စားနပ်ရိက္ခာဖူလုံရေးအခန်းကဏ္ဍအတွက် အကျိုးရလဒ်ကောင်းများကို ပေါ်ထွက်စေပါသည်။  စိုက်ပျိုးရေးလုပ်ငန်းမှ သီးနှံအောင်မြင်အထွက်တိုးနိုင်သကဲ့သို့ တိရစ္ဆာန်မွေးမြူထုတ်လုပ်သော လုပ်ငန်းများမှလည်း  ကျေးလက် နေပြည်သူများ၏ လူမှုစီးပွားဘဝကိုမြှင့်တင်ပေးနိုင်သည်။ ကျန်းမာ သန့်ရှင်းပြီး အာဟာရပြည့်ဝသော မွေးမြူရေးထုတ်ကုန်များ တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်ပိုမို ထုတ်လုပ်ပေးနိုင်ခြင်းဖြင့် တိုင်းပြည်၏ဝင်ငွေကို တိုးပွား ရရှိစေသည်။

ကမ္ဘာ့ကုလသမဂ္ဂ   စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့၏ စားနပ်ရိက္ခာဖူလုံရေးကြိုးပမ်းဆောင်ရွက်မှုကို  ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် ၁၉၄၅ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ကမ္ဘာတစ်ဝန်းလုံး၌ ကမ္ဘာ့စားနပ်ရိက္ခာနေ့အခမ်းအနားများ ကျင်းပကြသည်။ ရည်ရွယ်ချက်အနေဖြင့် ဆာလောင်မွတ်သိပ်သူများအား ကိုယ်ချင်းစာနာနိုင်ရေး၊ လူသားအားလုံး စားနပ်ရိက္ခာလုံခြုံရေးနှင့်အစာအာဟာရပြည့်ဝစွာ ရရှိရေးလိုအပ်ချက်များကို ကမ္ဘာတစ်ဝန်းလုံးသိရှိစေရန် ဆောင်ရွက်ခြင်းလည်း ဖြစ်သည်။ ယခုနှစ်  ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ကြီးက ကမ္ဘာ့စားနပ်ရိက္ခာနေ့အတွက်ဆောင်ပုဒ်ကို   ထွက်ကုန်မြှင့်တင်တိုးထုတ်လျှင် ကောင်းမွန်ပြည့်၀ အာဟာရ၊ ဝန်းကျင်လှပတို့ဘဝ၊ လူတိုင်းစေ့ငရရှိကြ ''Leave no one behind; Better Production, Better Nutrition, Better Environment and Better Life'' ဟူ၍ သတ်မှတ်ခဲ့သည်။  ဆောင်ပုဒ်၏အဓိပ္ပာယ်ကို  ခြုံငုံလေ့လာပါက စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုထုတ်လုပ်ခြင်းဖြင့် လူတိုင်းသာတူညီမျှ ကောင်းမွန်ပြည့်ဝသော  အာဟာရကိုယ်စီရရှိစေနိုင်မည့် အခြေအနေကို မီးမောင်းထိုးပြထားသည်ကို တွေ့ရှိရသည်။ 

စားနပ်ရိက္ခာ    ဖူလုံစွာရရှိရေးသည် အခြေခံအကျဆုံးသော  လူ့အခွင့်အရေးတစ်ရပ်ဖြစ်သည်။ မြန်မာတို့သည် ]]ထမင်းအသက်ခုနစ်ရက် ရေအသက်တစ်မနက် ဆိုစကားကိုထောက်ရှုကြည့်ပါက လူတစ်ဦးသည် အစာအာဟာရမရှိလျှင် ခုနစ်ရက်ထက်ပို၍ အသက်ရှင်သန်နိုင်စွမ်းမရှိမှုကို ရည်ညွှန်းထားသည်။ ထိုအစာအာဟာရသည်   လူတစ်ဦးကျန်းမာသန်စွမ်းမှုကို အထောက်အကူပြုသည်။ သို့ဖြစ်၍ စားနပ်ရိက္ခာလိုအပ်ချက်   ကွက်လပ်များကို ဖြည့်ဆည်းရမည်ဖြစ်သည်။ ဆာလောင်မွတ်သိပ်မှုဒဏ် ခံစားနေရသူအများစု၏ ဆန္ဒအာသီသကို မဖယ်ရှားသင့်ပေ။

စားနပ်ရိက္ခာလိုအပ်မှု ပြဿနာများ ပေါ်ပေါက်ရခြင်းသည် ပဋိပက္ခနှင့်စစ်ပွဲများ၊  ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၊ နည်းစနစ် လွဲမှားသော    စိုက်ပျိုးရေးအလေ့အထများ၊ လူဦးရေအဆမတန် တိုးပွားလာမှုနှင့် ဆင်းရဲမှုအခြေအနေများကြောင့်ဖြစ်သည်။  အဆိုပါပြဿနာကို ဖြေရှင်းရန်အတွက်   ကျေးလက်ဒေသလယ်ယာလုပ်ငန်းခွင်များတွင်  ဆတက်ထမ်းပိုးစိုက်ပျိုးလုပ်ကိုင်ရန်  လိုအပ်ပေသည်။ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မှုဖြင့် ရွှေ့ပြောင်းသွားလာအလုပ်လုပ်ကိုင်မှု အခြေအနေများလည်း လျော့ကျသွားနိုင်သည်။   စားနပ်ရိက္ခာဖူလုံရေး ကျောထောက်နောက်ခံ   ပြုထားသည့် ကျေးလက်ဒေသ လူမှုစီးပွားဘဝများလည်း စဉ်ဆက်မပြတ်   ဖွံ့ဖြိုးတိုးတက်စေနိုင်သည်။

သို့ဖြစ်ရာ စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ အခြေခံအကြောင်းရင်းများ   ဖြစ်သည့် ရာသီဥတုညီညွတ်မျှတရေး၊ စိမ်းလန်းစိုပြည်သော  သဘာဝပတ်ဝန်းကျင်နှင့်ဂေဟစနစ်ဖြစ်ပေါ်ရေးမှာ ကမ္ဘာပြည်သူပြည်သားအားလုံး၏ တာဝန်ဖြစ်သည်။

မမျှော်မှန်းနိုင်သော ဘေးအန္တရာယ်အသွယ်သွယ်နှင့် စားနပ်ရိက္ခာလိုအပ်ချက် ကွက်လပ်ကို ဖြည့်ဆည်းရန်အတွက် လူသားအားလုံး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်း၊ ပိုမိုကောင်းမွန်သော  စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ထူထောင်ခြင်း အစရှိသော လုပ်ငန်းများကို  အမျိုးသားရေးအမြင်၊ တက်ကြွသောဆောင်ရွက်မှုများဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် အကောင်းဆုံးပူးပေါင်း ပါဝင်ကြပါစို့ဟု တိုက်တွန်းလျက် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စားနပ်ရိက္ခာနေ့ကို

ဂုဏ်ပြုရေးသားလိုက်ရပါသည်။   ။

ထက်ဝေအောင်(စစ်ကိုင်း)